ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ် ထကျောင်းမှ တစ်ဆင့်ပြောင်းရွှေ့လာသည့် ကျောင်းသူ/ကျောင်းသားများကို လက်မခံကြဘူးဟု ကျောင်းသားမိဘနှင့် ကျောင်း ဆရာ/မ များက ပြောသည်။
ကိုယ်ထူကိုယ်ထကျောင်းမှ ထွက်သည့် ကျောင်းသူကျောင်းသားများသည် တရားမဝင်သည့် ကျောင်းမှ လာသည် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းအချို့က လက်မခံကြသလို လက်ခံသည့် ကျောင်းများ တွင်လည်း အတန်းတစ်တန်း လျှော့ချပြီးမှ တက်ခွင့်ပေးကြောင်း ကျောင်းဆရာ/မများ၏ ပြောဆိုချက်အရ သိရ သည်။
ကျုံဒိုးဒေသရှိ ကျောင်းဆရာမတစ်ဦးက “ကျမတို့ ကိုယ်ထူကိုယ်ထကျောင်းက ထွက်ရင် သူတို့က တရား မဝင် ဘူး။ လက်ခံလို့မရဘူး ပြောတာရှိတယ်။ ပြီးတော့ အတန်းပေးမတင်ဘူး။ အရည်အချင်း မမီဘူးဆိုပြီး ပြော တာရှိတယ်။ တချို့က နားလည်မှုယူပြီး လက်ခံတဲ့ကျောင်းရှိတယ်။ လက်မခံတဲ့ ကျောင်းလည်းရှိတယ်။ ကျမ တို့ ကျောင်းဆိုရင် ကိုယ်ထူကိုယ်ထပေမယ့်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေမှာမို့လို့ KNU မြို့နယ်မှာ ကျောင်းထွက်လက်မှတ်ထုတ်တယ်။ အဲဒီကျောင်းထွက် လက်မှတ်နဲ့က တချို့က လက်မခံဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းမှ လက်မခံသည့်အတွက် ကျောင်းသူ၊ ကျောင်းသား အချို့သည် မြို့ ပေါ်ရှိ ကိုယ်ပိုင်ကျောင်းများတွင် ပြန်လည်ပြောင်းရွှေ့ရကာ ကိုယ်ပိုင်ကျောင်းများတွင်လည်း ဝင်ခွင့်အောင်ပြီးမှ သာ တက်ခွင့်ရသည်ဟု ကျောင်းသားမိဘများက ပြောသည်။
“ကလေးတွေက ကိုဗစ်နဲ့ ကျောင်းအောက်ထားတယ်။ ပြီးတော့ စစ်အာဏာသိမ်းတော့လည်း ကျောင်းမတက်ရ ဘူး။ အတန်းကလည်း ကြီးလာပြီးဆိုတော့ မနှစ်က ရွာကကိုယ် ထူကိုယ်ထ ကျောင်းမှာပဲထားတယ်။ ဒီနှစ်က မြို့မှာ အစိုးရကျောင်းမှာ သွားထားမယ်ဆိုတော့ လက်မခံဘူးပြောတော့ ကိုယ်ပိုင်ကျောင်းမှာ သွားပြန်ထား ရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ကေအိုင်စီသို့ပြောသည်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲရှိ ယခင်အစိုးရလက်အောက်ခံ စာသင်ကျောင်းအများစုသည် စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ပညာရေးအောက်တွင် စာသင်ကျောင်းများ မဖွင့်တော့ဘဲ အများစုမှာ ကိုယ်ထူကိုယ်ထ ကျောင်းအနေဖြင့်သာ ကျောင်းဆက် လက်ဖွင့်ကြခြင်း ဖြစ်သည်။
ထို့အပြင် စစ်အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အစိုးရ စာသင်ကျောင်းအချို့သည် ကေအဲန်ယူ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) အုပ်ချုပ်မှုအောက်တွင် ပြန်ဝင်လာသည့် စာသင်ကျောင်းများ ရှိသလို အချို့မှာ ကိုယ်ထူကိုယ်ထကျောင်း အဖြစ်နှင့်သာ ရပ်တည်ကာ ကျောင်းဆရာ/မများကို ကျေးရွာက ထောက်ပံ့ပေးထားရသည်။