တအာင်းလက်နက်ကိုင်အဖွဲ့က ကြိုးဝိုင်းနယ်မြေသတ်မှတ်

တအာင်းလက်နက်ကိုင်အဖွဲ့က ကြိုးဝိုင်းနယ်မြေသတ်မှတ်

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်၊ ရှားပါး တိရစ္ဆာန် နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရန်အတွက် သစ်တောကြိုးဝိုင်း နယ်မြေများ သတ်မှတ်ပြီး လုပ်ဆောင် နေသည်ဟု ပြောသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ဒေသအတွင်းရှိ အဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်အောင် နယ်မြေရယူလိုမှုနှင့် လုပ် ဆောင်ခြင်းမျိုး မဟုတ်ပဲ ဒေသခံများအပေါ် ကျရောက်လာနိုင်သည့် ရေပြတ်လပ်မှု ပြဿနာများနှင့် အခက်အ ခဲများကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု - ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ဒီဟာရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့အတွက် ကျနော်တို့ မြေဦးထားတာ လဲ မဟုတ်ဘူး။ ကျနော်တို့ မြေယူ ထားတာလဲ မဟုတ်ဘူးပေါ့နော။ ဒါက ကျနော်တို့ ထိန်းသိမ်းမယ်ဆိုတာလဲ ဒီ ရွာသားတွေ ဒေသခံ တွေအတွက်ပဲ ကျနော်တို့က ရေရှည်နောင်လာမယ့်ဟာကို စိန်ခေါ်မှုတွေ ကျော်လွှားနိုင် အောင် ကျနော်တို့က ဆောင်ရွက်ပေးတာ ဖြစ်တယ်။ အဖွဲ့အနေနဲ့ သိမ်းတာလည်း မဟုတ်ဘူး။ ကျေးရွာတွေ အတွက် ကျနော်တို့ ထိန်းသိမ်းတာပဲ ဖြစ်တာပေါ့။ ဒီလူမျိုးရေး ပဋိပက္ခ စိုးရိမ်ကတော့ အဲ့လိုမျိုး ဆိုလိုတာက တော့ အဲလိုမျိုး ဒီလူမျိုး တစ်ခုနဲ့ တစ်ခုနဲ့ အဲလိုမျိုးနဲ့ ရည်ရွယ်ပြီးမှ လုပ်တာလဲ မဟုတ်ဘူး” ဟုပြောသည်။

သစ်တော ကြိုးဝိုင်းနယ်မြေများ သတ်မှတ်ရန်အတွက် ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက ဒေသခံများနှင့် တွေ့ဆုံ ကာ ပညာပေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အရောက်မှာတော့ လုပ်ငန်းအကောင် အထည်ဖော်နိုင် ခဲ့သည်ဟု PSLF/TNLA က ပြောသည်။

“ကြိုးဝိုင်းနဲ့ အနီးစပ်ဆုံးကျေးရွာ ပိုင်ဆိုင်တဲ့ မြေပိုင်လို့ပြော လို့ရတာပေါ့။ ကျနော်တို့ ခေါ်ပြီးမှဆွေးနွေး တယ်။ ဆွေးနွေးပြီးမှ သူတို့ရဲ့ သဘောထားနဲ့ ကျနော်တို့ လိုချင်တဲ့ ပုံစံကျနော်တို့ရှင်းပြတယ်။ အဲမှာသူတို့က သဘောတူ ညီလို့ရှိရင် ကျနော်တို့က ဒီကြိုးဝိုင်းကို ကျနော်တို့က သတ် မှတ်တာဖြစ်တယ်။ ၂၀၂၀ -၂၁ လောက် ကတည်းက စပြီးတော့ ကျနော်တို့ ဒီဟာကို ကျနော်တို့က လုပ်တယ်။ ပြီးခဲ့တဲ့ နှစ်လောက်က ကျနော်တို့စပြီးမှ ကြိုးဝိုင်း သတ်မှတ် တည်နေရာကို ကျနော်တို့ ဆိုင်းဘုတ်တွေ၊ ဧရိယာတွေဘေးမှာ ဆိုင်းဘုတ်တွေ တင်တယ်။ ဆိုင်း ဘုတ်တွေ ချိတ်ဆွဲထားတယ်။ သူ့ရဲ့ စည်းကမ်းချက်တွေ ရော ကျနော်တို့ အဲလိုမျိုးသွားပြီးတော့မှ ဆိုင်း ဘုတ်တွေကပ်တာ ရှိတယ်” ဟု ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

ထိုသို့ လုပ်ဆောင်နေသည့် အခြားတစ်ဖက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တပ်ဖွဲ့ဝင်များက PSLF/TNLA က သတ်မှတ်ထားသည့် မိုးမိတ်နှင့် မန်တုံမြို့နယ်ထဲရှိ သစ်တောကြိုးဝိုင်း ဧရိယာအတွင်းက ဆိုင်း ဘုတ်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လာရောက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်များကို ကိုးကားပြီး PSLF/TNLA က ပြောသည်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်ဖက် အဖွဲ့ အစည်းများ၏ သက်ဆိုင်ရာ ဒေသအလိုက် ဆက်ဆံရေး ရုံးများကနေ ဆွေးနွေး လုပ်ဆောင်သွားရန် ပြီးခဲ့ သည့် မေလ ၁၆ နှင့် ၁၇ ရက်က ပြုလုပ်သည့် PSLF/TNLA နှင့် KIO/KIA တို့ တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူ ခဲ့ကြသည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ် မှူးကြီး နော်ဘူ က ပြောသည်။

ထို ဆွေးနွေးပွဲကို KIO/KIA ထိန်းချုပ်ရာ  မိုင်ဂျာယာန်မြို့တွင် ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြပြီး PSLF/TNLA ဖက် က တွေဆုံဆွေးနွေးရေးအတွက် ဖွဲ့စည်းထားတဲ့ ကော်မတီအဖွဲ့နှင့် KIO/KIA ဖက်က  ဖွဲ့စည်းထားသည့် တွေ့ဆုံ ဆွေးနွေးရေးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု  KIO/KIA က ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “အဲဒါတွေလည်း ပြန်ပြီးမှ ညှိနှိုင်း ပြန်ပြီးမှ အချင်းချင်း ဖြေရှင်းပြီးမှ အခုက တော့ ဆက် လက်ပြီးမှ အဲဒါတွေ ပြဿနာတွေ မရှိအောင် ကျနော်တို့ပေါ့နော ဥပမာ ဆက်ဆံရေးရုံး ဆက်သွယ် ရေးရုံးအရာ ရှိ အဲဒါနဲ့ထိ တွေ့ပြီးမှ အဲဒါနဲ့ ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ကျနော်တို့ သဘောတူထားတာ ဖြစ်ပါ တယ်” ဟု ပြောသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုးမိတ်နှင့် နမ္မတူ စသည့်မြို့နယ် ၄ မြို့နယ်တွင် ကြိုးဝိုင်းသစ်တောမြေများကို သတ်မှတ်လုပ်ဆောင် နေသည်ဟု ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော် က ပြောသည်။

ထိုသို့ လုပ်ဆောင်နေခြင်းသည် ဒေသအတွင်းရှိ လူမျိုးစု တိုင်းရင်းသားများအကြားတွင် ပဋိပက္ခဖြစ်စေ သည့် ရည်ရွယ်ချက် ဖြင့် လုပ်ဆောင်နေခြင်းမျိုးမဟုတ်ပဲ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်၊ ရှားပါး တိရစ္ဆာန် နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု PSLF/TNLA က ဆိုသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...