မြို့ပြထိပါ လှုပ်ရှားလာတဲ့ တအာင်းတပ် TNLA

မြို့ပြထိပါ လှုပ်ရှားလာတဲ့ တအာင်းတပ် TNLA

နန်းနောင့်နောင့် — စစ်ဝတ်စုံ လက်နက် အပြည့်အစုံနဲ့ မြို့ပြကို ဦးတည်ပြီး အားမာန်နဲ့ ချီတက်လာကြသလို တချို့ကလည်း သစ်ပင် အောက်မှာ ထိုင်ခုံ နဲ့ ထိုင်နေတဲ့သူတွေလည်း တွေ့မြင်ရပါတယ်။

ဒီမြင်ကွင်းကတော့ သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာမြို့ဖြစ်တဲ့ လားရှိုးမြို့ အနီးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့က ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ချီတက် လာတာပဲ ဖြစ်ပါတယ်။

TNLA စစ်သားဟာ လားရှိုးမြို့ ဧရိယာထဲကို အခုလို လက်နက်အပြည့်အစုံ၊ စစ်ဝတ်စုံနဲ့ ထင်ရှားပေါ်လွင်အောင် လာတာ မရှိခဲ့ဖူးပါဘူး။

အလားတူ မေ ၁၁ ရက် မနက် အာရုံတက်ချိန် (၄) နာရီဝန်းကျင်ကလည်း TNLA တပ်သားတွေဟာ လားရှိုးမြို့ပေါ် သို့ တက်လာပြီး တအာင်း (ပလောင်) လူမျိုးတွေသာမက သျှမ်းလူမျိုးတွေပါ စစ်သားသစ်စုဆောင်း ခေါ်ဆောင် သွားခဲ့ ပါသေးတယ်။

လားရှိုးမြို့ပေါ်သို့ ထွက်ပြေးနေထိုင်တဲ့ တအာင်း လူငယ်တစ်ဦးက “TNLA တွေ အရင်က လားရှိုးမြို့ပေါ် စစ် ဝတ်စုံအပြည့်နဲ့ တက်လာတာတော့ မရှိဘူး။ ဒီလို တက်လာတဲ့ကိစ္စ စဥ်းစားစရာပါပဲ။ နောက်တခုက တအာင်း တပ်ထဲ စစ်သားမလုပ်ချင်လို့ မြို့ပေါ်ထွက်ပြေးလာတာကို လားရှိုးမြို့ပေါ်ထိ လာဖမ်းတာကတော့ လွန်တယ်” လို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တိုင်းမှာ အသက်ပြည့်ပြီးတဲ့ အမျိုးသားတိုင်းဟာ စစ်မှုထမ်းရမယ်ဆိုတဲ့ ပေါ်လစီ ရှိထားကြပြီး၊ ခေတ်လူငယ် အချို့ဟာ မိသားစုစားဝတ်နေရေး ကိစ္စတွေကြောင့် စစ်မှုထမ်းဖို့ စိတ်မဝင်စားကြဘဲ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသလို အများစုဟာ ၂၀၁၆ ခုနစ် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့  (၂) ခုဖြစ်တဲ့ TNLA နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့ပေါ်နဲ့ လားရှိုးမြို့ပေါ်သို့ ထွက်ပြေးလာကြတာ အခုထိတိုင်ပါပဲ။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူး တားအိုက်ကျော် က“ဒီသတင်းကို ကျနော်ကြားမိပါတယ်၊ လားရှိုးမြို့ အထိ ရောက်နေတာကိုရော၊ တပ်သားစုဆောင်းတာက ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေထဲမှာ လုပ်ဆောင်တာ တော့ ရှိပါတယ်။ ကျနော်တို့ ပေါ်လစီအရ အသက်ပြည့်ပြီးတဲ့သူတိုင်း စစ်မှုထမ်းရပါမယ်။ ခေါ်တဲ့ အချိန်မှာ လည်း ကျနော်တို့ တအာင်း လူမျိုးကိုပဲ ခေါ်ပါတယ်၊ မဟုတ်တဲ့သူကို မခေါ်ပါဘူး” လို့ သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ ပါတယ်။

သျှမ်းပြည်မြောက်ပိုင်းဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးဇုံ တည်ရှိတဲ့ နေရာတစ်ခုဖြစ်သလို တဖက်မှာလည်း တရုတ်ပြည်သို့ သွယ်တန်းတဲ့ ရွှေဂတ်စ်ပိုက်လိုင်းကြောင်းကလည်း ရှိတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အဲ့ဒေသ တလျောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား သွားလာလှုပ်ရှားသလို စစ်ကောင်စီ လက် အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေလည်း ကျင်လည်တဲ့ ဒေသဖြစ်ပါတယ်။

စစ်အာဏာသိမ်းယူပြီး နောက်ပိုင်းမှာ သျှမ်းပြည်အတွင်းက မူရင်းရှိနေပြီးသား လက်နက်ကိုင် တပ်ဖွဲ့ တွေ အပြင် အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန်နေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့  PDF တွေကလည်း ပေါ် ပေါက်လာပါတယ်။

ဒါပမယ့် TNLA တပ်ဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အင်အားပိုကြီးလာပြီး လားရှိုးမြို့ပေါ်၊ နမ့်ခမ်းမြို့ ပေါ်ထိ စစ်အင်အား လာပြမှုတွေလည်း ရှိပါတယ်။

“နမ့်ခမ်းမြို့မဈေးထဲကို TNLA က လက်နက်အပြည့်အစုံနဲ့ ၂ ရက် ဆက်တိုက်ဝင်လာတယ်၊ ပြီးတော့ သေနတ် ပစ်ဖောက်တာလည်း ရှိတယ်၊ မြို့ထဲထိ ဝင်လာနိုင်ပြီး သေနတ်ဖောက်တာ နောက် ဆက်ကြေးကို ဆက်တိုက် ကောက်တာတွေဟာ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး ပိုကြီးတယ်။ စိတ်မလုံခြုံဘူးပေါ့။ အခု ဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်း မသိတော့ဘူး” လို့ နမ့်ခမ်းဒေသခံ စိုင်းစော (နာမည်လွဲ) က TNLA တပ်ဖွဲ့ နမ့်ခမ်းမြို့ပေါ် ရောက်လာကြောင်းကို ပြောပြပါတယ်။

နမ့်ခမ်းမြို့ပေါ် TNLA တပ်ဖွဲ့ စစ်ကြောင်း ချီတက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း စစ်ကောင်စီရဲ့ နမ့်ခမ်းမြို့မ ရဲစခန်း၊ တပ်စခန်းတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို စစ်ကောင်စီ ဂိတ်တွေ ၊ တပ်စခန်းတွေ ရှိနေပေမဲ့ တားမြစ်ဟန့်တားမှု တစ်စုံတစ်ရာမရှိပဲ TNLA တပ်ဖွဲ့ တွေဟာ နမ့်ခမ်းမြို့ပေါ် မြို့မဈေးထဲကို လက်နက်ကိုင် အပြည့်အစုံနဲ့ ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

ထုန့်မောဝ်ဒေသလို့ ခေါ်တဲ့ ရွှေလီမြစ်ဝှမ်း မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ နမ့်ခမ်း မြို့နယ်၊ မူဆယ်မြို့နယ် စတဲ့ မြို့ရွာတွေ ဘက်မှာ TNLA တပ်ဖွဲ့က ပြည်သူ့နေအိမ်ထဲ ဝင်ရောက်နေထိုင်တာ  လမ်းမကြီးတွေမှာ စောင့်ကြပ် အခွန်တောင်းတာ၊ စစ်ရှောင်စခန်းတွင်းပါ ဝင်ရောက်နေထိုင် ဆက်ကြေး တောင်း လာတာတွေရှိနေပါတယ်။

စိုင်းဖက “အရင်တုန်းက တစ်နှစ်တစ်ခါ ပုံမှန်ကြေး အခွန်ဆောင်တာတော့ ရှိပါတယ်။ အခုက မိုင်းဝီး  စစ်ရှောင် စခန်းမှာပါ ဆန်တောင်းတာ၊ မြို့တွေထဲ လိပ်စာကဒ် ဝေပြီးတော့ အခွန်ဆောင်ခိုင်းတာ၊ လမ်းမပေါ် စောင့်ပြီး ပိုက်ဆံ တောင်းတာတွေက အာဏာသိမ်းပြီးမှ ဖြစ်လာတာ” လို့ ပြောပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တဲ့ TNLA ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လက်ရှိ PSLF/TNLA ဗိုလ်မှူးချုပ် တာဘုန်းကျော် အပါအဝင် တအာင်း လူငယ်တွေနဲ့ ဖွဲ့စည်း တည်ထောင် လာခဲ့တာ ဖြစ် ပါတယ်။

လက်ရှိမှာဆိုရင်တော့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ် မတော် (PSLF/TNLA) ဟာ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့နဲ့ NCA သဘောတူ လက်မှတ်ရေး ထိုးထားခြင်း မရှိသလို စစ်ကောင်စီကနေ ဖိတ်ခေါ်ကမ်းလှမ်းလာတဲ့ တွေ့ဆုံဆွေးနွေးမှုကိုလည်း ပယ်ချခဲ့တဲ့ တပ်ဖွဲ့ဖြစ် ပါတယ်။

TNLA တပ်ဖွဲ့ဟာ လူငယ်ခေါင်းဆောင်တွေ တပ်ဖွဲ့ဖြစ်တဲ့အလျောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နဲ့ တိုက်ပွဲ ပေါင်း ၄၂၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနစ်အတွင်းမှာတော့ RCSS နဲ့တိုက်ပွဲ ၂၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ နဲ့ တိုက်ပွဲပေါင်း ၆ ကြိမ်သာ ဖြစ်ခဲ့ တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့ကြောင့် သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီ နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ တိုင်းရင်းသား အချင်းချင်းဖြစ်ပွားတဲ့ တိုက်ပွဲထက် နည်းနေပါတယ်။

အခုနှစ်အတွင်းမှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ နည်းတူ တရုတ်အထူးကိုယ်စားလှယ် နှင့် တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ထက်မနည်း ရှိခဲ့ပြီးတော့ တရုတ်တို့က မြန်မာစစ်တပ်အား မတိုက်ခိုက်ဘဲ ဆွေးနွေးရန် တိုက်တွန်းပြော ဆိုမှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “သျှမ်းပြည်မှာ သိသာထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုက တရုတ်ရဲ့ နိုင်ငံခြားရေးရာဝန်ကြီး လာပြီးတဲ့နောက်ပိုင်းမှာ ညီအစ်ကိုသုံးဖွဲ့  ညီနောင်သုံးဖော်ဖြစ်ကြတဲ့ ကိုးကန့်တို့၊ တအာင်းတွေ FPNCC ထဲမှာပါဝင်တဲ့ အဖွဲ့တွေကို စစ်ကောင်စီတပ်တွေ နဲ့ မတိုက်ဖို့ ဖိအားပေးသွားတယ်လို့ ကျနော်တို့က ယူဆပါတယ်” လို့ ဆိုပါတယ်။

တရုတ်နယ်စပ်အနီး လှုပ်ရှားမှုရှိရာ  တရုတ်နဲ့ ဆက်ဆံရေးကောင်းရန် လိုအပ်တဲ့အတွက် PSLF/TNLA က စစ်ကောင်စီ နဲ့ တိုက်ပွဲ မဖြစ်ဖို့ မီးစင်ကြည့်ကနေရသလို တစ်ဖက်တွင်လည်း စစ်အေးချိန် စစ်အင်အားဖြည့် တင်းမှု လုပ်ဆောင်နေတဲ့ အကြောင်းကို ဦးသန်းစိုးနိုင်က အခုလို ဆက်လက်ပြောဆိုထားပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့က တိုက်ပွဲမရှိရင် တပ်သားတောင်းတာတို့၊ အခွန်တောင်းတာတို့ ကတော့ တိုက်ပွဲမရှိရင် ထုံးစံအတိုင်းပဲ များလာလိမ့်မယ်ဗျ၊ စစ်ရေးလှုပ်ရှားမှု မရှိဘူးဆိုလို့ရှိရင်တော့ ဒီလို လုပ်တာ ရှိပါတယ်။ ဖြစ်လေ့ ဖြစ်ထ သဘောကတော့ အဲ့ဒီလို ရှိပါတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။

ထို့အပြင် PSLF/TNLA ရဲ့ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ယခုကာလအတွင်း တိတိလင်းလင်း လုပ်ဆောင်ဖော်ပြ ချက်ဟာ တအာင်းပြည်နယ် ရရှိရေးလည်း ဖြစ်နေပါတယ်။

သို့သော်လည်း လက်ရှိ မြေပြင် အခြေအနေအရ TNLA တပ်ဖွဲ့ဟာ တရုတ် နဲ့ ပုံမှန်ဆက်ဆံရေး မပျက်စေဘဲ စစ် ကောင်စီ နဲ့ ထိုးစစ် မဆင်နိုင်သလို မြေပြင် ထိန်းချုပ်မှု ဧရိယာကိုလည်း မချဲ့နိုင်သေးတဲ့အတွက် ကိုယ်ပိုင်ထိန်း ချုပ်နယ်မြေ အပြည့်အဝ ရရှိနိုင်ရန် လိုအပ်နေသေးတယ်လို့  ဦးသန်းစိုးနိုင်က ဆက်ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရပ်တည်ချက်အပေါ် သက်ရောက်မှုက တော်တော် များများ မူတည်နေကြောင်း International Crisis Group ( ICG)  အဖွဲ့က တိုင်းရင်းသားအရေး စောင့်ကြည့် လေ့လာသူ အကြီးတန်း အတိုင်ပင်ခံ သောမတ်စ်ကိန်းက ပြောပါတယ်။

သောမတ်စ်ကိန်းက “TNLA မှာဆိုရင် ဒါက ထင်ရှားပါတယ်။ တော်လှန်ရေးမှာ ကူညီဖို့ အခြေခံလူထုက ဖိအား ပေးတယ်၊ ဒါပေမယ့် တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်မလဲဆိုတာ စိုးရိမ်လို့ ဒီလို ထောက်ခံကူညီနေတာကိုလည်း ပေါ်ပေါ်ထင်ထင် မပြဘူး။ ဒီလိုကြားမှာ ရပ်တည်နေတဲ့ အဖွဲ့တွေကို အနီးကပ် စောင့်ကြည့်ဖို့ လိုမယ်ထင်ပါ တယ်။ သူတို့က စစ်အုပ်စုနဲ့လည်း တရားဝင် ဆွေးနွေးတာမျိုး မရှိဘူး။ တဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့ တွေကို အတိုင်းအတာတခုအထိ သင်တန်းပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် NUG နဲ့ အနီးကပ်ပူးပေါင်း တာမျိုးတော့ မရှိပြန်ပါဘူး” ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွားခဲ့မယ် ဆိုရင် ပြည်တွင်းဘက်ရှိနေတဲ့ မြန်မာ - တရုတ် နယ် စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုပါ ထိခိုက်လာနိုင်တဲ့အတွက် တရုတ်က တားမြစ်ထားရတဲ့ အကြောင်း ဦးသန်းစိုးနိုင်က အခုလိုပြောဆို သုံးသပ်ထားပါတယ်။

“TNLA နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုရင် တရုတ်က သူတို့ရဲ့ ဒေသအတွင်း ရှိနေတဲ့ အကျိုးစီးပွားတွေ ကို မထိခိုက်ဖို့ အဓိကပါပဲ။ အဲ့ဘက်မှာ ဆိုရင် အဓိကက ရေနံပိုက်လိုင်းရှိမယ် ပြီးတော့ တရုတ် - မြန်မာ ကုန်သွယ် ရေး လမ်းကြောင်းဖြစ်တဲ့ မူဆယ် - မန်းလေး ကားလမ်း ဆက်ဆံရေးတွေ ရှိတာပေါ့။ အဲ့ဒီ ဆက်ဆံရေးတွေ ထိ ခိုက်သွားနိုင်တယ်။ TNLA ဘက်ကလည်း တရုတ်ကို မှီခိုနေရတာရှိတော့ ဒါတွေက နားလည်မှု ယူထားရတယ်” လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိ အချိန်ကာလတွင် NUG၊ PDF စတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးတွဲပြီး စစ်ရေးအရ စစ်တပ်ကို တိုက်ခိုက်ပါက စစ်ရေးအကျိုးအမြတ် ရရှိနိုင်သော်လည်း တရုတ် နှင့် အကျိုးတူ ပူးပေါင်းမှု လျော့ကျနိုင်တဲ့ အတွက် TNLA တပ်ဖွဲ့က ငြိမ်နေရကြောင်း ပြောဆိုသုံးသပ်ကြပါတယ်။

သျှမ်းပြည် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် သျှမ်းပြည်လူထုအပေါ်ကိုတော့ စစ်သားသစ်ကောက်ယူတာတွေ၊ ဆက်ကြေး ကောက်ယူမှုတွေက ပိုပြီး မြင့်တက်လာမှုကြောင့် ပြည်သူတွေဟာ အကြွေးနွံထဲက နစ်နေကြပါတယ်။

ခေတ်အခြေအနေ မကောင်းတဲ့ကြား ဘုံရန်သူမတိုက်ခိုက်ဘဲ တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်နေတာတွေ ကြောင့် သျှမ်းမြောက်ပြည်သူတွေ စစ်ရှောင်နေရသလို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေး စစ်ရေး မျှော်မှန်းချက်ဟာ လက်ရှိ အခြေအနေမှာ ရှေ့ကို မရောက်ဘဲ ပြည်သူကိုသာ ဒုက္ခပိုကြီးလေးစေတဲ့ ပုံစံဖြစ်နေ ပါ တယ်။

ဒု-ဗိုလ်မှူး တားအိုက်ကျော် က “သျှမ်းမြောက်ပိုင်းက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလည်း များပြားတော့ အချင်းချင်းကြားမှာလည်း  နားလည်မှု နဲ့ လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါမှသာလျင် ကျနော် တို့ ပြည်သူတွေက သက်သာငြိမ်းချမ်းမယ်။ ကျနော်တို့ တပ်ဖွဲ့ပေါ်လစီအတိုင်းပဲ လုပ်ဆောင်နေလျက်ရှိ ပါ တယ်” လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် TNLA ရဲ့  မြို့ပြထိ စစ်ရေးအင်အားချီတက်လာတဲ့ပုံရိပ်၊ တပ်သားသစ်ကောက်ယူတာတွေဟာ မြို့ပေါ် နေ ပြည်သူတွေအတွက် တုန်လှုပ်ခြောက်ခြားလာစေပြီး၊ တအာင်းလူမျိုးမဟုတ်တဲ့သူတွေအတွက်တော့ စိုးရိမ်မှု တွေနဲ့ နေထိုင်နေရပါတယ်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...