CDM ထပ်မရှိရေး စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်မှုတွေရှိလာ

CDM ထပ်မရှိရေး စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်မှုတွေရှိလာ

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားတွေ ပါဝင်လာတာ ပိုမိုများလာတာနဲ့ အမျှ စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ CDM အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်း တပ်တွင်းပျော်ပွဲရွှင်ပွဲတွေနဲ့ ဖြေလျော့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဧပြီ နှောင်းပိုင်မှာ စစ်ကောင်စီတပ်ကနေ CDM လုပ်လာသူတွေ ပိုမိုများလာခဲ့တာ ဖြစ်ပါတယ်။

တပ်တွင်း စောင့်ကြည့်လေ့လာသူ တစ်ဦးက “မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေကို သိမ်းထားတယ်။ တချို့ တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ တပ် တွင်းထဲမှာပဲ သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေကို ပြောင်းခိုင်း ထားတာရှိတယ်။ ရွေးကောက်ပွဲ အကြောင်း ပြချက်နဲ့ ပြောင်းခိုင်းထားပြီး အဲဒါတွေအကုန်လုံးကို တပ်ကသိမ်း ထားတယ်။ ဒါကနံပါတ်တစ်ပေါ့။ နောက်နံပါတ် နှစ်က ဘယ်သူ့ကိုမှ ခွင့်မပေးတော့ဘူး။ အပြင်သွားလာခွင့်တွေ ဘာတွေ မပေးတော့ဘူး။ အရာရှိတွေကိုယ်တိုင် ကိုတောင် အပြင်သွားတဲ့အခါမှာတောင် သူကတစ်ယောက်ထဲ သွားခွင့်မပေးတော့ဘူး။ နှစ်ယောက်သို့မဟုတ် သုံးယောက် အဲဒီလိုပဲသူတို့ကသွားခွင့်ပေးတယ်။ သွားတဲ့အခါမှာ လည်း အထက်လူကြီးကို အသိမပေးအကြောင်း မကြားဘဲ သွားခွင့်မပြုဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တပ်ပြေးနဲ့ CDM လုပ်တဲ့နှုန်းကို ထိန်းချုပ်နိုင်ဖို့ တပ်တွင်းမှာ မှတ်ပုံတင်နဲ့ အိမ် ထောင်စုစာရင်းတွေ သိမ်းဆည်းထားတာအပြင် တပ်တွင်းကနေ အပြင်မထွက်ဖို့ ကန့်သတ်မှုတွေပါ လုပ်ဆောင် လာတယ်လို့ တပ်တွင်း စောင့်ကြည့်လေ့လာသူက ပြောပါတယ်။

“ကျွန်တော်တို့ဆီရောက်လာတဲ့သူတွေရဲ့ပြောပြချက်အရ လမ်းတစ်ဘက်က ဆိုင်တောင်မှ ရိုးရိုးရဲဘော်တွေကို ဆိုရင် တပ်နဲ့မျက်နှာချင်းဆိုင်က ဆိုင်ကိုတောင် သွားခွင့် မပေးဘူး။အရာရှိလောက်ပဲသွားခွင့်ရှိတဲ့အထိ တင်း ကြပ်ထားတာတွေပေါ့နော်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တချို့တပ်ဖွဲ့ဝင်တွေကို တပ်တွင်းလစာထုတ်မပေးတာတွေအထိ လုပ်ဆောင်နေသလို တပ်မိသားစုဝင်တွေကိုလည်း နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်ကန့်သတ်တာတွေ လုပ်ဆောင်နေတယ်လို့ တပ်တွင်း စောင့်ကြည့်လေ့လာသူက ပြောပါတယ်။ စစ်ကောင်စီက အခုလို တပ်တွင်းဖိနှိပ်မှုတွေ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်ကနေ CDM လုပ်လာတဲ့ သူတွေနဲ့ CDM လုပ်ဖို့ ဆက်သွယ်လာသူတွေ ပိုမိုများလာတယ်လို့ ဆိုပါတယ်။



လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ကနေ ထွက်ခွာလာသူတွေကို ပြည်သူ့ပန်းတိုင်၊ ပြည်သူ့ရင်ခွင်၊ ပြည်သူ့ သားကောင်းနဲ့ မေမေ့ရင်ခွင်အဖွဲ့တွေအပြင် ဒေသတွင်းအဖွဲ့အစည်းတွေက တာဝန်ယူ လက်ခံနေတာဖြစ်ပါ တယ်။

သင်္ကြန်အပြီး တစ်လအတွင်း မေမေ့ရင်ခွင်အဖွဲ့ကိုပဲ CDM ဝင်လာသူဟာ (၁၂) ဦးနဲ့အထက် ရှိနေတဲ့အပြင် တပ် ပြေးအဖြစ်နဲ့ တိမ်းရှောင်နေသူတွေရှိနေသလို လွတ်မြောက်နယ်မြေတွေမှာခိုလှုံနေသူတွေလည်း ရှိနေတယ်လို့ မေမေ့ရင်ခွင်အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့အထိ တိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကောင်စီလေတပ်ကတော့ လက် ရှိအချိန်မှာ CDM ဝင်ရောက်လာတာ အနည်းဆုံး အခြေအနေဖြစ်နေတယ်လို့ ပြည်သူနဲ့ ပူးပေါင်းထားတဲ့ လေတပ် CDM တပ်ကြပ်ကြီး ထက်နိုင်အောင်က ပြောပါတယ်။

“ကျွန်တော်တို့လေတပ်မှာက သုံးပိုင်းရှိတယ်။ အုပ်ချုပ်ရေးအပိုင်းရယ်၊ စက်မှုလက်မှုအပိုင်းရယ်၊ ပျံသန်းရေး အပိုင်းရယ်။ အဲဒီထဲကမှ ထွက်လာနိုင်တာက အုပ်ချုပ်ရေးပိုင်းကတပ်တွေပဲရှိမယ်။ ပညာအရည်အချင်းရှိတဲ့ စက်မှုလက်မှုတပ်တွေ၊ ပျံသန်းရေးကလိုလူတွေကတော့ သိရဲ့သားနဲ့ ကိုယ်ကျိုးအတွက် မထွက်လာဘူး။ အုပ် ချုပ်ရေးအဖွဲ့က လူတွေကတော့ ပညာအရည်အချင်းနည်းကြတယ်။ ဆင်ခြင်သုံးသပ်မှုအားနည်းကြတယ်။ နည်းကြတဲ့အချိန်မှာမှ သူတို့ဝါဒမှိုင်းမိနေတယ်။ ဒီဘက်ကသတင်းတွေ အဲဒီဘက်ထိထိရောက်ရောက် ရောက် မယ် ဆိုရင်တော့ အုပ်ချုပ်ရေးဘက်ကလူတွေအမြင်မှန်ရပြီးတော့ ထွက်လာနိုင်တာရှိတယ်” လို့ ပြောပါတယ်။

နိုင်ငံတဝန်းမှာ နေ့စဉ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ မြို့ပြတော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသလို လူမသိဘဲ ထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိနေ တာပါ။

စစ်ကောင်စီတပ်ဟာ အဲ့ဒီလိုအခြေအနေတွေကြောင့် တပ်တွင်းဖိနှိပ်မှုတွေ လုပ်ဆောင်နေတာ ဖြစ်သလို တပ် တွင်း အင်အားနည်းလာတာနဲ့ စိတ်ဓာတ်ပျက်ပြားလာမှုတွေလည်း ရှိနေတယ်လို့ CDM အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး CDM ဝင်လာသူတွေကို ထိုက်တန် တဲ့ ဆုကြေးငွေ ပေးအပ်ချီးမြှင့်မယ်လို့ ပြောဆိုတာတွေရှိထားပြီး အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ပြည်သူနဲ့ အတူ ပူးပေါင်းထားတဲ့ စစ်သားနဲ့၊ ရဲ CDM စုစုပေါင်း နှစ်သောင်းဝန်းကျင်အထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါ တယ်။

ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ CDM တွေရှိပေမယ့် စစ်ကောင်စီတပ်ကို ပြန်လည်ဝင်ရောက်သွားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တဲ့ အတွက် နောက်ပိုင်းမှာ အဆင့်ဆင့် စိစစ်လက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ NUG က ဆိုထားပြီး ဘယ် အချိန်မှာ CDM ဝင်တာကို ပိတ်သွားမယ်ဆိုတာတော့ တိတိကျကျ ပြောထားတာမရှိသေးပါဘူး။

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...