ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ထောင်တွင်းမှာ မကြာခဏ ဖျားနာတာတွေ ဖြစ်နေတယ်လို့ မိသားစုဝင်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒေါက်တာခလမ်ဆွန်ဟာ ၅ လအတွင်းမှာ အဆုတ်အအေးပတ်တဲ့ ပုံစံမျိုး ချောင်းဆိုး၊ ရင်ကျပ်နဲ့ ဖျားနာတာမျိုး မကြာခဏ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။
မိသားစုဝင်တွေအနေနဲ့ လူချင်းတွေ့ခွင့်မရသေးပေမယ့် ဆေးနဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ပါးလို့နေရတယ်လို့ သိရပြီး လက်ရှိဆရာဝန်တွေ ညွှန်ကြားပေးတဲ့ ဆေးတွေသောက်ပြီး သက်သာလာပေမယ့် ချောင်းဆိုးရင်ကျပ် တာတွေ ဖြစ်နေသေးတယ်လို့ မိသားစုဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“တွေ့ခွင့်တော့မရဘူး။ ပစ္စည်းတွေတော့ ပါးလို့ရတယ်။ ဆေးတွေ ပို့လို့ရတယ်။ အဆုတ်မကောင်းဘူး။ ဘယ်လို ဖြစ်သွားလဲ မသိဘူး။ ခဏခဏ ဖျားနေတယ်။ ခဏခဏ အအေးမိနေတယ်။ အထူးသဖြင့်က အဆုတ် မကောင်းတော့ တစ်ခါတလေ ကိုက်ခဲတာ၊ ချောင်းဆိုတာ၊ ရင်ကျပ်တာ ပုံမှန် ဖြစ်နေတယ်” လို့ မိသားစုဝင် တစ် ယောက်က ပြောပါတယ်။
လက်ရှိအချိန် ချောင်းဆိုး၊ ရင်ကျပ် ပျောက်ဆေးတွေ သာမက သွေးကျဆေး၊ သွေးတွင်းအဆီများတာ- ကိုလက် စထရောများတာ၊ ကိုလိုရိုက်သတ္ထုဓါတ်များတာတွေ အတွက် ဆေးတွေမှီဝဲနေရပြီး ဖျားနာတာတွေ ပျောက်ကင်း အောင် ဆုတောင်းကူပေးကြ ဖို့ကိုလည်း အထက်ပါ မိသားစုဝင်က အခုလို ဆက်လက်ပြောပါတယ်။
“အိမ်မှာဆိုရင်တော့ အနီးကပ်ပြုစုလို့ရတယ်။ အခုနည်းနည်း သက်သာပြီလို့တော့ ပြောတယ်။ ဒါပေမယ့် သိတဲ့ အတိုင်းပဲ ချောင်းဆိုး၊ ရင်ကျပ်တာက တစ်ခါဖြစ်ပြီဆိုရင် အရမ်းခက်တယ်။ စစ်ကြောရေးကာလမှာ အခုလို လွတ်မြောက်လာတယ် ဆိုတာကလည်း ပြည်သူတွေ ဆုတောင်းပေးလို့ လွတ်တာလို့ သူ (ဒေါက်တာ ခလမ်ဆမ် ဆွန်)က ပြောတယ်။ အခုလည်း သူအခုလို ဖျားနေတာ၊ ဆက်ပြီးတော့လည်း ပါဝင်ဆုတောင်းကူကြပါ” လို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားရုံးကနေ အပြီးသတ် တရားစီရင်ချိန်မှာ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ထားတာ ဖြစ်ပြီး အဲဒီအမှုတွေအတွက် ခရိုင်တရားရုံးမှာ အယူခံဝင်ပေမဲ့ ပယ်ချခံလိုက်ရပါတယ်။
ခရိုင်ရုံးကနေ အယူခံပယ်ချလိုက်ပေမယ့် ပြည်နယ်တရားရုံး၊ ပြည်ထောင်စု တရားရုံးချုပ်အထိ အဆင့်ဆင့် လုပ် ဆောင်နိုင်သေးတယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက ဆိုပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ပုဒ်မ ၁၇-၁နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂-ကအတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော်ကနေ တရားလိုပြုလုပ်ပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇-၁ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုခဲ့တာပါ။ ဒါ့အပြင် မတ်လ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက်ပုဒ်မ ၅၂-က နဲ့ပါ ထပ်တိုး တရားစွဲဆို ခံခဲ့ရပါတယ်။
၂၀၂၂ခုနှစ် ဇန်နဝါရီလထဲမှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို သွားရောက် တွေ့ ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပုဒ်မ ၁၇-၁၊ အာရှနိုင်ငံအတွင်းက လူငယ်ဆွေးနွေးပွဲတစ်ခုမှာ ‘ခရစ္စတော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဝေမျှတဲ့အချိန်မှာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ စကားလုံးအသုံးအနှုန်းတွေ တွေ့ရတယ်ဆိုပြီး ပုဒ်မ ၅၀၅-က တို့နဲ့ တရားစွဲဆို ထောင်ချခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီ သမ္မ တ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပညာရေး ဒုဝန် ကြီး ဒေါ်ဂျာထွယ်ပန်တို့နဲ့ သွားရောက်တွေ့ဆုံတယ် ဆိုပြီး ပုဒ်မ ၅၂-ကနဲ့ တရားစွဲဆိုခံခဲ့ရတာ ထောင်ချခဲ့တာ ဖြစ် ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဘက် ဆေးစစ်ဖို့ သွားတဲ့ အချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံလိုက်ရတာလည်း ဖြစ်ပါတယ်။