ယမန်နေ့က တိုက်ခတ်သွားသည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်ရှိ တိန်ညို စစ်ဘေးရှောင် စခန်းမှာ စခန်း တစ်ခုလုံးပျက်စီးသွားပြီး တိန်ညိုကျေးရွာ အတွင်းတွင်လည်း အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်။
၎င်းတိန်ညိုစစ်ဘေးရှောင်စခန်းသည် အိမ်ထောင်စု (၇၇၃)စု ၊ လူဦးရေ (၂၈၆၄)ဦး ခိုလှုံနေသည့် စစ်ဘေးရှောင် စခန်းတစ်ခုဖြစ်သည်။
အဆိုပါ တိမ်ညိုစစ်ဘေးရှောင်စခန်းသည် ၂၀၂၁ ခုနှစ်တွင် မီးဘေးဒဏ်ခံခဲ့ရ၍ ပြန်လည်တည်ဆောက်ထားရ သည့် စစ်ရှောင်စခန်းတစ်ခုလည်း ဖြစ်သည်။
လက်ရှိမှာ နေထိုင်စားသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး မနက်ဖြန်တစ်ရက်အတွက်သာ ရိက္ခာ ကျန် ရှိတော့သဖြင့် အရေးပေါ် သောက်ရေသန့်နှင့် စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးကျော်မြင့်က ပြောသည်။
“လက်ရှိအဆင်ပြေသလို ရှိတဲ့သူရှိ၊ မရှိတဲ့သူမရှိ ဝေငှပြီးစားနေကြပါတယ်။ ဒီနေ့တစ်ရက်၊ မနက်ဖြန်တစ်ရက် ဆို ရှိတော့မယ်မထင်ပါဘူး။ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။
ထို့အပြင် တိန်ညိုကျေးရွာအတွင်းမှ နေအိမ်များမှာလည်း ပျက်စီးသွား၍ စစ်ဘေးရှောင်များနှင့် ကျေးရွာသား များမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။
ထို့ကြောင့် စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေ၍ ကူညီကယ်ဆယ်ရေးအမြန်လုပ်ဆုံး လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု တိန်ညိုကျေးရွာသားတစ်ဦးက ပြောသည်။
အလားတူ စစ်တွေမြို့ပေါ်ရှိ သာသနိကအဆောက်ဦ၊ နေအိမ်နှင့် တခြား အဆောက်အအုံပေါင်းများစွာမှာ အမိုး ပွင့်ကာ ယိုင်နဲ့ပျက်စီးနေမှုများကို တွေ့ရသော်လည်း စစ်တွေမြို့နှင့် ဖုန်းလိုင်း အဆက်သွယ် ပြတ်တောက် နေ၍ ပျက်စီးဆုံးရှုံးမှု မည်မျှရှိသည်ကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။
မုန်တိုင်းတိုက်ခတ်ပြီးစီး၍ အစိမ်းရောင်အဆင့်သတ်မှတ်ပြီးနောက် ယနေ့မနက်ပိုင်းတွင် မြင်တွေ့ရသည့် စစ်တွေ မြို့ ဓာတ်ပုံများတွင် စစ်တွေကမ်းနားလမ်းမှ ကွန်ကရစ်ဘောင်များမှာ မုန်တိုင်း ဒီရေရိုက်ခတ်မှုကြောင့် အစိပ်စိပ် အမြွှာမြွှာ ပြန့်ကြဲပျက်စီးနေသည်ကိုလည်း တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မာန်အောင် နှင့် တောင်ကုတ် စသည့်မြို့နယ်များတွင် ဘုရား၊စေတီ၊ ကျောင်းဆောင်များအပြင် အများသုံး ဆေးရုံ၊ ဆေးခန်းများ၊ စာသင် ကျောင်းများ၊ စျေးများ နှင့် နေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများသည်ကို တွေ့ရသည်။