စစ်တွေ အိန္ဒိယဆိပ်ကမ်းသစ် စတင်လည်ပတ်

စစ်တွေ အိန္ဒိယဆိပ်ကမ်းသစ် စတင်လည်ပတ်
ဓာတ်ပုံ - Soe Win Naing
ဓာတ်ပုံ - Soe Win Naing

အိန္ဒိယအစိုးရက တည်ဆောက်ထားသော ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း အစိတ်အပိုင်း ဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းကို ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်း ၉ နာရီကျော်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မေလ ၄ နေ့က အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တား (ကာလကတ္တား) ဆိပ်ကမ်းမှ ထွက်ခွာလာသည့် ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောကြီးသည် စစ်တွေဆိပ်ခံ တံတားပေါ်၌ ဆိုက်ကပ်ပြီး အိန္ဒိယ - မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်အောင်က “အခု ရခိုင် ပြည်နယ်နဲ့ အိန္ဒိယကြား တိုက်ရိုက်ကုန်သွယ်ခွင့်ရတဲ့ အခြေအနေကတော့ ကောင်းတာပေါ့။ ဒါပေမယ့် အလုပ် ဖြစ်ဖို့ပဲ လိုတယ်။ ချက်ချင်းတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဟိုဘက် ဒီဘက် ဖြေလျော့မှုတွေ အများကြီးလုပ်ရဦး မယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးပါဝင်လာနိုင်အောင် လုပ်ဖို့လိုတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံမှ သင်္ဘောနှင့် ရေကြောင်းလမ်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Shantanu Thaler၊ အိန္ဒိယသံ အမတ်ကြီးနှင့် အရာရှိများ၊ မြန်မာဘက်မှ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည် နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် ရခိုင်စီးပွားရေးလုပ်ငန်း ရှင်များပါ တက်ရောက်ခဲ့ကြသည်။

လက်ရှိ အနေအထားအရ ရခိုင်ပြည်နယ်မှ ထွက်ကုန်များမှာ အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်မည့် အရည်အသွေး မရှိ ခြင်းက အာဏာပိုင်များနှင့် ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အားနည်းချက်ဖြစ်နေကြောင်း ရခိုင် စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်သည်။

ရခိုင်စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “အစိုးရရော၊ ကုန်သည်ပိုင်းမှာပါ ဒီဆိပ်ကမ်းပွင့်လာရင် ငါတို့ အတွက် ဘယ်လို စီးပွားရေးအခွင့်အလမ်း ဖြစ်လာမလဲဆိုတာကို လေးလေးနက်နက် မမြင်ခဲ့တာကို တွေ့ရ တယ်။ ကိုယ်တို့ဘက်က မတ်ပဲ၊ ပဲစင်းငုံတို့ ထွက်လာအောင် စနစ်တကျစီစဉ်ပြီး စိုက်ပျိုးမထုတ်လုပ်နိုင်ခဲ့တာက ရခိုင်ပြည်မှာရှိတဲ့ အစိုးရနဲ့ ကုန်သည်စီးပွားရေးသမားတွေရဲ့ အားနည်းချက်လို့ မြင်တယ်” ဟု ပြောသည်။

ကုလားတန်စီမံကိန်း၏ မူလရည်မှန်းချက်ဖြစ်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ ဆက် သွယ်သွားလာနိုင်ရေးမှာ နီးကပ်လာနေပြီဖြစ်သဖြင့် အိန္ဒိယဘက်က ယခုအခြေအနေကို ကျေနပ်နေမည်ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းခိုင်က ပြောသည်။

“အိန္ဒိယဆိပ်ကမ်း ဖွင့်လှစ်နိုင်တာက တကယ်ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတဲ့သက်ရောက်မှု ရှိဖို့ဆိုတာ က ဒီအပေါ်မှာ အစိုးရရဲ့စေတနာက ဘယ်လောက်ထိရှိမလဲ၊ ပြည်သူတွေအကျိုးစီးပွားအပေါ် ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမလဲဆိုတာ သံသယဖြစ်မိတယ်။ ဟန်ပြသဘောမျိုး မလုပ်ဖို့လိုတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်တွေ-အိန္ဒိယ ဆိပ်ကမ်းသည် နိုင်ငံတကာအသိမှတ်ပြု ကုန်သွယ်နိုင်သည့် ဆိပ်ကမ်းတစ်ခု ဖြစ်လာသည်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရည်ရွယ်ချက်မှာ ကာလကတ္တား ဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်အသုံးပြု၍ ချင်းပြည်နယ်၊ ပလက်ဝအထိ ရေ လမ်း၊ ပလက်ဝဆိပ်ကမ်းမှ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ခြမ်းဒေသကို ဆက်သွယ်ပေးနိုင်ရေး ဖြစ်သည်။

လက်ရှိတွင် ပလက်ဝ - မီဇိုရမ်ကားလမ်းကိုလည်း အကောင်အထည် ဖော်နေပြီဖြစ်သည်ဟု ဆိုသည်။

ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း တစ်ခုလုံးအတွက် အိန္ဒိယနိုင်ငံဘက်က စီမံကိန်းအတွင်း အမေရိကန် ဒေါ်လာ (၄၈၄) သန်း ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရသည်။

Most read this week

လေးဝတီ (သံတွဲ) စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့
November 18, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နေရပ်စွန့်ခွာ စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့်ပတ်သက်...
November 18, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးပဋိက္ခပြင်းထန်နေသော ရခိုင်ဒေသအတွင်း ကလေးလုပ်သား...
အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...