ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့ (WFP) က ပေးမယ့် အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက် တွေကို လွိုင်ကော်မြို့တွင်းမှာ မေလပထမပတ်အတွင်း လက်ကမ်းစာစောင်ဖြန့်ဝေနေတာ ရှိတယ်လို့ လွိုင်ကော် မြို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
WFP ဟာ ယခင်က လွိုင်ကော်မြို့ပေါ်တွေမှာ အမည်နဲ့ နေရပ်လိပ်စာ အိမ်ထောင်စုစာရင်းတွေကိုသာ အဓိက ကောက်ယူပြီး ရိက္ခာအထောက်အပံ့ကို ထုတ်ဝေပေးခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေလာတဲ့အတွက် ပိုတိကျအောင် ဆောင်ရွက်သွားတဲ့ သဘောမှာရှိနေတယ်လို့ လွိုင်ကော် ဒေသခံတွေက ပြောပါတယ်။
“ဆန်ကတော့ လိုချင်တာပါပဲလူတိုင်း ၊ နောက်ခေတ်က ကြပ်တည်းလာတော့ မလိုအပ်တဲ့ သူရယ်လို့လည်း မရှိလောက်ပါဘူး။ ပေးတော့လည်းယူ မပေးတော့လည်းမယူရုံပေ့ါ” လို့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါ တယ်။
သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက် နှစ်ဆင့်ရှိပြီး အဲဒီထဲက တစ်ဆင့်ကိုတစ်ချက် ကိုက်ညီရင် WFP က သတ်မှတ် ထားတဲ့ လျှောက်လွှာကို လာရောက်ဖြည့်ပြီး ရိက္ခာရရှိနိုင်ဖို့ လျှောက်လွှာတင်နိုင်တယ်လို့ သိရပါတယ်။
စံသတ်မှတ်ချက်တွေထဲက ပထမအဆင့် သတ်မှတ်ချက်တွေကတော့ ပုံမှန်ဝင်ငွေမရှိပဲ ကျပန်း အလုပ် လုပ် ကိုင်နေရတဲ့ အိမ်ထောင်စုနဲ့ ပုံမှန်ဝင်ငွေ တစ်လ တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀) ကျပ်အောက်ရရှိပြီး မိသားစုဝင် ၄ ယောက်နဲ့ အထက်ရှိတဲ့ အိမ်ထောင်မိသားစုတွေ ဖြစ်ပါတယ်။
ဒုတိယ အဆင့်သတ်မှတ်ချက်တွေကတော့ မသန်စွမ်းရှိသော အိမ်ထောင်စု၊ ကိုယ်ဝန်ဆောင် (သို့မဟုတ်) ၆ လ အောက် ကလေးနို့တိုက်မိခင်ရှိသော အိမ်ထောင်စု၊ အမျိုးသမီး (သို့မဟုတ်) ကလေး ဦးဆောင်ပြီး လုပ်ကိုင် စား သောက်နေရတဲ့ အိမ်ထောင်စု၊ စီးပွားဖြစ် ပစ္စည်း ပိုင်ဆိုင်မှုမရှိသူ (သို့မဟုတ်) အနည်းငယ်သာရှိတဲ့ အိမ်ထောင်စု၊ သက်ကြီးရွယ်အို (သို့မဟုတ်) ကလေးများသာရှိတဲ့ အိမ်ထောင်စု စတဲ့ သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။
စစ်ဘေးရှောင်အိမ်ထောင်စုတွေကို WFP ကနေ ပိုမိုဦးစားပေး ရွေးချယ်ပေးသွားမယ်လို့လည်း လက်ကမ်း စာစောင်မှာ ဖော်ပြထားပါတယ်။
“စစ်ဘေးရှောင်မိသားစု မရတာမျိုးတွေလည်း အများကြီးပဲ။ နောက် ရပ်ကွက်တိုင်းလည်း မရကြတော့ပြန်ဘူး။ ကျနော်ဆို မရတာကြာပြီ ဘယ်လိုကြောင့် မရလဲ မသိသလို ဘယ်မှာ ဘယ်လိုပေးနေတာကို မသိတာပါ” လို့ လွိုင်ကော်ဒေသခံတစ်ဦးမှ ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ ရောက်ရှိနေကြတဲ့ တစ်နယ်တစ်ခြားမြို့က စစ်ဘေးရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးအိမ် တွေမှာ စစ်ရှောင်အဖြစ် သွားရောက်နေထိုင်ကြတာမျိုး ရှိနေပါတယ်။
WFP ကတော့ လစာဝင်ငွေ တစ်သိန်းနှစ်သောင်းကျပ်နဲ့ အထက်ရှိတဲ့ အိမ်ထောင်စု၊ ကိုယ်ပိုင်လုပ်ငန်းတွေရှိနေတဲ့ အိမ်ထောင်စု၊ လယ်ယာမြေ ၂ ဧကနဲ့ အထက်ရှိပြီး လုပ်ကိုင်စားသောက်ခွင့်ရနေတဲ့ အိမ်ထောင်စု၊ စီးပွားဖြစ် လုပ် ကိုင်စားသောက်လို့ရတဲ့ ပစ္စည်းတွေရှိတဲ့ အိမ်ထောင်စု၊ ပုံမှန်ဝင်ငွေမရှိပေမယ့် တခြားအဖွဲ့အစည်းရဲ့ အထောက် အပံ့ကို ရရှိနေတဲ့ အိမ်ထောင်စု၊ ပြည်တွင်းပြည်ပကို ရောက်ရှိနေတဲ့ မိသားစုအထောက်အပံ့တွေနဲ့ စားသောက် နေထိုင်နိုင်တဲ့ အိမ်ထောင်စုတွေကိုတော့ အထောက်အပံ့တွေကို ရရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“တကယ်လိုအပ်တဲ့ သူတွေ ရသွားရင်တော့ ဝမ်းသာပါတယ်၊ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ အချက်အလက် တွေကို သူတို့ ဘယ်လိုဖော်ထုတ်မလဲ။ တချို့လည်း အရမ်းခက်ခဲနေပေမယ့် သူတို့ သတ်မှတ်ထားတဲ့ အချက် တွေနဲ့ သွေဖယ်နေတာမျိုးလည်းရှိနိုင်တာပဲ” လို့ ဒေသခံတစ်ဦးမှ သုံးသပ်ထားပါတယ်။
WFP အနေနဲ့ အားလုံးလွှမ်းခြုံတဲ့ ကူညီမှုမျိုးကနေ အလိုအပ်ဆုံးသူတွေကို အကူအညီပေးအပ်တဲ့ ပုံစံမျိုးကို ပြောင်းလဲဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေတာရှိတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကန္တာရဝတီတိုင်း(မ်) ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါ တယ်။
WFP ဟာ ယခင်က လွိုင်ကော်မြို့ပေါ်တွေမှာ စစ်ရှောင်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ နဲ့ Non-food item (အစားအစာ မဟုတ်သော ပစ္စည်း) တွေကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။