ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ရှိ လျှပ်စစ်ပင်မထရန်စဖော်မာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီးနောက် မြဝတီမြို့တွင် ၅ လနီးပါးအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေ၍ လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်နေသည့် ဒေသခံပြည်သူများအနေဖြင့် ပိုမိုခက်ခဲလာမှုများရှိလာကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားကိုအသုံးပြု၍ လုပ်ကိုင်နေသည့် ပြည်သူများသည် မီးစက်၊ ဆိုလာပြားတို့ကို ပြန်လည်အသုံးပြုလုပ်ကိုင်နေရသောကြောင့် လုပ်ငန်းတွင်ကျယ်မှုမရှိသလို ကုန်ကျစရိတ်ပိုမို များပြာလာသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ကားဘော်ဒီဆေးမှုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ယခုလိုပြောသည်။
“အလုပ်ထဲမှာတော့ မီးစက်နဲ့ပဲအလုပ်လုပ်ရတာပေါ့။ မီးစက်ဆိုတော့ တစ်နေကုန်လည်း နှိုးလို့မနိုင်ဘူးလေ။ ဆီစျေးတွေကလည်းစျေးတက်နေတယ်။ ကျနော်တို့အလုပ်က လျှပ်စစ်မီးနဲ့ လုပ်ရတဲ့အလုပ်ဆိုတော့ အလုပ်လည်းမပြီးသလို တိုင်ပတ်တာပေါ့။ မီးမလာလေ အခက်အခဲပိုဖြစ်လေပဲ ။ မီးစက်က ပိုပြီးအကုန်အကျတွေ များသွားတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အချို့ သောမြဝတီမြို့ ခံပြည်သူများအနေဖြင့်လည်း ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားပေးထားသည့် နီးစပ်ရာနေရာများတွင်သာ သွားရောက် အသုံးပြုနေရကြောင်း ၎င်းကဆက်ပြောသည်။
အဆိုပါ ပျက်စီးသွားတော့ လျှပ်စစ်ပင်မဓါတ်အားလိုင်းကို ယနေ့အချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးသလို သွားရောက်ပြုပြင်ရဲသူများလည်း မရှိကြောင်းနှင့် တခြားသော လုပ်ငန်းရှင်တချို့မှာလည်း လုပ်ငန်းကိုပါ ရပ်နားထားရသည့်အထိ ခက်ခဲနေကြောင်း မြို့ခံများက ပြောသည်။
အင်္ကျီတံဆိပ်ရိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက “အင်္ကျီတံဆိပ်ရိုက်တာ ပုံတွေကို စက်နဲ့ အပူပေးရတယ်။ သဘာဝနဲ့ နေလှန်းရင် ပုံတွေရိုက်တာမလှဘူးလေ။ မီးမလာတာလည်း ကြာပြီးဆိုတော့ အလုပ်လည်း နားထားရတယ်” ဟု ပြောသေည်။
အလားတူ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုသည် ကရင်ပြည်နယ် မြဝတီမြို့တွင်သာမက ဖားအံ၊ မော်လမြိုင်စသည့် မြို့များတွင်လည်း လျှပ်စစ်ဓာတ်အားပုံမှန်မပေးပဲ လစဉ်မီးတာခ ကောက်ယူနေကြောင်း ဖားအံမြို့ခံ တစ်ဦးက ကေအိုင်စီသို့ပြောသည်။
၎င်းက “၂၄ နာရီမှ ၄ နာရီပဲမီးလာတယ်။ မီးလည်းလာတာမမှန်ဘူး။ ဒီနေ့မီတာစာရွက်လာကောက်တာ ၅ သောင်းကျော် တောင်ကျတယ်”ဟု ပြောသည်။
ထိုသို့ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် မီးပုံမှန်မရရှိကြသော်လည်း စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံး၊ စစ်ကောင်စီတပ်နှင့်နီးစပ်သည့်နေရာများတွင်မူ လျှပ်စစ်မီးပုံမှန်လည် ပတ်နေကြောင်း မြို့ခံများ ကပြောသည်။
လျှပ်စစ်ဓာတ်အား ၅ လနီးပါးပြတ်တောက်နေသည့် မြဝတီမြို့နှင့် အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေမှုနှင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြို့အတွင်းရှိ တစ်ချို့ဆိုင်ခန်းများပိတ်ထားရပြီး တိမ်းရှောင်နေရသည့်ဒေသခံများလည်း ရှိနေသေးကြောင်း မြို့ခံများထံမှ သိရသည်။
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် တိုင်းနှင့်ပြည်နယ်အလိုက် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားကို အကန့်အသတ်ဖြင့်သာ ပေးဆောင်တော့ မည်ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားလျက်ရှိသည်။