ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက တောင်သူဦးရေ ၈၀၀ နီးပါးလောက် လယ်ယာစိုက်ပျိုးရေးဘဏ်က ချေးထားတဲ့ လယ်ယာစိုက်ပျိုးစရိတ် ချေးငွေတွေကို အမြန်ဆပ်ဖို့ ဖိအားပေးခံနေရပြီး ပြန်ဆပ်နိုင်ဖို့အခက်အခဲ ဖြစ်နေကြပါတယ်။
အဲဒီချေးငွေတွေကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ချေးယူထားကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှာ ပြန်ဆပ်ရမှာဖြစ်ပေမဲ့ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အတွက် မဆပ်ဖြစ်ဘဲ အခုအချိန်အထိ ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ လီဒိုလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတစ်ရွာနေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“စိုက်ဘဏ်နဲ့ ဆိုင်တဲ့သူတွေကလည်း CDM လုပ်တဲ့သူကလုပ်၊ အားလုံးဖရိုဖရဲဖြစ်သွားတော့ ပိုက်ဆံသွားပို့မယ့်သူတွေက ဘယ်သူမှမရဲ၊ ထိန်းသိမ်းတဲ့သူတွေကလည်း ဘယ်မှာ သိမ်းရမလဲဆိုတာကလည်း ဖရိုဖရဲတွေဖြစ်နေတော့ နားလိုက်ပြီး ၂၀၂၂ မှ တစ်ခါပြန်ပြီးသူတို့ အတိုးကောက်ဖို့လုပ်တာ နိုင်ငံရေးကပိုရှုပ်လာတော့ ပြန်မကောက်တော့ဘဲ အခု၂၀၂၃ မှာ အားလုံးအပြီး ၃ နှစ်စာ အတိုးနဲ့ အရင်းနဲ့ ဆပ်ဖို့ပြောလာတာ ဟုတ်တယ်။”လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။
ချေးငွေဆပ်ဖို့ တောင်သူတွေ အဆင့်သင်လုပ်ထားတဲ့အချိန်မှာ မကောက်ခဲ့ကြဘဲ စိုက်ပျိုးရေးမဖြစ်ထွန်းလို့ အားလုံးခက်ခဲနေကြတဲ့ အချိန်ရောက်မှ ၃ နှစ်စာအတိုးအပြင် ဒဏ်ကြေးငွေအထိပါ မဆပ်မနေရပုံစံနဲ့ ဖိအားပေးကောက်ခံတာကြောင့် တောင်သူတွေအားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ လည်း ဆက်လက်ပြောပါတယ်။
ဒါအပြင် မနှစ်က ရာသီဥတုဖောက်ပြန်တဲ့အတွက် ခါတိုင်းနှစ်တွေထက် အထွက်နှုန်းလျော့သလို စပါးဈေးတွေ ကျသွားတဲ့အတွက် အဆင်မပြေမှုတွေ ကြုံနေကြရတယ်လို့ နောက်ထပ်တောင်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ချေးထားကြပြီဆိုတော့ ဆပ်ရတော့မယ်ဆိုပြီး ရွာကလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ မြို့နယ်ကို ဒီနှစ်တော့ အရမ်းအကြပ်အတည်း ဖြစ်တဲ့အတွက် အတိုးအမြတ်ကိုပဲ ထည့်ဖို့ပြောတာ လက်မခံဘူးဆိုတော့ ဒီနေ့က ဒဏ်ကြေးငွေက ပြန်ပါလာတော့ ဘယ်လိုမှ ထည့်နိုင်ဖို့(ဆပ်နိုင်ဖို့) ဘယ်သူမှမရှိဘူးပေါ့။” လို့ ဆိုပါတယ်။
တောင်သူတွေအားလုံးရဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ကို စိုက်/ဘဏ်မှာပဲ အပေါင်အနေနဲ့ ထားထားရပြီး ချေးငွေမဆပ်သူ တစ်ယောက်ရှိခဲ့ရင် တစ်ရွာလုံးကို ပုံစံ (၇) ပြန်မပေးဘူးလို့လည်း ပြောဆိုထားတဲ့အတွက် ဖိအားများနေရတယ်လို့လည်း ဆိုပါတယ်။
တောင်သူတွေအားလုံးက ဒီနှစ်စပါးစိုက်ဖို့ လယ်ကို စတင်ပြုပြင်ရမယ့်အချိန် ရောက်နေကြပြီ ဖြစ်ပေမယ့် ၈၀ ရာခိုင်နှုန်းလောက်က လယ်မဝင်နိုင်သေးဘူးလို့လည်း သိရပါတယ်။
လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ကိုင်ဆောင်ထားတဲ့ တောင်သူတွေကို မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကနေ နှစ်စဉ် လယ်တစ်ဧကကို ကျပ်တစ်သိန်းနှုန်းနဲ့ အများဆုံး ကျပ်သိန်း ၂၀ အထိ တစ်လကို အတိုး ၁ ကျပ်ခွဲနှုန်းနဲ့ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။