စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ၃ လအတွင်း နေအိမ် ၁၆,၀၀၀ ကျော် မီးလောင်ပျက်စီး

စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ၃ လအတွင်း နေအိမ် ၁၆,၀၀၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင်၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၆,၃၃၉ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ စာရင်းများအရ ဇန်နဝါရီလတွင် နေအိမ် ၄,၇၈၉ လုံး၊ ဖေဖော်ဝါရီလတွင် ၇,၁၅၈ လုံးနှင့် မတ် လတွင် ၄,၃၉၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်ဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG ၊ မီးသတ်ဦးစီးဌာနက ဆို ထားပြီး မီးရှို့ခံရမှုများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

နေအိမ်မီးရှို့ခံရမှုများမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ဇန်နဝါရီလတွင် နေအိမ် ၄,၂၇၁ လုံး၊ ဖေဖော် ဝါရီလတွင် ၆,၆၆၂ လုံး၊ မတ်လတွင် ၃,၁၀၇ လုံးဖြင့် သုံးလအတွင်း နေအိမ် ၁၄,၀၄၀ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ပြေးနေရတာ တစ်နှစ်ကျော်သွားပြီ။ တခြားရွာမှာ ကပ်နေရတာ။ အသိတွေအိမ်မှာ ဘေးမှာ အဖီလေးချပြီး တဲလေးထိုးနေရတာ။ အခက်အခဲကတော့ အများကြီးပဲ။ ကိုယ့်မှာ အိမ်လည်းမနေရ၊ ရွာမှာ လည်းမနေရဆိုတော့ ကလေးလေးတွေနဲ့၊ အလုပ်အကိုင်ကလည်း မလုပ်ဖြစ်တော့ဘူး။ နို့မှုန့်ဖိုးပဲ အခက် အခဲပါ။ အခုချိန်က သူများအိမ်ကပ်နေတာဆိုတော့ အဆင်ပြေအောင်နေရတာပဲ” ဟု ခင်ဦးမြို့နယ်၊ အင်းပတ် ကျေးရွာရှိ စစ်ဘေးရှောင် ကလေးမိခင်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းများနှင့် တောထဲ အရိပ်ရသည့် နေရာများ တွင် တဲထိုးပြီး နေထိုင်နေရသည်များလည်းရှိကြောင်း ခင်ဦးမြို့နယ်၊ KSO အဖွဲ့ထံမှ သိရသည်။

“ရွာကတော့ တော်တော်လေးကို ပျက်သွားပြီး နေမရတဲ့အခြေအနေပါ။ ပြီးကျတော့ ကွေ့မှာလည်း တပ်စွဲ ထားတာ။ ဘေးရွာက ရွာသစ်ကုန်းဆိုတာလည်း တပ်စွဲထားတာ။ အမြဲတမ်းလေ၊ လက်နက်ကြီးတွေနဲ့ သူတို့က မထင်ရင်မထင်သလိုထုတယ်။ ကျည်တွေနဲ့လည်းပစ်တယ်။ ပြည်သူတွေလည်း လက်နက်ကြီး မှန်တဲ့သူနဲ့ ကျည်ထိတဲ့သူနဲ့ အမြဲတမ်းသတင်းမှာ တက်နေတာပဲ။ ပြည်သူတွေလည်း မနေရတော့ မနေ ကြတော့ဘူး။ တခြားရွာတွေမှာပဲ တိမ်းရှောင်နေကြတော့တာ။ သက်ကြီးရွယ်အိုတွေဆို တအား သနား စရာကောင်းတာ”ဟု စစ်ဘေးရှောင်အမျိုးသမီးက ပြောသည်။

NUG ၊ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သုံးလအတွင်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှု ၃၃၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မီးရှို့သတ်ဖြတ်ခံရသူ ၇၉ ဦးရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ကာလအတွင်း ဘာသာရေးအဆောက်အဦ ၂၁ ခုနှင့် စာသင်ကျောင်း ၁၄ ကျောင်း ဖျက်ဆီးခံရ ကြောင်းလည်း သိရသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏နေအိမ် ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar ကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝန်း ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်တက်နေပြီး ပြည် တွင်း နေရပ်စွန့်ခွာရသူပေါင်း ၁ ဒဿမ ၇ သန်းကျော်ထဲမှ ၁ ဒဿမ ၄ သန်းနီးပါးသည် အာဏာသိမ်းပြီး နောက် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA Myanmar၏ ထုတ်ပြန်ချက် အရ သိရ သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...