ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ သဘာ၀ ချောင်းအချို့နှင့် ဒေသခံများ ပိုင်ဆိုင်သော တောင်ယာ၊ လယ်မြေများထဲတွင် လုပ်ငန်းရှင်များက ရွှေအလွန်အကျွံ တူးဖော်လုပ်ကိုင်နေသည်များကို ဒေသခံများက မလို လားကြသော်လည်း ခြိမ်းခြောက်မှုများရှိနေသောကြောင့် မကန့်ကွက်ရဲကြဘူးဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်မှ စတင်၍ ဆွမ်ပရာဘွမ် ဒေသအတွင်း ရွှေတူးဖော်မှုများ ရှိလာ ပြီးနောက် ယခု ၂၀၂၃ ခုနှစ်တွင် ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောသည်။
ရွာသားတစ်ဦးက “အစိုးရ အထက်အမိန့်နဲ့ လုပ်တယ်ဆိုတော့ ကျနော်တို့ ရွာသားတွေကကြောက်တာပေါ့။ ဆို တော့ ကြီးကြီးမားမား ကန့်ကွက်ဖို့လည်း မရဲဘူး။ ဆန္ဒပြဖို့လည်း မရဲဘူးလေ။ဒီလိုပဲ စိတ်ထဲမှာပဲ ခံစားပြီး၊ ခံ ရတော့လည်း ကျနော်တို့ ဒေသခံတွေပဲလေ။ သက်ဆိုင်သောအစိုးရမှလည်း ကန့်ကွက်ရင် အရေးယူမယ် ဆို တော့ ရွာသားတွေကလည်း ကြောက်တာပဲ သိတာပေါ့ မကန့်ကွက်ရဲဘူး ” ဟု ပြောသည်။
ထို့ကြောင့် ဆွမ်ပရာဘွမ် ဒေသရှိ ပြည်သူများသည် ယနေ့အချိန်ထိ မိမိတို့၏ ဒေသအတွင်းစက်ယန္တယားကြီး များ အသုံးပြုပြီး ရွှေအလွန်အကျွံ တူးဖော်နေမှုများကို မကန့်ကွက်ရဲကြဘူးဟုပြောသည်။
ထို့အပြင် ရွှေတူးဖော်နေကြသည့် လုပ်ငန်းရှင်များက ဒေသခံများ၏ တောင်ယာ၊ လယ်ယာများကိုအတင်း အဓမ္မ ရောင်းရမည်ဟု ပြောဆိုကာ ပိုက်ဆံပေးဝယ်ယူ လုပ်ကိုင်နေကြပြီး ငွေရေးကြေးရေးအခက်အခဲရှိသည့် အချို့ သော ဒေသခံများကမူ လုပ်ငန်းရှင်များထံ မြေရောင်းစားကြသူများလည်း ရှိနေသည်ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “အတင်းအဓမ္မပေါ့နော်။ လောပန်းတွေဘက်ကနေအစိုးရခွင့် ပြု ချက်နဲ့ ဟုတ်တယ်။ ဒီနေရာက မင်းတို့ရောင်းမယ် မရောင်းဘူးဆိုရင်လည်း အခုရွှေတူးဖော်ရတော့မယ်။ အဲ့ဒါ ကြောင့်မို့လို့ ပိုက်ဆံဘယ်လောက်လောက်ယူလိုက်ပါ ဆိုပြီး ပြောပြီး တူးကြတယ်” ဟု ပြောသည်။
အချို့ဒေသခံများက ၎င်းတို့၏ မြေယာများ ရွှေတူးဖော်မှုကြောင့် အလဟသတ်ဆုံးရှုံးသွားမည်ကိုစိုးရိမ်ပြီး မရောင်းချင်သော်လည်း ရောင်းလိုက်ရသူများပင်ရှိနေသည်ဟု ဆိုသည်။
ထို့အပြင် “သူတို့က မင်းတို့ ဘယ်လောက်ပဲကန့်ကွက် ကန့်ကွက် မရတော့ဘူး ဆိုတဲ့ ပုံစံလိုမျိုးပေါ့။ဒေသခံတွေ က တခြားဒေသက လူတွေလို ကန့်ကွက်ဆန္ဒထုတ်ဖော်တာမျိုး မလုပ်ရဲကြဘူး။တချို့ရွာသားတွေက တောင် ယာမြေတွေ လုပ်ကွက်တွေထဲ ရွှေတူးလာရင် ပါလာရင် ရောင်းလိုက်ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြော သည်။
လက်ရှိ ရွှေတူးဖော်မှု လုပ်ကိုင်နေသည့် နေရာများမှာ ဆွမ်ပရာဘွမ် ဒေသအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ရာ မလိခချောင်း၏ အနောက်ဘက်ခြမ်း နေရာများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် မလိခချောင်း ၏ အရှေ့ဘက်ခြမ်းနေရာများတွင် တူးဖော်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ဆွမ်ပရာဘွမ်ဒေသအတွင်း ရွှေတူးဖော်နေမှုများမှာ စစ်ကောင်စီအပြင် KIO အဖွဲ့၏ ခွင့်ပြုချက်များ ဖြင့်သာ လုပ်ကိုင်နေကြခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။ နှစ်ဖက်စလုံး၏ ခွင့်ပြုချက် တစ်စုံတစ် ရာ မရှိဘဲ အဆိုပါ နေရာများတွင် ရွှေတူးဖော်မှု လုပ်ကိုင်ရန် မဖြစ်နိုင်ဘူးဟုဆိုကြသည်။
၂၀၂၁ ခုနှစ်မှ စတင်၍ ယနေ့အချိန်ထိ လုပ်ကိုင်နေကြသည့် စက်ယန္တယားကြီးများ အသုံးပြုပြီးရွှေအလွန်အကျွံ တူးဖော်နေမှုများကြောင့် ဒေသအတွင်းရှိ သဘာဝအရင်းအမြစ်များ၊ ချောင်းများ၊ မြေယာများ ပျက်စီးတော့မည် ဟု ဒေသခံများက ပြောသည်။
ဒေသခံ တစ်ဦးက “ဒီရွှေတူးဖော်မှုကြောင့် အရင်က ကြည်လင်သန့်ရှင်းတဲ့ ချောင်းရေတွေ အခုတော့ရွှံ့ရေတွေ ဖြစ်ကုန်ပြီ။ ရေလည်း အနီရောင်ပြောင်းပြီး ရေထဲက ငါးတွေလည်း မရှိသလောက်ရှားပါးသွားပြီ။ မိုးရာသီ ရောက်ပြီဆိုရင်လည်း ရွှံ့တွေနဲ့ ခက်ခဲတယ်။ ပြီးတော့ တောင်ယာ၊ လယ်၊ အသီးအနှံ စိုက်ခင်းတွေ စိုက်ပျိုးရင် လည်း ရေခမ်းလာတော့ ရေမရှိတော့လို့ စိုက်ပျိုးမှုမဖြစ်ထွန်းလာဘူး။ ဒါတွေက ရွှေတူးဖော်မှုကြာင့် ဒေသခံ တွေ အဓိက ကြုံတွေ့နေရတဲ့ဆိုးကျိုးတွေပေါ့” ဟု ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စက်ယန္တယားကြီးများ အသုံးပြုပြီး ရွှေအလွန်အကျွံတူးဖော်နေမှုများကြောင့် ချောင်းရေများပင် အရောင်ပြောင်းလာနေပြီဟု လေ့လာစောင့်ကြည့်နေသည့် ဒေသခံများက ဆိုသည်။
ဆွမ်ပရာဘွမ် နယ်ခံများအနေဖြင့် ကြီးမားသော လှုံ့ဆော်မှု ဖြစ်သည့် လူစုလူဝေးဖြင့် ဆန္ဒပြခြင်း၊တာဝန်ရှိသူ များနှင့် သက်ဆိုင်ရာထံသို့ ကန့်ကွက်စာများ ပေးပို့သည်မျး မရှိသေးသော်လည်း၊
အချို့သော ဒေသခံများမှာ မိမိ တို့ ဒေသအတွင်းရှိ နေရာများတွင် ရွှေတူးဖော်မှု မလုပ်ကြဖို့ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ မြို့နယ် အစိုးရရုံးများ ထံ စာပေးပို့မှုများရှိသည်ဟု ဆိုကြသည်။
သို့သော်ယနေ့အချိန်ထိ စစ်ကောင်စီအပြင် KIO ဘက်ကလည်း တစ်စုံ တစ်ရာ ဖြေရှင်းပေးခြင်းမျိုးမရှိသေးဘူးဟု ဆိုသည်။
လက်ရှိ ရွှေတူးဖော်သော နေရာများမှာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ မလိခချောင်းမြစ်ရိုးတစ်လျှောက်နှင့် ခရန် ချောင်း (Hkrang Hka)၊ ဂျာထီချောင်း (Jahti Hka)၊ ဂျိန်မာချောင်း (JingmaHka)၊ ရှနိန်ချောင်း (Shaning Hka)၊ အင် ထန်းချောင်း (Nhtan Hka)၊ ဖုန်အိန်ချောင်း (Hpung Ing Hka)၊ ဖုန်ကျန်ချောင်း (Hpung Chyan Hka)၊ ဇနန်းချောင်း (Zanan Hka)၊ အင်ဘူချောင်း (Nbu Hka)၊လိုင်လွမ့်ချောင်း (Lai Lum Hka)နှင့် မုဒုချောင်း (Mu Du Hka) စသည့် နေရာတွင် ဖြစ်သည်။