စစ်ကောင်စီကိုဖြတ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာ ကရင်နီပြည်က စစ်ရှောင်တွေဆီကို ၅ ရာခိုင်နှုန်းသာရောက်ရှိတယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညား က ပြောပါတယ်။
“ ကျနော်တို့ ပြည်နယ်ကတော့ အရမ်းရှင်းတယ်။ ဒဲ့ပဲပြောချင်တာက စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့မှ စစ်ကောင်စီရဲ့ အလိုကျအတိုင်း စစ်ကောင်စီက ပေးဝေတဲ့ ဧရိယာပဲဆိုရင် IDPs အတွက် အလွန်ဆုံး ၅ ရာခိုင်နှုန်းပဲ လက်လှမ်းမီနိုင်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းကတော့ ဘယ်လိုမှလက်လှမ်းမီမှာ မဟုတ်ပါဘူး။ အဲဒါ ထိရောက်မှုကတော့ ပြောစရာမရှိဘူးပေါ့နော။ ဘားမှ ထိရောက်မှာမဟုတ်ဘူး။ ” လို့ KSCC ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညား က ပြောပါတယ်။
၂၀၂၂ခုနှစ် မေလကနေစပြီး ကရင်နီပြည်မှာ စားနပ်ရိက္ခာထောက်ပံ့ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း အဓိက လွိုင်ကော်မြို့က ပြည်သူတွေကို ထောက်ပံ့မှုပေးနေတာဖြစ်ပြီး WFPရဲ့ ဆန်တချို့ စျေးဆိုင်တွေမှာ ရောက်ရှိတာတွေလည်း ရှိခဲ့ပါတယ်။
(WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ရဲ့ ပြောကြားချက်အရကတော့ စစ်ဘေးရှောင်ပြည်သူတွေဟာ WFP ကထောက်ပံ့ထားတဲ့ ဆန်တွေကို သူတို့ရဲ့ တခြားလိုအပ်ချက်တွေအတွက် လဲလှယ်ကြတယ်လို့ ဆိုပါတယ်။
“ တချို့အကျိုးခံစားခွင့်ရှိသူတွေကတော့ အရေးပေါ်ကိစ္စတွေနဲ့ အရေးတကြီးလိုအပ်ချက်တွေ ဥပမာ ကျန်းမာရေးနဲ့ ကလေးအတွက် ပညာရေးအတွက်လိုမျိုး လိုအပ်တဲ့အခါ သူတို့ရရှိထားတဲ့ ဆန်ရိက္ခာတွေကို ပြန်လည်ရောင်းချကြပါတယ်။ ” လို့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကန္တာရဝတီတိုင်း(မ်)ရဲ့ မေးမြန်းမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖြေကြားထားတာ ရှိပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီကို ဖြတ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်း ၂၀ ဝန်းကျင်ရှိနေပြီး သူတို့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်သလို အားလုံးနဲ့ချိတ်ဆက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ ( KSCC ) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညား ဆက်ပြောပါတယ်။
ဒါ့အပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းတာကို ရပ်တန့်ပြီး ဒေသခံလူမှု အသင်းအဖွဲ့တွေနဲ့ တရားဝင်ချိတ်ဆက်လုပ်ဆောင်ဖို့ ကရင်နီပြည် အမျိုးသမီးအင်အားစုတွေက
ယမန်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ ထုတ်ပြန်ချက်ထုတ်ပြီးတောင်းဆိုထားပါတယ်။
“ လိုအပ်ချက်တွေကလည်း နေ့စဉ်နဲ့အမျှ လိုအပ်နေတဲ့အပေါ်မှာ ကူညီပေးနေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကလည်း စစ်ရှောင်အမျိုးသမီး၊ ကလေးတွေဆီမှာ ရောက်ဖို့လိုအပ်နေတယ်ပေါ့နော။ ဆိုတော့ ရောက်နိုင်ဖို့အတွက် စစ်ကောင်စီတွေနဲ့ပူးပေါင်းပြီး သွားနိုင် ကူညီတာမျိုးထက်စာလို့ရှိရင် ကိုယ့်ရဲ့ပြည်နယ်တွေမှာ အလုပ်လုပ်နေတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ တရားဝင်ချိတ်ဆက်ပြီးတော့မှ ကူမယ်ဆိုရင်တော့ ပိုထိရောက်မယ်။ ခံနေရတဲ့လူထုတွေအတွက် ပိုပြီးတော့မှ အကျိုးခံစားမှုထိရောက်မယ်ပေါ့။ သွယ်ဝိုက်ပြီးသွားတာထက်စာရင်ပေါ့နော။ ” လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး(၂) မော်ဖရေမြာက ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ရှောင်ကာလ ၂နှစ်နီးပါးကြာလာတာနဲ့ အမျှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပိုမိုလိုအပ်လာနေပါတယ်။ ကရင်နီမှာ စစ်ရှောင်ပြည်သူတွေကို ကူညီနေတဲ့ လူမှုအသင်းအဖွဲ့ပေါင်း ၇၀ ဝန်းကျင်ရှိပြီး လက်ရှိ စစ်ရှောင်တွေဟာ အဓိက အလှူရှင်တွေဆီကနေသာ စားနပ်ရိက္ခာကို မှီခိုနေကြရတာပါ။
ကာလကြာလာတာနဲ့အမျှ အလှူရှင်ရရှိမှု နည်းပါးလာတဲ့အတွက် စစ်ရှောင်မိသားစုတချို့တွေမှာ ဆန်ရိက္ခာပြတ်လပ်လာတာတွေ ကြုံတွေ့နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။
“ ကျနော်တို့မှာဆို ပြတ်လပ်မှုတွေအရမ်းများတယ်ပေါ့နော်။ ဒီမှာဆို ကျနော်တို့ဆန်တစ်အိတ်ကို အနည်းဆုံး ၇ သောင်းနှုန်းနဲ့တောင် ကျနော်တို့ ဝယ်စားနေရပြီပေါ့နော။ အဲ့လိုမျိုးအခြေနေဖြစ်နေပြီဆိုတော့ ကျနော်တို့ကနောက်ပိုင်းဆိုရင်တော့ ဒီထက်တော့ ကျနော်တို့လည်း အများကြီးတော့ လုပ်နိုင်မယ် မလုပ်နိုင်ဘူးဆိုတာတော့ခဏပြောသလိုမျိုး အလှူရှင်တွေဝင်တဲ့အပေါ်မှာလည်း အများကြီးကြည့်ရမှာပေါ့နော။ “ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
စစ်ရှောင်တွေဆီ ရိက္ခာပို့ဆောင်တဲ့နေရာမှာ စစ်ကောင်စီဂိတ်တွေကို ဖြတ်ရတဲ့အတွက် အတားအဆီးတွေရှိနေပြီး တိုက်ပွဲပိုမိုပြင်းထန်လာတဲ့အတွက် လမ်းကြောင်းပိတ်တာတွေနဲ့လည်း ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
၂၀၂၂ခုနှစ်မှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို က နေရာအနည်းငယ်လောက်သာ လယ်ယာစပါးစိုက်ပျိုးနိုင်ပြီး တစ်ပြည်နယ်လုံး စပါးစိုက်နိုင်တဲ့ စိုက်ဧကရဲ့ ၃၅ရာခိုင်နှုန်းအောက်သာရှိတဲ့အတွက် လာမယ့် စစ်ရှောင်ကာလတွေမှာ အခက်အခဲတွေ ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။
ကရင်နီမှာ စစ်ရှောင် ၂နှစ်နီးပါးကာလအတွင်း စစ်ရှောင် ၂သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်ကာလအတွင်း ဆန်၊ စပါးစိုက်ပျိုးနိုင်မှုလည်း လျော့ကျနေတာဖြစ်ပါတယ်။