ဆန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် မြစ်ကြီးနားမြို့ရှိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းများတွင် စားဝတ်နေရေးကြပ်တည်း

ဆန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် မြစ်ကြီးနားမြို့ရှိ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းများတွင် စားဝတ်နေရေးကြပ်တည်း

ဆန်ဈေးနှုန်းတွေ တောက်လျှောက်မြင့်တက်နေတာကြောင့် မြစ်ကြီးနားမြို့က ကိုယ်ထူကိုယ်ထ လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွေမှာ စားဝတ်နေရေး ခက်ခဲကြပ်တည်းလာတယ်လို့ တာဝန်ခံတွေ ဆီကနေ သိရပါတယ်။

မူးယစ်နွံထဲက လူငယ်တွေကို ပြန်လည်ပျိုးထောင်ပေးနေတဲ့ အဲဒီသင်တန်းကျောင်းတွေမှာ ဆန်းဈေးစတက်ခဲ့တဲ့ နှစ်စပိုင်းကတည်းက စားဝတ်နေရေး အကြပ်အတည်းနဲ့ ကြုံတွေ့လာတယ်လို့ မြစ်ကြီးနားမြို့၊နန်ကျင်ကျေးရွာက ဂရုဏာလက် လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း တာဝန်ခံ ဆရာတန်ရော်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ ဆန်က နှစ်ဆလောက်တက်သွားတော့ ပိုခက်ခဲသွားတာ။ ကျောင်းသားတွေလည်း အိမ်ကမိဘတွေက လက်ရှိအခြေအနေအခက်ခဲတွေကြောင့် အလုပ်လုပ်ဖို့ခက်တော့ သူတို့ရဲ့ အစားသောက်ကို ပံ့ပိုးပေးဖို့ သူတို့လည်းခက်ခဲတာပေါ့။” လို့ ဆရာတန်ရော်က ဆိုပါတယ်။

မြစ်ကြီးနားမြို့ ၊ နောင်နန်းကျေးရွာအုပ်စု ယိန်းခေါရွာမှာ ဖွင့်လှစ်ထားတဲ့ ပဋိညာဉ်သစ် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းမှာလည်း အရင်က ကျပ် ၃၀,၀၀၀ (သုံးသောင်း) ကျော်နဲ့ ဝယ်စားခဲ့တဲ့ ဆန်တစ်အိတ်ကို လက်ရှိကျပ် ၆၀,၀၀၀ (ခြောက်သောင်း) ကျော်လောက်ပေးပြီး ဝယ်စားနေရတာကြောင့် ခက်ခဲမှုတွေ ကြုံတွေ့ရတယ်လို့ တာဝန်ခံဆရာအဆီက ဆိုပါတယ်။

“ ကျောင်းကသတ်မှတ်ထားတဲ့ လစဉ်ကြေးမထည့်နိုင်တဲ့သူလည်း များတာကြောင့် ကျွန်တော်တို့ အဓိကခက်ခဲတာက စားဝတ်နေရေးပေါ့နော်။” လို့ ဆရာအဆီက အခက်အခဲကို ရှင်းပြပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးရရှိရေးအတွက် မီးစက်အသုံးပြုနေရတဲ့ မြစ်ကြီးနားမြို့၊ ကြာရာပတီးရပ်ကွက် အနောက်ဘက်က ရှိလောင်လူငယ်ပြုပြင်ရေး သင်တန်းကျောင်းအနေနဲ့လည်း ဆန်ဈေးမြင့်တက်တာနဲ့ စက်သုံးဆီ ဈေးကြီးမြင့်တာတွေကြောင့် ဒီနောက်ပိုင်းမှာတော့ လည်ပတ်ဖို့ ခက်ခဲလာတယ်လို့ တာဝန်ခံ ဆရာနော်လာကလည်း ပြောပြပါတယ်။

“ ကျွန်တော်တို့ဆီမှာက ဘူးဂါးလိုင်းမီး မရဘူး။ မီးစက်နဲ့ ဒီဇယ်နဲ့ပဲနှိုးပြီးမှ သုံးတာဟုတ်တယ်။ ရေတင်တာလည်းအဲဒါ ၊ရေချိုးတာနဲ့ ညမီးစက်နှိုးတာလည်း အဲဒါပဲဆိုတော့ ဆီဈေးလည်း တော်တော်လေးကုန်ရတာပေါ့နော်။” လို့ ဆိုပါတယ်။

လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းတွေဟာ မူးယစ်နွံထဲက ညီကိုမောင်နှမတွေ ကယ်တင်နိုင်ဖို့အတွက် တတ်နိုင်သမျှပါဝင်ဖို့ မူးယစ်နွံထဲက လွတ်မြောက်လာသူတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတာဖြစ်ပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ဝယ်လိုအားများတာနဲ့ တရုတ်ပြည်ဘက်တင်ပို့များတာတွေကြောင့် နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နေရာအနှံ့မှာ ဆန်ဈေးနှုန်းတွေ တောက်လျှောက်မြင့်တက်လာတာဖြစ်တယ်လို့ ဆန်စပါးကုန်သည်များအသင်းက ကြားသိရသလို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာဆိုရင် ရိုးရိုးငွေတိုးဆန် တစ်အိတ် ကျပ်သိန်းချီကုန်ကျခံပြီး ဝယ်ယူစားသောက်နေရတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- မြစ်ကြီးနားမြို့ပေါ်က လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတစ်ခု။

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...