တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေကြရပြီး အထူးသဖြင့် အမျိုးသမီးနဲ့ကလေးတွေ ပိုမိုခံစားနေရတယ်လို့ စစ်ရှောင်ကူညီတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
“အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေက ပိုများတယ်လို့ ပြောလို့ရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် ယောကျ်ားလေးတွေက မရှိသလောက်ရှိတယ်ပေါ့နော။ အမျိုးသမီးတွေရဲ့စိတ်က ကျနော်တို့ယောကျ်ားလေးတွေထက် ပိုပြီးနုတယ်ပေါ့နော။ တစ်ခုခု ဆုံးရှုံးတာ ကြုံတွေ့တာ ကြားရတာပဲဖြစ်ဖြစ် သူတို့စိတ်ထဲမှာ စိတ်ထိခိုက်တာဖြစ်တတ်တာပေါ့နော။ တချို့အမျိုးသမီးတွေက လွိုင်ကော်ပြန်လို့ရတယ်ပြောတာတောင်မှ လုံးဝ စစ်တပ်ကိုမတွေ့ချင်တော့ဘူး ပြန်မှာမဟုတ်ဘူးဆိုတာမျိုးပေါ့ ပြောတာကြားရတယ်ပေါ့။ စိတ်ထဲမှာတော့ ဒဏ်ရာရတာ ထိခိုက်တာတွေတော့ တယောက်နဲ့တယောက်မတူဘူးပေါ့။”လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကိုဗစ်ဒဏ် ၊ စစ်ဘေးဒဏ်ကြောင့် စစ်ရှောင်တွေအထူးသဖြင့် အမျိုးသမီးတွေက သားသမီး၊ ခင်ပွန်းဆုံးရှုံးခဲ့တာ၊ နေအိမ်ဆုံးရှုံးခဲ့တာ၊ အထွေထွေအသုံးစရိတ်၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံစားနေရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးအရေးဆောင်ရွက်တဲ့အဖွဲ့အစည်းဖြစ်စေ၊ လူမှုအသင်းအဖွဲ့ဖြစ်စေ၊ စစ်ရှောင်စခန်းကော်မတီအဖွဲ့ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ လူငယ်အစုအဖွဲ့ကနေပြီး စစ်ရှောင်စခန်းတွေမှာ အာဟာရကျွေးမွေးတာ၊ အားပေးစကားပြောတာ၊ နှစ်သိမ့်မှုပေးတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို လုပ်ဆောင်ပေးလျက်ရှိနေပါတယ်။
ဒါဟာ စစ်ရှောင်တွေအတွက် တနည်းတဖုံ စိတ်ဒဏ်ရာကို သက်သာစေနိုင်တာကြောင့် အားပေးနှစ်သိမ့်တဲ့အစီအစဉ်တွေ အစီအစဉ်တကျနဲ့ ပိုမိုပြုလုပ်သင့်တယ်လို့ သူကဆက်ပြောပါတယ်။
“စစနှောက်နှောက်ပြန်ဖြစ်တဲ့ဟာမျိုး ဖြစ်တယ်။ တချို့စစ်ဘေးရှောင်တွေက ပိုပြီးစားဝင်တာမျိုးပေါ့ ပုံမှန်ပြန်စားတာတွေ တွေ့ရတယ်ပေါ့နော။ အဓိက လိုတယ်ဆိုတာလည်း စိတ်ပဲပေါ့နော စိတ်ပျော်တဲ့ဟာမျိုး စိတ်အထောက်အကူပြုတဲ့ဟာမျိုး သူ့ကိုခွန်အားရမယ်ဆိုရင်တော့ ပိုအဆင်ပြေသွားတာမျိုး တွေ့ရတယ်ပေါ့နော”
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူ ၂သိန်းနီးပါးဟာ ဒီကနေ့အချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိကြသေးပါဘူး။ တစ်ဖက်မှာလည်း ဒေသတွင်းတိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ဖြစ်နေတာပါ။
အထူးသဖြင့် လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထပ်မံစစ်ရှောင်ရတာ၊ စာသင်ကျောင်းပိတ်တာတွေကြောင့် စစ်ရှောင်ကလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပိုမိုထိခိုက်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မလုံခြုံမှုပေါ့နော လက်နက်ကြီးလာမလား လေယာဉ်နဲ့လာမလား အဲ့လိုဆိုရင် ပြေးရလွှားရပြီလေ။ အခု ကျမတို့ စစ်ရှောင်မှာဆိုရင်လည်း ကောင်းကောင်းမွန်မွန် စာသင်နေတယ်။ စာသင်နေတဲ့ဟာကို လက်နက်ကြီးက ကျလာတော့ စာဆက်သင်လို့မရတော့ဘူး။ အဲ့ဒီတစ်ခုက ကျမတို့အစိုးရိမ်ဆုံးပေါ့။”
လက်နက်ကြီးသံလို ဆင်တူတဲ့ တံခါးပိတ်တာတို့ ကားသံတို့ ကြားတာနဲ့ တုန်လှုပ်တာ၊ လေယာဉ်သံကြားတာနဲ့ ထွက်ပြေးပုန်းနေရတဲ့အခြေအနေကို မျက်မြင်ကိုယ်တွေ့ခံစားနေကြရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ရှောင်တွေဆီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးတဲ့နေရာမှာ စစ်ရှောင်(၁၀၀) ဦးမှာအနည်းဆုံး ၅၀ ဦးလောက်ဟာ စိတ်ဖိစီးမှု ခံစားနေကြတာတွေရှိတယ်လို့ CDMသူနာပြုတွေနဲ့ ဖွဲ့စည်းထားတဲ့ Karenni Nurses Association က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားထားတာ ရှိပါတယ်။