ဖားဆောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးကိုပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲသူများပြားလာ

ဖားဆောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးကိုပေါ်ပေါ်ထင်ထင် ရောင်းဝယ်သုံးစွဲသူများပြားလာ

စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားလည်ပတ်နေတဲ့ ကရင်နီပြည် ၊ ဘောလခဲခရိုင် ၊ ဖားဆောင်းမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ဘယ်လိုပုံစံနဲ့ ရောင်းလဲဆိုတော့ အဲ့လိုပဲ ပေါ်တင်ပေါ့နော် သူများတွေလည်း သိကြတယ် သိလား။ သွားဝယ်တာတို့ ဘာတို့ဆိုရင်လေ မြင်‌တယ်ပေါ့နော်။ အဲ့ဒီအိမ်မှာရောင်းတာကို” လို့ ဖားဆောင်းမြို့နေ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဝယ်ယူသုံးစွဲနေကြသူများအနက် ဆက်ကျော်သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ် လူငယ်တွေအများဆုံး ဖြစ်ကြပြီး အလုပ်ကြမ်းလုပ်တဲ့သူတွေလည်း သုံးစွဲကြတယ်လို့ ဆိုပါတယ်။

မူယစ်ဆေးဝါးအမျိုးအစားတစ်ခုဖြစ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြား (ရာမ) ကို ဝယ်ယူကြတာဖြစ်ပြီး တစ်သောင်းဖိုးဝယ်ရင် ဆေးပြား ၄ပြား သို့မဟုတ် ၅ပြားအထိ ရရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ခုနှစ် အာဏာမသိမ်းခင်အချိန် ဒီလိုပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားမှု မရှိသလောက် အခုလက်ရှိမှာတော့ ရောင်းဝယ်မှုနဲ့ သုံးစွဲမှုကို မြင်တွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုမူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးအရေးယူခြင်း၊ အသိပညာပေး ဟောပြောခြင်းတွေ မရှိတဲ့အပြင် ရဲဝန်ထမ်းအချို့ကပါ ဝယ်ယူသုံးစွဲတာတွေ ကြားနေရတယ်လို့ ဖားဆာင်းမြို့နေ ဒေသခံတစ်ဦးက ခုလို ပြောပါတယ်။

“အဲ့ဒါတွေမရှိဘူး(ဖမ်းဆီးခြင်း၊အသိပညာပေးဟောပြောခြင်း) အဲ့လို။ ဟို ရဲတွေကပါ ဝယ်ပြီးတော့သုံးတယ်လို့လဲကြားတယ်” လို့ သူက ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်နယ်အတွင်း တရားဥပေဒစိုးမိုးမှုမရှိတာ၊ အလုပ်အကိုင် ရှားပါးလာတာကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုက ပိုမိုများပြားလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်ရှိ ကရင်နီပြည်ရဲဌာန(KSP) အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာကို သူတို့ထိန်းချုပ်ရာနယ်မြေတွေမှာ ဖမ်းဆီးတာ၊ အသိပညာပေးတာ ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်နေတာ ရှိပါတယ်။

ဒီလိုလုပ်ဆောင်နေတာရှိပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ သုံးစွဲသူကို လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲဒေသတွေမှာ မကြာခဏ ဖမ်းဆီးရမိတာ ရှိနေပါတယ်။

လက်ရှိအချိန်ထိ KSP အနေနဲ့ ထိန်းချုပ်ရာနယ်မြေတွေမှာ အမှုပေါင်း ၂၀၀ကျော်ကို ဖမ်းဆီးအရေးယူတဲ့အထဲ မူးယစ်ဆေးဝါးအမှု ၃၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...