တနင်္သာရီတိုင်းအတွင်း PDF စခန်းတခုကို စစ်ကောင်စီတပ်က သိမ်းပိုက်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။
ပုလောမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံများက ပြောသည်။
PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်တော့ သူတို့စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေ စုံစမ်းနေတုန်းပါ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်မှု မရှိပါဘူး၊ လက်ရှိ ခံစစ်ပြင်ထားတဲ့ တနေရာမှာ နေရာယူထားပါတယ်။ ဒီစခန်းကို ပြန်ရအောင်ယူမှာ” ဟု ပြောသည်။
ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ယာယီရှေ့တန်း စခန်းကိုဖေဖေါ် ဝါရီလ ၁၅ ရက်နေ့၊ ည ၇ နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တို့အကြား ၂ နာရီ နီးပါးအကြာ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လက်နက်နှင့် လူအင်အား မမျှတသောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်က စခန်းကို စွန့်ခွာပေးခဲ့ရသည်ဟု PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လအတန်ကြာ ထိန်းချုပ်ထား နိုင်ခဲ့ပြီး ယာယီရှေ့တန်းစခန်းအဖြစ် အသုံးပြုနေခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှ PDF စခန်းကို စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်မှ စတင်၍ ကဒဲကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ညကလည်း ထမင်းစားနေတုန်း ထပြေးရတာဆိုတော့ ဘာမှယူလို့ မခင်ဘူး။ စစ်တပ်က တညလုံးလိုလို လက် နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေကြတာ၊ ဒီနေ့မှာလည်း ရွာကိုမီးရှို့နေတာ မီးခိုးလုံးတွေ ကြည့်ပြီး မျက်ရည် ကျနေကြရတာ” ဟု ရွာသားတစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရွာသား ၁၅၀၀ ကျော်တွင် နေထိုင်စရာ အမိုးအကာ၊ ဆေးဝါးနှင့် စားရိက္ခာ များ အရေးပေါ် လိုအပ်မှုများရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် စစ်ရှောင်များသည် အခက်အခဲများကြားထဲမှပင် ဘေးလွှတ်မည့်နေရာများတွင် လိုအပ်ချက်ပေါင်းများစွာဖြင့် နေထိုင်နေခြင်း ဖြစ်သည်။
ကဒဲကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် PDF တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိနေခြင်းကြောင့် ကျေးရွာအတွင်း ရွာသားများ နေထိုင်ခြင်း မရှိသလောက်နည်းပါးပြီး အများစုမှာ နီးစပ်ရာကျေးရွာ၊ မြို့ပေါ်များ နှင့် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် နေကြရသည် ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကဒဲကျေးရွာသည် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၂,၀၀၀ ခန့်ရှိသည့် ရွာတစ်ရွာ ကြီး တစ်ရွာ ဖြစ်သည်။
စစ်ကောင်စီမှ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ ပြီး တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်သည် စစ်ကောင်စီတပ်များကို တော်လှန်တိုက်ခိုက်မှုအား အကောင်း ဆုံး မြို့နယ်တစ်မြို့လည်း ဖြစ်သည်။