ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ရှိ ကျေးရွာ(၆) ရွာက နေအိမ် (၆၀၀) ကျော်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး

ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ရှိ ကျေးရွာ(၆) ရွာက နေအိမ် (၆၀၀) ကျော်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာတိုက်နယ်အတွင်းမှာရှိတဲ ကျေးရွာ (၆) ရွာက နေအိမ်အလုံး (၆၀၀) နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မယ်ငို၊ သာယာကုန်း၊ သက်တူလယ်၊ ဘုရားတောင်၊ အင်းကြီး၊ လှေဘို အဲဒီကျေးရွာက ဒေသခံပြည်သူတွေဟာ ပြန်စရာအိမ်မရှိတော့တဲ့အပြင် စားစရာလည်းမရှိကြတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် အမှတ် (၃) တပ်ရင်းမှာရှိတဲ့ တာဝန်ရှိတစ်ဦး ကပြောပါတယ်။

“ရွာသားတွေက ပြန်စရာ အိမ်မရှိကြတော့ဘူး။ တောတွေ၊ တောင်တွေထဲမှာ ဖြစ်သလိုပဲ ပေါင်းစုပြီးကာမှ နေနေကြတယ်။ စားစရာသောက်စရာတွေလည်း မရှိတော့ဘူး။ အဆိုးဆုံးက အဲဒီရွာတွေက စပါးအဓိကထွက်တဲ့ ရွာတွေဖြစ်တဲ့အတွက် စပါးရိတ်သိမ်းပြီးတာလည်း ဆောင်းတွင်းကမှ ရိတ်သိမ်းလိုက်တာဆိုတော့ ရိတ်သိမ်းလို့ရတဲ့ စပါးတွေဆန်တွေကို စပါးကျီတွေမှာ သိုလောင်ထားတာပေါ့။ အဲဒီစပါးကျီတွေပါ အကုန်ပါသွားတော့ စားစရာတွေလည်းမရှိကြတော့ဘူး။” လို့ တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီဒေသတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အားကောင်းတဲ့ ရွာတွေဖြစ်တယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့အတွက် ပစ်မှတ်ထားပြီး အခုလိုလုပ်ဆောင်တာ ဖြစ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

ရွာတွေထဲဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း (၃) ကြောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁) တပ်ရင်းက အင်းအား (၄၀၀) ကျော်လောက်ရှိတဲ့တပ်သား တွေဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ မီးဝင်ရှို့ခဲ့ပြီးနောက် မြေမြှုပ်မိုင်းတွေလည်း ထောင်ထားခဲ့ကြတဲ့အတွက် ရွာသားတွေအနေနဲ့ ရွာထဲကို ပြန်လာနေထိုင်ကြဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အလယ်ကျွန်းကျေးရွာကိုလည်း ဇန်နဝါရီလ (၁၉) ရက်နေ့က စတင်မီးရှို့ပြီး အင်းရွာတိုက်နယ်ထဲက အိမ်ထောင်စု ၁၀,၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...