လူထုအကျိုးစီးပွားများ နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှတိုက်ဖျက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များပြော

လူထုအကျိုးစီးပွားများ နှောင့်ယှက်ဖျက်ဆီးမှုမှန်သမျှတိုက်ဖျက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့များပြော
Photo- ပုံဟောင်း။
Photo- ပုံဟောင်း။

နိုင်ငံတည်ငြိမ်းအေးချမ်းရေးသည် ပြည်သူလူထုအတွက် အထူးလိုအပ်သောကြောင့် ပြည်သူလူထု၏ စည်းစိမ် ဥစ္စာနှင့် အကျိုးစီးပွားများ အနှောင့်အယှက်ပေးဖျက်ဆီးသည့်အရာမှန်သမျှကို ဆန့်ကျင်တိုက် ဖျက်သွားမည်ဖြစ်ကြောင်း ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးလုပ်ငန်းကော်မတီ (UCKAG)က ထုတ်ပြန်ခဲ့သည်။

ကရင်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ(Unity Committee For Karen Army  Group) တွင် ပါဝင်သည့် ကရင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့(၄)ဖွဲ့ကိုယ်စားပြု ကော်မတီဝင်မှ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြုလုပ်သည့် တစ်ရက်တာ ကော်မတီအစည်းအဝေးအပြီးတွင် ထိုကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အစည်းအဝေးတက်ရောက်ခဲ့သူ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC )အဖွဲ့မှ ဗိုလ်မှူးကြီးစောကျော် ညွန့်က “နိုင်ငံအခြေအနေက သိတဲ့အတိုင်းပဲ နေရာတိုင်းမှာတိုက်ပွဲတွေဖြစ်တယ်။ လူထုတွေ ထိခိုက်မှုမရှိအောင် လက်လှမ်းမှီသလောက် ဘယ်လိုကာကွယ်ရမလဲ၊ ဘယ်လိုလုပ်ပေးရမလဲဆိုတာ ကော်မတီမှာဆွေးနွေးဖြစ်တယ်။ အသေးစိတ်ဘယ်လိုလုပ်ဆောင်မလဲတော့ ဒီတစ်ရက်တာအစည်းအဝေးထဲမှာတော့ မဆွေးနွေးရသေးဘူး။ ပြောလို့မရသေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကရင်အမျိုသားနှင့်ပြည်သူလူထုတစ်ရပ်လုံးမှ ရင်ဆိုင်ရမည့်အန္တရာယ်နှင့် ထိခိုက်နစ်နာမှုများကို အကာကွယ်ပေး သွားမည်ဖြစ်ကာ အကြမ်းဖက်ကြောက်ရွံ့စေမှုများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်းလည်း ကော်မတီ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း အခက်အခဲအကြပ်အတည်းကြားတွင်ရှိသည့်အတွက် အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့သော်လည်းကောင်း၊ အဖွဲ့အစည်းအတွင်းသော်လည်းကောင်း၊ လူထုကြားသော်လည်းကောင်း အမြင်မတူမှုများသည့်အတွက် ကော်မတီအနေဖြင့်  ဖြေရှင်းလုပ်ဆောင်ပေးရမည့် လုပ်ငန်းစဉ်များ ယခင်ထက် အခက်အခဲ ပိုများကြောင်းလည်း စောကျော်ညွန့်က ဖြည့်စွက်ပြောသည်။

၎င်းတို့၏ ကော်မတီသည် တန်းတူရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကရင်လက်နက်ကိုင် စည်းလုံး ညီညွတ်ရေး၏ အခြေခံမူနှင့် သဘောထားများအပေါ် ရပ်တည်သည့်အတွက်ကြောင့် မူမဲ့လုပ်ရပ်မှန် သမျှကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ထို့အပြင် ကရင်လက်နက်ကိုင်များစည်းလုံးညီညွတ်ရေးသည် ကရင်လက်နက်ကိုင်အဖွဲ့အစည်းအတွက် သော် လည်းကောင်း၊ မိခင်ကေအဲန်ယူအတွက်သော်လည်းကောင်း၊ ကရင်တမျိုးသားလုံးနှင့် ပြည်သူလူထု တရပ်လုံးအတွက် သော်လည်းကောင်း၊ ရဟန်းရှင်လူပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် ကရင်ပြည်နယ်အတွက်လည်းကောင်း အထူးအရေးကြီးကြောင်းလည်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ကရင်လက်နက်ကိုင်များ ညီညွတ်‌ရေး‌ကော်မတီကို ကရင်လက်နက်ကိုင်အဖွဲ့များအကြား အချင်းချင်းပစ်ခတ်မှု မဖြစ်ရန်နှင့် မူးယစ်‌ဆေးဝါးကိစ္စများ တိုက်ဖျက်သွားရန် ရည်ရွယ်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA-PC(ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်နယ်ခြားစောင့်တပ် BGF စသည့် ကရင်လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့မှ အဖွဲ့ဝင်(၁၇)ဦးဖြင့် ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ ရက်‌နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...