ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃)မိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ၏နေအိမ်တချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်ဆီးမှုများရှိနေပြီး ဒေသခံတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော ဒေသခံများ၏ နေအိမ်တစ်ချို့အတွင်းသို့ ဝင်ရောက်ကာ နေအိမ်တွင်းရှိပစ္စည်းများအား မွှေနှောက်ပြီး ဖျက်ဆီးထားကြောင်း၊ ဒေသခံတစ်ဦးအား ရိုက်နှက်ဖမ်းဆီး၍ ကျေးဇူးတော်ကုန်း(အိုပီကုန်း)တွင် သတ်ပစ်ခဲ့ကြောင်း သံတောင်မြို့ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ဖျက်ဆီးခံထားရတဲ့ အိမ်တစ်အိမ်က ကျမအသိအိမ်ပါ။ အိမ်ထဲက ပစ္စည်းတွေကိုရိုက်ခွဲ ဖျက်ဆီး ထားကြတယ်။ တန်ဖိုးကြီးပစ္စည်းမရှိတော့ ယူသွားခံရတာတော့မရှိဘူး။ သူတို့က လူမရှိတဲ့ အိမ်တွေဆို PDF အိမ်လို့ပဲသတ်မှတ်လိုက်ကြတာ။ သေသွားတဲ့အစ်ကိုက ကလေးတစ်ယောက် အဖေပါ။ ကျေးဇူးတော်ကုန်းနားမှာ အသတ်ခံရတာ။ မိသားစုကတော့ ထုတ်မပြောဘူး။ စစ်တပ် ဘက်က ခြိမ်းခြောက်ထားလို့လည်း ဖြစ်နိုင်တယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သတ်ဖြတ်ခံခဲ့ရသည့် ဒေသခံအမျိုးသားအား ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး နောက်တစ်နေ့နံနက်တွင် စစ်ဆေးရိုက်နှက်ကာ ပြန်လွှတ်ပေး လိုက်သော်လည်း ဒေသခံများက ၎င်းအား ဒဏ်ရာပြင်းထန်၍လမ်းမလျှောက်နိုင်သော အနေအထားဖြင့် လမ်းဘေးတစ်နေရာတွင် တွေ့ခဲ့ရကြောင်း၊ ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သည့်သတင်းကြားပြီးမတွေ့ရတော့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
လက်ရှိ သံတောင်မြို့တွင် မြို့ခံအများစုမှာ စစ်ဘေးရှောင်နေကြရပြီး စစ်ကောင်စီမှ မြို့တွင်းကင်းလှည့်စဉ် မသင်္ကာဖွယ်ရာတွေ့ရှိပါက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေ သောကြောင့် မိမိတို့နေအိမ်အတွင်းမှအိမ်အပြင်သို့ မထွက်ရဲကြကြောင်း သံတောင်မြို့ပေါ်တွင် လက်ရှိအချိန်ထိ ကျန်ရှိနေသောဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ညညကျရင်တော့ ပတ်ဝန်းကျင်မသင်္ကာတာမျိူးတွေ့ရင် တပ်လှန့်တဲ့ပုံစံနဲ့ပစ်နေတာ ရှိတယ်။ မြို့ထဲမှာ ကင်းလှည့်နေရင်းနဲ့ တွေ့ရင် စစ်ဆေးဖမ်းဆီးတာ တစ်ခါတစ်လေ ထိုးကြိတ်တာတွေတော့ ရှိတယ်။ စစ်ရှောင်တဲ့လူတွေကတော့ တောင်ငူဘက်ကိုစစ်ရှောင်ကြတယ်၊ မြို့ထဲမှာကျန်ခဲ့တဲ့ သူတွေကတော့ အိမ်ထဲကအိမ်ပြင်မထွက်ရဲကြသေးဘူး”ဟု ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ ဖမ်းဆီးရိုက်နှက်မှုများရှိနေသော်လည်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ရှောင်နေရာမှ နေအိမ်သို့ပြန်သွားကြသည့် ဒေသခံများလည်းရှိနေပြီး သံတောင်-လိပ်သိုလမ်း၊ သံတောင်-တောင်ငူလမ်းများကို တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားသည့်ရက်များတွင် ပိတ်ဆို့ထားသော်လည်း ယခုအခါ လမ်းများဖွင့်ထား၍ ကားများသွားလာနေကြကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များက ပြောသည်။