မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ယခင်စစ်ကောင်စီတပ်၏လက်အောက်ခံ ပြည်သူ့ စစ်အဖွဲ့ဝင်တစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရေးပြောက်ကျား(YGF)အဖွဲ့ထံ လက်နက်နှင့် ဆက်စပ်ပစ္စည်များ သွားရောက်ပေးအပ်ခဲ့ကြောင်း YGF ပြန်ကြားရေးတာဝန်ခံ စောခေတ်သစ်က ပြောသည်။
ရေးမြို့နယ်အတွင်းရှိ ယခင်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးသည် ၎င်းစုဆောင်းသိမ်းဆည်းထားသည့် လက်နက်ငယ်နှစ်လက်နှင့်အတူ M16 ကျည် ၆၉ တောင့်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ 45 ကျည် ၂၇တောင့်၊ 9mmကျည် ၃ တောင့်၊ နာတိုကျည် ၅၀ တောင့်၊ စက်လက် ၁၇ တောင့်၊ 9လုံးကျည် ၇တောင့် ၊ ပွိုင့်22ကျည် ၄၅တောင့်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ခွံ ၆ခု၊ ကျည်ဖူး ၁ခုကို ရေး(YGF)အဖွဲ့ထံ ပေးအပ်ခဲ့သည်ဟု ရေး(YGF)တာဝန်ခံ စောခေတ်သစ်က ယခုလိုပြောသည်။
“ဒီလိုမျိုးပြည်သူဘက်ကိုရပ်တည်ပေးတဲ့အတွက် ကျေးဇူအများကြီးတင်သလို မှန်ကန်သောလုပ်ရပ် လည်းဖြစ်တယ်။ နောက်ထပ်လည်း ပြည်သူ့စစ်တွေ ရဲဝန်ထမ်းတွေ စစ်ကောင်စီတပ်သားတွေလည်း ပြည်သူဘက်ရပ်တည်ကြဖို့ ပြောချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
YGF အနေဖြင့် ရေးမြို့နယ်နှင့် လမိုင်းမြို့နယ်များတွင် လှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီ၏ ထောင့်တိုင်များ၊ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြောက်ကျားတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ပြီး မကြာခဏဆိုသလိုလည်း နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။