ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHW မှ ဖွင့်လှစ်ပေးသော အပတ်စဉ် (၁၀) Medic Training မှ ဆေးမှူး ၂၅ ဦးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့သည်။
ကရင်ဒေသအတွင်း လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ပြီး CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု ပါဝင်သူ)ဆရာဝန်များ၏ ကူညီသင်ကြားပေးမှုဖြင့် အဆိုပါ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး နယ်ပယ်အသီးသီးမှ သင်တန်းသူ၊ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီးနောက် ယနေ့ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပေးခြင်းဖြစ်သည်။
သင်တန်းအောင်မြင်ခဲ့သူ နော်ကပေါ်ဝါးက “ပြည်သူတွေကို ကူညီချင်တဲ့ စိတ်ကရှိတော့ ကိုယ်စိတ်အား ထက်သန်တဲ့ ဒီဆေးပညာရပ်ကို သင်ယူဖို့ ဒီကျောင်းကို လာတက် ဖြစ်တာပေါ့။ ရှေ့ဆက်ပြီးတော့လည်း ကျမ စွမ်းနိုင်သလောက် သင်တန်းတွေ ကျောင်းတွေ ဆက်တက်မယ်။ ပြီးရင် ကျမပြည်သူတွေကို အကောင်းဆုံး ကျန်းမာရေး ဝန်ဆောင်မှု ပြန်ပေးနိုင်ဖို့ရည်ရွယ်ထားတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
ထိုသင်တန်းကို အခြေခံဆေးပညာ သင်ယူအောင်မြင်ထားသူများအား Anatomy (ခန္ဓာဗေဒ) Physiology (ဇီဝကမ္မဗေဒ) ၊ Disease (အနာရောဂါဆိုင်ရာ) တို့ကို အဆင့် ၃ ခုခွဲ၍ စာတွေ့၊ လက်တွေ့ ၁၀ လတာသင်ကြားပေးပြီးနောက် သက်ဆိုင်ရာဆေးရုံ ဆေးခန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ယနေ့ သင်တန်းဆင်းပွဲသို့ KDHW ဌာနမှူး ပဒိုစောဒိုင်းမွန်းခင်၊ KNU အထွေထွေ အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ် နှင့် အမျိုးသားညီညွတ်ရေး အစိုးရ-NUG ကျန်းမာရေး ဌာနတာဝန်ရှိသူအပြင် သင်တန်းဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း သားမိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
သင်တန်းပြီးမြောက်အောင်မြင်သူ စောကော်ဂေဒို့ကလည်း “ကျနော့် ကွန်မြူနတီမှာ ကျန်းမာရေး အသိပညာ အားနည်း တာတွေ အများကြီးတွေ့ရတယ်။ ဒါတွေကို ကျနော် ကူညီပေးချင်တယ်။ ဒီသင်တန်းကို အောင်မြင်သွားလို့လည်း အရမ်း ပျော်တယ်။ မိဘတွေရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ အနာဂတ်မှာလည်း ကျနော့်လူထုတွေအတွက် ကျနော့် ပတ်ဝန်းကျင်အတွက် ကျန်းမာစေဖို့ တတ်စွမ်း သလောက် ပေးဆပ်လုပ်ဆောင်ပေးသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကလည်း KDHW ၏ အပတ်စဉ် ၈ နှင့် အပတ်စဉ် ၉ Medic သင်တန်းဆင်းပွဲကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့ရာ ဆေးမှူး ၄၁ ဦး သင်တန်းဆင်းခဲ့သည်။