ခုခံတော်လှန်ရေးကို လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းပြီးလုပ်ဆောင်ကြရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အတွက် မိန့်ခွန်းသဝဏ်လွှာထဲတွင် ပြောကြားလိုက်သည်။
ကေအဲန်ယူဥက္ကဋ္ဌက “ ခုခံတော်လှန်ရေးသည် လူတစ်ဦးတစ်ယောက်၏ အင်အားဖြင့် ကြိုးပမ်းလုပ်ဆောင်မည့် အရာမဟုတ်ပေ။ ထို့အပြင် လူမျိုးတစ်မျိုးတည်းဖြင့် ကြိုးပမ်းအားထုတ်ရမည့် အရာလည်းမဟုတ်ပေ။ လူမျိုးတစ်မျိုးအနေဖြင့် အတူတကွ ပူးပေါင်းပြီးလုပ်ဆောင်ကြရပါမည်။ ငါ့မြင်း ငါးစိုင်းပြီး သူတလူ ငါတမင်း လုပ်ဆောင်၍ မရပါ။ မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းစေရေးနှင့် အောင်မြင်ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များ၏ စရိုက်လက္ခဏာအလုံးစုံကို ကြိုးပမ်းတော်လှန်နေကြသည့် အခြားသော လူမျိုးများ အစုအဖွဲ့များနှင့်လည်း လက်တွဲတိုက်ထုတ်ရပါမည်”ဟု ပြောသည်။
ထို့အပြင် ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေး အရပ်ရပ်ပေါ်မူတည်၍ ပိုမိုအားကောင်းလာစေရေးနှင့် အောင်မြင်နိုင်ရေးအတွက် အခြားသော လူမျိုးများ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး နိုင်ငံရေးသတိနှင့် ရည်မှန်း ချက်ပန်းတိုင်အောင်မြင်သည်အထိ ကြိုးပမ်းအားထုတ်ကြရန်ကိုလည်း ကေအဲန်ယူ ဥက္ကဌ က ဆက်လက်တိုက်တွန်းထားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားရေး ကြိုးပမ်းမှုကြီး၏ အဓိကရည်မှန်းချက်သည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဖြစ်သည့်အတွက် ခုခံတော်လှန်ရေး ဖြစ်သည့် ကရင်အမျိုးသားရေး ကြိုးစားမှုကြီးသည် နိုင်ငံရေးလှုပ်ရှားမှုမှ စတင်ခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ခုခံတော်လှန်ရေးကူးပြောင်းခဲ့ရသည့်အထိ တော်လှန်ရေးရည်မှန်းချက်များမပြောင်းလဲဘဲ တည်ရှိနေဆဲဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။
ထို့ကြောင့် မိမိတို့၏ နိုင်ငံရေးရည်မှန်းမချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းကြရမည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆက်လက်ပြောဆိုထားသည်။
“မိမိတို့တော်လှန်ရေးကြီး ဧကန်မုချအောင်မြင်ရပါမည်။ မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင် ပြီးမြောက်အောင်မြင်သည်အထိ ဆုံးခန်းတိုင်အောင် ကြိုးပမ်းအားထုတ်ကြရပါမည်။ မိမိတို့၏ နိုင်ငံရေးရည်မှန်းမချက်များဖြစ်သည့် တရားမျှတမှု၊ တန်းတူညီမျှမှုများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြီးမြောက်အောင်မြင်သည်အထိ ကြိုးပမ်းကြရမည်”ဟု သူ၏ မိန့်ခွန်းတွင် ပြောသည်။
ဆက်လက်၍ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအပြင် ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများ ကွဲပြားနေကြသည့် ပြည်သူလူထုနှင့် နိုင်ငံသူနိုင်ငံသားများ နိုင်ငံတစ်နိုင်ငံတည်းတွင် အေးအေးချမ်းချမ်းနှင့် အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မိမိတို့ အတူတကွ ထူထောင်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး၊ မိမိတို့ အမျိုးသားများနှင့် ပြည်သူလူထု တစ်ရပ်လုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် ဆုံးခန်းထိတိုင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သလို ပြီးမြောက်အောင်မြင်သည့်အထိ ကြိုးပမ်းအား ထုတ်ရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။
ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ယခင်က ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေများတွင် သက်ဆိုင်ရာ KNLA တပ်မဟာအလိုက် စစ်ရေးပြအခမ်းအနားနှင့် ကျင်းပပြုလုပ်လျက်ရှိသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ပြောင်းလဲလာသည့် နိုင်ငံရေး အခြေအနေကြောင့် ယခုနှစ်ကျရောက်သည့် ၇၄နှစ်မြောက် ကရင်တော်လှန်ရေးနေ့ကို စစ်ရေးပြ အခမ်းအနားများဖြင့် ကျင်းပပြုလုပ်ရန် အစီအစဉ် မရှိဘဲ သက်ဆိုင်ရာ ကေအဲန်ယူနယ်မြေများတွင် အကျဉ်းရုံးဖြင့်သာ ဂုဏ်ပြုကျင်းပလာကြသည်။
ဖဆပလ အစိုးရ လက်ထက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDOတို့ အကြား တိုက်ပွဲ များစတင်ဖြစ်ပေါ်ပြီး တပြည်လုံးရှိ ကရင်အမျိုးသားများက ခုခံတော်လှန်သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။