ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးကျေးရွာများတွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက် လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး မှုများပြား၍ လေကြောင်းဖြင့် ပစ်ကူနေရကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကော့ဘိန်းရဲကင်းစခန်းဝင်ရောက်တိုက် ခိုက်မီးရှို့ခံရသည့်နောက်ပိုင်း စစ်ရေးအခြေအနေ တင်းမာလာပြီး တိုက်ပွဲများပိုမိုပြင်း ထန်လာကာ ယနေ့ နေ့လည်အချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ကူ တိုက်ခိုက်နေရသည့်အထိရှိနေကြောင်း ကျုံဒိုးကျေးနယ် ဒေသခံများက ပြောသည်။
ကျုံဒိုးမြို့ဒေသခံတစ်ဦးက “ဒီနေ့လည်း တိုက်ပွဲပြင်းထန်နေတယ်။ ကမ်းနီ၊ ကော့ကာ ဘက်မှာ လေယာဉ်နဲ့လည်းလာပစ်တယ်။ ကြောက်စရာပဲ။ တိုက်ပွဲဆက်ဖြစ် တာတော့ သုံးရက်မြောက်ရှိပြီး။ သူတို့(စစ်ကောင်စီ)တွေ မနိုင်တော့လို့ လေယာဉ်ပဲအားကိုးတာပေါ့။ လက်နက်ကြီးလည်း အဆက်မပြတ်ပစ်တယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲများပြင်းထန်သဖြင့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ အဆက် မပြတ် ပစ်ခတ်ကာ လေကြောင်းပါ ပစ်ကူတိုက်ခိုက်သဖြင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး မီးလောင်မှုများရှိနေကြောင်း ၎င်းရွာခံများက ကေအိုင်စီသို့ ပြောဆိုသည်။
“ကျုံဒိုးကနေလည်း လက်နက်ကြီးတွေလှမ်းထုတယ်။ ရွာထဲမှာကျတာများလို့ နေမရဲတော့ဘူး။ ကမ်းနီအပေါ်ပိုင်းမှာတစ်တန်းလုံးအိမ်တွေမီးလောင်သွားတယ်။ ဘယ်နှစ်လုံးထိ လောင်သွားလည်းတော့မသိဘူး။”ဟု ကမ်းနီဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကျုံဒိုးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၄၀)ဦးနှင့်အထက်ကျဆုံးပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက် ကွဲကာ မီးလောင်ပျက်စီးမှုရှိသည့်အပြင် လေယာဉ်များပါပစ်ကူနေကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ယနေ့ညပိုင်းအထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် ကျုံဒိုးကျေးနယ်နှင့် အနီးကျေးရွာများဖြစ်သည့် ကမ်းနီ၊ ကော့ကျိုက်၊ ကော့လျမ်း၊ ကော့ကာစသည့် ကျေးရွာသူကျေးရွာသားများသည် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရလျက်ရှိသည်ဟု သိရသည်။