စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ငါးတဲကြီးအုပ်စု၊ အလယ်ကျွန်းကျေးရွာက အထက်တန်းကျောင်းဆောင်ကြီးတွေအပြင် နေအိမ်အလုံး (၂၀) ကျော်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်ကောင်စီက မီးရှို့လိုက်တဲ့ အထက်တန်းကျောင်းဆောင်ဟာ ပညာသင်ကြားခွင့်မရတဲ့ ကလေးတွေ ဆက်လက်ပညာသင်ကြားနိုင်ရေးကို အဓိကထားပြီး ပြုလုပ်ခဲ့တဲ့ ကျောင်းဆောင်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကသာခရိုင် အမှတ် (၃) တပ်ရင်းရှိ တာဝန်ရှိတစ်ဦးက ပြောပါတယ်။
“အထက်တန်းကျောင်းကြီးတစ်ခုလုံးကို ဘာမှရစရာမရှိအောင်၊ ဝန်ထမ်းဆောင်တွေပါ အကုန်၊ ရှို့သွားတယ်ဆိုတဲ့၊ စစ်ကောင်စီရဲ့ လုပ်ရက်ဟာ ကျွန်တော်တို့ မေးခွန်းထုတ်စရာဖြစ်တယ်။ စာသင်ကျောင်းတွေက ပစ်ရေးပစ်မှတ် ဖြစ်လာတာလား၊ ကလေးတွေစာသင်တာ တပ်ကကြည့်ရင် အပြစ်ဖြစ်လာတာလား။ ဒါကို ကျွန်တော်တို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။”လို့ ဆိုပါတယ်။
စစ်မြေပြင်မှာ စစ်ကိုနိုင်အောင်မတိုက်ဘဲ ကလေးတွေရဲ့ စာသင်ကျောင်းနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာကို လုံးဝလက်မခံနိုင်ဘူးလို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ (၁၉) ရက်နေ့က အဲဒီကျေးရွာအတွင်းက နေအိမ်ပေါင်း (၂၀) ကျော်ကို မီးရှို့လိုက်တဲ့အပြင် အထက်တန်းကျောင်းဆောင်ကြီးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
- အလယ်ကျွန်းကျေးရွာအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့စဉ်
လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ရွှေကူ ခလရ (၆၀၂) တပ်ရင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁) တပ်ရင်း၊ နှစ်ခုပေါင်းပြီးတော့ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကသာခရိုင် အမှတ်(၃) တပ်ရင်း (NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ) PDF တပ်ဖွဲ့ကနေ တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာခဲ့ရတယ်လို့ ဆိုပါတယ်။
“စစ်မြေပြင်ကနေ ရွာဘက်ကို ဦးတည်သွားတော့ သူတို့က ရွာဘက်အကြိုအထိ၊ ကုန်းကနေဆက်တိုက်တယ်။ ဆက်တိုက်တဲ့အနေအထားမှာ နောက်ဆုံးတိုက်ပွဲမနိုင်တဲ့အတွက်ကြောင့်မို့ ရွာကို မီးရှို့ပစ်လိုက်တယ်။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် အလယ်ကျွန်းကျေးရွာ၊ ပျဉ်းထောင်လေးကျေးရွာ၊ ပျဉ်းထောင်ကြီးကျေးရွာ၊ ဒိုးပင်ကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ဆိပ်မူကျေးရွာ၊ တန်တောင်ကျေးရွာ၊ သက်ကယ်ကျင်းကျေးရွာ စတဲ့ကျေးရွာတွေက အိမ်ထောင်စု (၅၀၀၀) ဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဓါတ်ပုံ- အလယ်ကျွန်းကျေးရွာအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့စဉ်