(Pu Tui Dim ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အမှတ်တရ)
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ကိုတည်ထောင်ခဲ့သူများထဲက ၁ ဦးဖြစ်သူ၊ ပထမဆုံး ချင်းသတင်းမီဒီယာဖြစ်တဲ့ ခေါနူးသုမ်သတင်းဌာနကို တည်ထောင်သူအယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ၊ တိုင်းရင်းသားမီဒီယာတွေရဲ့အဓိကအားထားရာကွန်ရက်အဖွဲ့အစည်းဖြစ်တဲ့ Burma News International (BNI)ကိုတည်ထောင်ခဲ့သူ၁ ဦးဖြစ်တဲ့ Pu Tui Dim ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးလေ့ရှိတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်ကသူ့ရဲ့ ဇာတိကျေးရွာနားမှာ သူနဲ့၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် တစ်ရွာတည်းနေ အရပ်သားကိုးဦးကို စစ်ကောင်စီတပ်က မနှစ် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၇ ရက် မှာဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရပြီး ၂ ရက်အကြာ ဇန်နဝါရီလ ၉ ရက်နေ့မှာ Pu Tui Dim အပါအဝင်ဖမ်းဆီးခံရွာသား ၁၀ ဦးစလုံးဟာ နှိပ်စက်သတ်ဖြတ်ခံရကြောင်း၊ရုပ်အလောင်းများစတွေ့ကြောင်း မတူပီမြို့နယ်ကဒေသခံများနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)တို့ကအတည်ပြုကာဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ကြပါတယ်။
ဘယ်သွားမလို့လဲ Pu Tui Dim???
Pu Tui Dim နဲ့ပတ်သက်ပြီး ဒီမေးခွန်းလေးက ကျေနာ့်ကိုအမြဲအမှတ်ရစေပါတယ်။ တစ်နေရာမှာ ဆုံလို့ ဘယ်သွားမှာလဲလို့မေးရင် လက်အိတ်အမဲကိုစွပ်ထားလျက် ဆိုင်ကယ်ဦးထုပ်ခပ်စောင်းစောင်း ဆောင်းလျက် ပြန်ပြောလေ့ရှိတာက "ငါသွားမယ့်နေရာကို မျက်နှာမူနေတယ်လေတဲ့"။ ပြုံးပြုံးနဲ့ပဲ အဲလိုမေးတဲ့သူတွေကို ပြန်ဖြေတတ်သူ။ သူစိတ်ဆိုးတာလည်းမဟုတ်၊ အပြုံးတစ်ခုကို တစ်ပါးသူကို ပြသပြီး အဲလိုနောက်တတ်သူကြီးဗျ။ အဲလို ပြန်ဖြေရင် ကျေနာ်လည်း ခပ်အောင့်အောင့်ပြန်ပြောလေ့ရှိတယ်။ အင်း အဲလိုအမြဲပြုံးပြီး လူတွေကိုစနေပါ။ နင်မပြုံးရင် နင့်နှုတ်ခမ်းရွဲ့တာ သိသာလွန်းတယ်ဆိုပြီး ပြန်ပြောလေ့ရှိတယ်။
သူနဲ့ပတ်သက်ရင် ချင်းမိုင်မြို့ကနေစရမှာပဲ။ တီဗီထုတ်လုပ်ရေးသင်တန်းကို ချင်းမိုင်မှာ သွားတက်တော့ ကျတော်နာမည်ကြားဖူးနေတဲ့ Pu Tui Dim နဲ့စဆုံတာပဲ။ ရင်အုတ်ကားကား၊ အရပ်မောင်းကောင်းကောင်းနဲ့ ကိုယ့်ဟာကိုယ်ခပ်တည်တည်ထိုင်ရင်ထိုင်၊ မဟုတ်ရင် အပြင်ထွက်ပြီး ဆေးလိပ်ဖွာလေ့ရှိတယ်။ ဆေးလိပ်ကတော့ သူနဲ့အမြဲတစ်ကိုယ်တည်းပဲ။ ချင်းမိုင်မြို့စွန်ဟိုတယ်မှာတည်းတော့ ဆေးလိပ်ဝယ်မယ့်နေရာကလည်း ခပ်လှမ်းလှမ်းလေ။ ဒါကြောင့်သူလည်း ဆေးလိပ်ကို ချွေတာသောက်တယ်ထင်ပါရဲ့။ တစ်ခေါက် သင်တန်းထဲက တစ်ယောက်သူ့ဆီကဆေးလိပ်တောင်းသောက်တော့ ဆေးလိပ်ထုတ်ပေးပြီး “မီးခြစ်ကော ငှားအုံးမလား”တဲ့။ ပညာသားပါပါနဲ့ကိုဖဲ့တာ။ ခပ်ပြုံးပြုံးနဲ့ကိုစတာ။ ချင်းမိုင်မှာတုန်းက သူက အရင် ABSDF မြောက်ပိုင်းက နာမည်ကြီး ဆရာရိုနယ်အောင်နိုင်နဲ့ တစ်ခန်းတည်းအတူနေတာ။ Pu Tui ဆီချင်းလူမျိုးအချင်းချင်းဆိုတော့ ညပိုင်းယမကာသုံးဆောင်မှာပဲဆိုပြီး သွားချည်းကပ်တယ်။ သူ့မှာက ဝယ်တောင်ဝယ်ပြီးနေပြီ။ အဆင်သင့်။ သူ့အခန်းမှာပဲ သောက်မယ်ဆိုပြီးဝင်သွားတယ်။ ခက်တာက အဲအချိန် ဆရာအောင်နိုင်က ယမကာအသောက်နားထားနေတုန်းကာလ။ ဒါနဲ့ ဆရာအောင်နိုင်ကိုလည်း အားနာ၊ Pu Tui Dim ကလည်း တစ်ခြားအခန်းမှာ မသောက်ချင်တော့ နှစ်ယောက်သား အိမ်သာထဲမှာ သောက်ကြမယ်ဆိုပြီး လိုအပ်တဲ့ ဟာတွေ အိမ်သာထဲကိုသယ်သွား၊ အိမ်သာကြမ်းပြင်မှာပဲ ထိုင်ကြတယ်။ အဲတုန်းက ချင်းမိုင်မှာပဲနေပြီး BRC မှာလုပ်နေတဲ့ ကိုနီဘွေလေသောင်း အမြဲရောက်လာတယ်။ သူလည်း ချင်းအမျိုးသားတပ်မတော်ထွက်ပဲ။ သုံးယောက်သား ညပိုင်းအိမ်သာထဲမှာပဲ ရှက်ကီစွဲပြီး စကားတွေပြောကောင်းနေတာပေါ့။ ဆရာအောင်နိုင် အပေါ့သွားချင်ရင် ဘိုထိုင်ပေါ်က ခွက်ကိုချပြီး နေရာရွှေ့ပေးရတယ်။ အဲဒါကိုက အမှတ်ရစရာပဲ။ သူတို့က တောမှာနေခဲ့ကြတော့ ဒါမျိုးတွေ မမှုတော့ဘူးလို့ ယူဆခဲ့တာပေါ့။
Pu Tui Dim ကကျနော့်အဖေထက် ၁၀ နှစ်လောက်ပဲ ငယ်မှာ။ ဒါပေမယ့် ကျေနာ့်ကို ညီရင်းတစ်ယောက်လို ခင်တယ်။ စကားတိုင်း ဆွေးနွေးတယ်။ သူမပြောချင်တာကို မေးရင် ခါးဆန့်ပြုံးပြီး နင်ဟာနင်ထင်ချင်သလိုထင်ဆိုပြီး ပြန်ပြောလေ့ရှိတယ်။ အဲနောက်ပိုင်း အချိန်ကြာကြာမတွေ့ရဘူး။ သူက ဦးသိန်းစိန် အစိုးရတက်ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်လာချိန်မှာ ပြည်တွင်းမှာပြန်နေပြီး DVB ကလွှင့်တဲ့ တိုင်းရင်းသားဘာသာအစီအစဉ် မှာ (လိုင်) ဘာသာစကားနဲ့ အစီအစဉ်ထုတ်ဝေသူလုပ်တယ်။ ဟားခါးမှာ အခြေပြန်ချတယ်။ ကျတော်လည်း ချင်းမီဒီယာအဖွဲ့အစည်းတွေ မျက်နှာစုံညီ ညီလာခံကို မင်းတပ်မှာကျင်းပပြီး အားလုံးရဲ့ထောက်ခံမဲနဲ့ ချင်းမီဒီယာကွန်ယက်ရဲ့ ပထမဦးဆုံး အလုပ်အမှုဆောင်ဒါရိုက်တာ အဖြစ်အရွေးခံရတော့ ရန်ကုန်ကနေ ဟားခါးကို နှစ်နှစ် ရုံးပြန်ထိုင်ရမယ့် အခြေအနေဖြစ်လာတယ်။
ဒီလိုနဲ့ ကျေနာ်လည်း ဟားခါးမှာ ရုံးထိုင်ရတယ်။ အဲဒီမှာတော့ ရင်ဘတ်ချင်းနီးတဲ့သူ၊ ပုံမှန်တွေ့ဆုံဖြစ်တဲ့သူဆိုလို့ Pu Tui Dim ရယ်၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းရဲ့ Program Coordinator ဖြစ်တဲ့ ကို Jacob Thang ရယ်ဖြစ်လာတာပေါ့။ ညနေရုံးဆင်းချိန် (၅) နာရီထိုးတော့မယ်ဆို အလိုလိုတစ်ယောက်နဲ့တစ်ယောက် ဖုန်းကဆက်သွယ်ပြီးသား။ သူတို့က လူကြီးပိုင်းတွေဆိုတော့ မြို့တွင်းမှာ ဆိုင်ထိုင်တာအဆင်မပြေဘူးဆိုလို့ မြိ့ပြင်ဂေါက်ကွင်းဘေးနားက စားသောက်ဆိုင်မှာ အမြဲထိုင်ကြတယ်။ ဟုတ်လည်းဟုတ်ပေတယ်။ မြို့ကကျဉ်းတော့ လူအများနဲ့အလုပ်လုပ်တဲ့သူဆိုရင် လူသိများတယ်လေ။ တစ်ခါတစ်လေဆိုရင်တစ်မျိုး၊ အခုက နေ့တိုင်းလိုဖြစ်တော့ သူတို့အဲလို စဉ်းစားသင့်ပါတယ်ပေါ့လေ။ ဆိုင်ထိုင်လို့ တစ်နာရီဝန်းကျင်ကြာရင် တစ်ယောက်နဲ့တစ်ယောက်စရစ်ကြပါလေရော။ အဲလိုဆို အပေါ့သွားမလိုနဲ့ ဒါမှမဟုတ် ဖုန်းပြောသလိုနဲ့ Pu Tui Dim ကပြန်သွားလေ့ရှိတယ်။ နှစ်ယောက်သားကျန်လို့ကျန်မှန်းမသိ စကားတွေပြောကောင်းတော့ ငွေရှင်းမှ သူပြန်သွားမှန်းသိရတယ်။ ဒါနဲ့အားနာလို့ ပါဆယ်ဆွဲပြီး သူနေတဲ့ အိမ်ကိုလိုက်သွားကြလေ့ရှိတယ်။ နောက်ပိုင်း ညနက်လည်းသူ့ဆီလာမယ်မှန်းသိလို့ အိမ်ရှေ့တံခါးကို သော့ခတ်ပြီး အိမ်နောက်ဘေးကနေ ဝင်ပြီး ပြန်အိပ်တဲ့အထိဖြစ်သွားတယ်။ ဒါကိုတောင် သူအိပ်တဲ့အခန်းက ပြတင်းပေါက်ပိတ်ဖို့မေ့တဲ့ ရက်နဲ့သွားတိုးမှ သိရတယ်။ အဲဒီနောက်ပိုင်း ဆိုင်ထိုင်တော့မယ်ဆိုရင် Pu Tui Dim ကိုအရင်ဆုံးအခန်းထဲဝင်ခိုင်းတယ်။ တံခါးနဲ့ဝေးတဲ့ ဒေါင့်နားမှာ သူ့ကိုထိုင်ခိုင်းပြီး ကျေနာ်တို့က တံခါးစောင့်လိုလိုနဲ့တံခါးနဲ့နီးတဲ့နေရာမှာ ထိုင်ကြတယ်။ စကားကောင်းလာချိန် သူမတ်တပ်ရပ်ပြီဆိုရင် ဘာကိစ္စပဲငြင်းခုံနေပါစေ။ အားလုံးပြောလက်စ စကားကို ရပ်ပြီး တစ်ခြားအကြောင်းပြန်ပြောကြရော။ သူလည်း ပြုံးပြုံးနဲ့ပြောတာက ငါထပ်ထိုင်ရမယ်ဆို ထပ်မှာတဲ့။
ချင်းမီဒီယာ (၁၃) ဖွဲ့ကမဲစနစ်နဲ့ အမှုဆောင်ဒါရိုက်တာအဖြစ်ရွေးချယ်လို့ ကျေနာ်တာဝန်ထမ်းဆောင်တဲ့ သက်တမ်းမှာ ချင်းမီဒီယာများရဲ့ အရေးအရာတွေလုပ်ရတာပေါ့။ ( အသေးစိတ်မပြောတော့ဘူး)။ ဆိုင်ထိုင်လို့ ၀ိုင်းထဲမှာစစချင်းတော့ အားပေးကြတယ်။ မူးလာကြရင် အသေဝေဖန်တာတွေကြုံရော၊ ကျေနာ်လည်း ရှင်းပြရအမော။ Pu Tui Dim ကဝင်ပြောလေ့ရှိတာက အချိန်က အဖြေပေးပါလိမ့်မယ်ဆိုတဲ့စကားတစ်ခွန်းပဲ။ ကျေနာ်လည်း နောက်ပိုင်း အမျိုးမျိုးဝေဖန်သုံးသပ်နေသူတွေကို အာညောင်းခံပြီး လိုက်မရှင်းပြတော့ဘူး။ Pu Tui Dim ပြောတဲ့အတိုင်း ပြန်ပြောလိုက်ရုံပဲ။ အတော်ကို ကောင်းတဲ့စကားပဲလို့ စိတ်ထဲမှတ်ယူပြီး အခုထိ အလုပ်တစ်ခုပေါ် ဝေဖန်သူများလာရင် အဲလိုပဲပြန်ပြောတော့တယ်။
Pu Tui Dim က ဟာသဉာဏ်လည်း တကယ်ကြွယ်သူဆိုတာ သူနဲ့ရင်းနှီးတဲ့ သူတွေသိပြီးသားပါ။ Pu Tui Dim, Pu Hla Tun နဲ့ လက်ရှိ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီတို့သုံးယောက် ဘေးနားမှာ နေရင် ပါးစပ်ညောင်းနေအောင် ရီနေရတယ်ဆိုတဲ့သူတွေကိုလည်း သတိရသား။ Pu Tui Dim ကသူကြုံခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ခံပြင်းနာကျည်းတာမျိုးမရှိပဲ ဟာသတစ်ခုအနေနဲ့ပဲ ပြန်ပြောပြလေ့ရှိတယ်။ သူပြောပြတဲ့ဟာတွေထဲက အမှတ်ရဆုံးနှစ်ခုကို ပြန်ပြောပြရမယ်ဆိုရင် သူတို့ချင်းအမျိုးသားတပ်မတော်မှာ တပ်သားဘဝနဲ့ လေ့ကျင့်ရေးတွေလုပ်တဲ့ကာလမှာပေါ့။ တစ်ရက်တော့ သူတို့ပဲဟင်းစားတာ အခန့်မသင့်ဖြစ်ပြီး တပ်သားတွေ ဝမ်းပျက်ပါလေရော။ အိမ်သာမလောက်မငှမို့ ဘယ်တပ်သားမှန်းမသိ တစ်ယောက်ယောက်က အိမ်သာဘေးနားမှာ မစင်စွန့်ရော၊ လက်ရှိ ချင်းအမျိုးသားတပ်ဦး ဥက္ကဌဖြစ်သူက သင်တန်းပေးသူဖြစ်တော့ အဲဒါကိုသွားမြင်တယ်။ ဘယ်သူလည်းမေးတော့ လက်သည်မပေါ်ဘူးဖြစ်နေတယ်။ ဒါနဲ့ တစ်ယောက်ချင်း အဲဒီမစင်ကို လက်နဲ့ကော်ပြီး အိမ်သာထဲ ပစ်ဖို့ခိုင်းတယ်။ လက်မှာ မစင် မပေတဲ့သူကြိမ်ဒဏ်ဆိုတော့ အားလုံး မစင်ကို လက်ညှိုးနဲ့ ကော်ပြီး တစ်ယောက်ပြီးတစ်ယောက် အိမ်သာထဲကို သွားပစ်ကြတယ်။ ရှိတဲ့မစင်နဲ့ လူနဲ့ကမမျှတော့ဘူး။ နောက်ဆုံးကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်က အားရပါးရကျန်တဲ့မစင်အားလုံးကို သူ့လက်နဲ့ကော်ပစ်လိုက်တယ်။ မစင်လည်းမြေကြီးပေါ်မှာမရှိတော့ဘူး။ နောက်ဆုံးကျန်တဲ့သူကလည်း အရိုက်ခံရမှာစိုးလို့ အဲတပ်သားဆီက မစင်နည်းနည်းတောင်းတာပေ့ါ။ ဟိုတပ်သားကလည်းမပေး။ ဒါနဲ့ မစင်မရလိုက်တဲ့ တပ်သားက စိတ်ဆိုးဆိုးနဲ့ အဲဒီတပ်သားကို ပြောတာက “ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ဖို့ တပ်ထဲဝင်တယ်ဆိုပြီး ဒီမစင်လေးကိုတောင် ကပ်စီးကုတ်တာလား” တဲ့။
နောက်တစ်ခုက သူတပ်ကြပ်ရာထူးနဲ့ ညပိုင်းကင်းစောင့်တွေကို လိုက်စစ်ဆေးချိန်မှာ ကင်းစောင့်တပ်သားတစ်ယောက်က သေနတ်ကို ရင်မှာပွေ့ပြီး ထိုင်လျက်အိပ်ပျော်နေတယ်တဲ့။ ဒါနဲ့ အဲဒီတပ်သားရဲ့ ပုခုံးကိုပုတ်ပြီး ဘာလို့အိပ်ပျော်နေတာလည်း။ ရန်သူလာရင် ဘယ်လောက်အန္တရယ်ရှိတယ်ဆိုတာမသိဘူးလားဆိုပြီးငေါက်တော့ တပ်သားက မတ်တပ်မရပ်ရုံအပြင် ခေါင်းကိုညာဖက်လှည့်ပြီး “ ရန်သူလည်း တစ်ခါမှ မလာပဲနဲ့” တဲ့။ အေးရော….
သူက အဆင်ပြေရင်ပြေသလိုလည်း လုပ်တတ်သေးတာ။ တစ်ခေါက် ကလေးမြို့မှာ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ချင်းမီဒီယာအဖွဲ့အစည်းတွေပေါင်းပြီးညီလာခံလုပ်တော့ သူလည်း ဟားခါးကနေလာတဲ့အုပ်စုနဲ့ပါလာတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်းစုံတယ်ဆိုတော့ ကလေးမြို့ကျေနာ်နဲ့မိသားစုနေတဲ့ (အဲအချိန်ကလေးမြို့မှာရှိနေတုန်း) အိမ်မှာ ဟောင်ကောင်သား ချက်စားကြမယ်ဆိုပြီး လူစုတယ်။ အားလုံးကိုယ်တတ်သလောက်မှတ်သလောက် ကိုယ့်နေရာနဲ့ကိုယ်နေရာယူပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေကြတယ်။ ယောကျာ်းသားတွေချည်း။ ချက်ရင်ပြုတ်ရင်း ရှက်ကီဆွဲသူဆွဲနဲ့။ ဟင်းမှာ ချင်း(ဂျင်း) နည်းနည်းလိုတယ်။ ထပ်ထည့်ရမယ်လို့ တစ်ယောက်က ထပြောတော့။ Pu Tui Dim ကအေးငါထည့်လိုက်မယ်ဆိုပြီး ဘီရိုထဲက ဂျင်းတုံးကိုယူပြီး သစ်သားတုတ်နဲ့တစ်ချက်ထုပြီး ဟင်းအိုးထဲထည့်လိုက်တယ်။ Pu Tui ကောင်းကောင်းဆေးပြီး ညက်နေအောင်ထောင်းပြီး ထည့်ရင်ပိုမကောင်းဘူးလားဆိုပြီးမေးတော့ အလုပ်ရှုပ်တယ် တောထဲမှာဆိုရင် ပါးစပ်နဲ့သုံးလေးချက်ကိုက်ပြီး ဟင်းအိုးထဲထည့်တာ၊ အရသာအတူတူပဲလို့ပြောတော့ ကျတော်လည်း အင်း…ကျေနာ်တို့ နှစ်ယောက်ပဲစားမှာမဟုတ်တော့ အဆင်ပြေပါတယ် ဆိုပြီး နှစ်ယောက်သားရယ်လျက် အိုးအဖုံးကိုပြန်ဖုံးလိုက်ကြတယ်။
Pu Tui Dim ပြည်တွင်းပြန်နေပြီးနောက် DVB မှာ လွှင့်တဲ့ တိုင်းရင်းသားဘာသာအစီအစဉ်မှာ ခေါနူးသုမ်မီဒီယာကိုယ်စား သူက Producer, ကျေနာ်လည်း ၂၀၁၇ ကနေစပြီး ချင်းဝေါလ်မီဒီယာကိုယ်စား Producer လုပ်တော့ ပိုပြီးတော့ အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုရှိလာတာပေါ့။ အများစုကတော့ ညည်းတာပါပဲ။ သတင်း၊ ဆောင်းပါး၊ အင်တာဗျူးတွေအားလုံးကို ဗမာလို Script ရေးရတယ်။ အားလုံးကိုလည်း စာတန်းထိုးရတယ်။ ကျေနာ်တို့နှစ်ယောက်စလုံးက စာတန်းထိုးတာကို အငြီးငွေ့ဆုံး။ အင်တာဗျူးခံရသူတွေက အားရပါးရ ပြောတာတွေကို အချိန်နဲ့ကိုက်အောင် Script ရေးရတယ်။ ပြီးတော့ စာတန်းလည်းထိုးရတယ်။ ချင်းလိုပြောတာကို ဗမာလိုစာတန်းထိုးတာက ပြသနာမရှိဘူး။ Script ကိုဗမာလိုရေးတာဆိုတော့ copy လုပ်ပြီး သတ်မှတ်ချက်အတိုင်း စာတန်းထိုးရုံပဲ။ ဗမာလိုအင်တာဗျူးတွေကိုကျတော့ ချင်းဘာသာလို အစကနေပြန်ရေးပြီး စာတန်းထိုးရတယ်။ ကျေနာ်တို့အပြီး ဗီဒီယိုအက်ဒစ်လုပ်သမျှ ထိုင်းကိုအရင်ပို့ရတယ်။ သူတို့ကတစ်ဆင့် DVB ကိုပြန်ပို့တာပေ့ါ။ တစ်ခေါက်တော့ ကျတော် ဗမာလိုပြောတဲ့ အင်တာဗျူးတွေကို အစီအစဉ်ကြည့်တဲ့သူတွေက ဗမာလိုနားလည်ကြတာပဲဆိုပြီး ချင်းလိုစာတမ်းမထိုးပဲပို့ကြည့်လိုက်တယ်။ ဟိုကလည်း ဘာမှပြန်မပြောပဲလွှင့်တယ်။ သုံးလေးခါလောက်လွှင့်တော့ Pu Tui Dim ကဖုန်းဆက်လာတယ်။ နင်ချင်းလိုစာတန်းမထိုးတာ ဘာမှပြန်မပြောကြဘူးလားတဲ့။ ဘာမှပြန်မပြောလို့ အဲလိုပဲဆက်လုပ်တယ်လို့ ပြန်ပြောတော့ သူလည်း နောက်ပိုင်း အဲလိုလုပ်မယ်ဆိုပြီး သူလည်းအဲလိုပို့တယ်။ တစ်လမကြာဘူး။ နှစ်ယောက်စလုံးဆီစာရောက်လာတယ်။ ဗမာလို ဖြေတဲ့အင်တာဗျူးတွေကို ချင်းလိုဘာသာပြန်ပြီး စာတမ်းထိုးပါတဲ့။ နောက်နေ့မှာပဲ Pu Tui Dim ဆီကဖုန်းဝင်လာတယ်။ နင့်အကြံတိုင်းလုပ်တာ ဟုတ်လှပြီထင်နေတာ တစ်လတောင်မခံပါလားတဲ့။ ကျေနာ်လည်း ဒါဆိုလည်း သူတို့ပြောတဲ့အတိုင်း လုပ်ရုံပဲပေါ့ဆိုပြီး ပြန်ပြောတော့ အလကားနေ ငါလည်းအပြောခံရတယ်တဲ့။ ဒါနဲ့သူ့ကိုမေးလိုက်တယ်။ ကိုယ်ထုတ်လွှင့်တဲ့ အစီအစဉ်တွေကိုကော တီဗီမှာပြန်ကြည့်လားမေးတော့ … အသေးစိတ် ကိုယ်ကအက်ဒစ်လုပ်တာနဲ့တင် အလွတ်ရပြီး အီနေပြီ။ ပြန်ကြည့်ရင် ပြန်ပင်ပန်းသလိုခံစားရတာပဲ အဖတ်တင်တယ်ဆိုလို့ ကျတော့်ဆီလည်း အဲဒီအကျင့်ကူးသွားပြန်ရော။
ဒီလိုအမှတ်တရတွေ ပြန်ပြောင်းသတိရတာကလည်း အခုလိုစာနဲ့ရေးဖြစ်မယ်လို့ တစ်ခါမှမတွေးမထင်ထားပေမယ့် Pu Tui ရဲ့ သတင်းကြားပြီး အလိုလို ခေါင်းထဲပြန်ရောက်လာပေမယ့် ကောင်းတဲ့ ဖြစ်စဉ်တရားတော့မဟုတ်ပေဘူး။ ဒီလို ကာလမှာ လူတွေ အတုန်းအရုံးသေကြေကြချိန် Pu Tui လည်း အသက်ပေးရတဲ့ တော်လှန်ရေးလုပ်ငန်းပြန်လုပ်ရင်း မပြီးပြတ်သေးတဲ့ တော်လှန်ရေးကာလမှာ အချိန်စောလျှင်စွာထွက်သွားဖို့ လမ်းဘာလို့ရွေးတာလဲလို့တောင် အပြစ်တင်ချင်စိတ်ရှိပေမယ့် စိတ်ရင်းအမှန်နဲ့တော့ လေးစားဂုဏ်ပြုမိတာအမှန်ပဲ။ ဒါပေမယ့် ဝမ်းနည်းခြင်းနဲ့ သွယ်ယှက်နေတဲ့ ဂုဏ်ပြုခြင်းဖြစ်ရလေရဲ့။ ဒီလိုစာကို မရေးဖြစ်ဖို့ ဆုတောင်းနေခဲ့ပေမယ့် နင့်သတင်းရေးရင်း ဒီလိုစာလည်းအလိုလိုထွက်လာတာပါပဲ။
Pu Tui နင်ဘယ်သွားမလို့လဲ . . .?? ။
လေးစားအောက်မေ့လျက်
Salai