မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းများအား လာမည့်မတ်လတွင် အပြီးဖျက်သိမ်းရန် စာရင်းကောက်ယူ

မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းများအား လာမည့်မတ်လတွင် အပြီးဖျက်သိမ်းရန် စာရင်းကောက်ယူ
ဓာတ်ပုံ- ပုံဟောင်း
ဓာတ်ပုံ- ပုံဟောင်း

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို လာမယ့်မတ်လ နွေရာသီကျောင်းပိတ်ရက်မှာ အပြီးဖျက်သိမ်းဖို့ သက်ဆိုင်ရာဌာနတွေကနေ စစ်ရှောင်စခန်းတိုင်းရဲ့စာရင်းကို ကောက်ယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအစီစဉ်ကို အကောင်အထည်ဖော်ဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလလောက်ကစပြီး စစ်ရှောင်စခန်းတွေကို စာအကြိမ်ကြိမ် ပေးပို့လာတဲ့အပြင် ဝန်ကြီးတွေနဲ့ သက်ဆိုင်ရာအစိုးရဌာနအသီးသီးက စစ်ရှောင်စခန်းကို ရောက်ရှိလာပြီး အမြန်ဆုံးပြောင်းရွှေ့ဖို့ ပြောကြားလာတာတွေ ရှိတယ်လို့ မြစ်ကြီးနားမြို့၊ စစ်ရှောင်စခန်းကြီးတစ်ခုမှာရှိတဲ့ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“နွေရာသီကျောင်းပိတ်တဲ့ အချိန်တွင်းမှာ ကိုယ့်နေရပ်ဌာနေကို ဘယ်သူမဆိုကိုယ်နေရပ်၊ ကိုယ်စဉ်စားထားတဲ့ နေရာကို သွားနေရမယ်တဲ့။ဒီစခန်းမှာပဲ နေနေမယ်ဆိုရင် ကျွန်မတို့အတွက်လည်း တိုးတက်မှုမရှိတဲ့အတွက် ပြန်ကို ပြန်ရမယ်ဆိုတာတွေကို ဒီမှာ(စစ်ရှောင်စခန်း)ကို လာပြောသွားတယ်”လို့ဆိုပါတယ်။

စစ်ကောင်စီကနေ စခန်းဖျက်သိမ်းရေးကို လုပ်ဆောင်နေတာ ကြာပြီဖြစ်ပေမယ့် အခုအချိန်ထိ ဖျက်သိမ်းနိုင်တာ မရှိတဲ့အတွက် ၂၀၂၃ ခုနှစ်မှာ ဖျက်သိမ်းနိုင်ရေးကို အကောင်ထည်ဖော် လုပ်ဆောင်သွားမှာဖြစ်လို့ မဖြစ်မနေထွက်ခွာရတော့မှာလို့လည်း စစ်ရှောင်တွေက ပြောပါတယ်။

စခန်းဖျက်သိမ်းဖို့ ဗိုလ်ချုပ်ထွန်းထွန်းနောင်ကလည်း ဒီဇင်ဘာလ(၇)ရက်နေ့မှာ ဇီးလွန်စစ်ရှောင်စခန်းကို ရောက်ရှိလာပြီး ပြောကြားခဲ့တာတွေရှိတယ်လို့ ဇီးလွန်စစ်ရှောင်စခန်းနေ စစ်ရှောင်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“ဗိုလ်ချူပ်ထွန်းထွန်းနောင်ဆိုသူ ရောက်လာတယ်။ IDP ဆိုတာကို မထားတော့ဘူး၊ စစ်ရှောင်စခန်းကို ဖျတ်သိမ်းမယ်ဆိုပြီး လာပြောတယ်။ သူတို့ကူညီမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဘယ်အချိန် ကူညီမယ်ဆိုတာတော့ မပြောဘူး”လို့ အထက်ပါစစ်ရှောင်အမျိုးသားက ဆိုပါတယ်။

စစ်ရှောင်စခန်းဖျက်သိမ်းလိုက်ဖို့အတွက် စစ်ရှောင်တွေကို မိမိအစီအစဉ်နဲ့ နေမယ့်သူ၊ နေရပ်ပြန်မယ့်သူနဲ့ အစိုးရအစီစဉ်နဲ့နေမယ့်သူဆိုပြီး ခေါင်းစဉ်ခွဲပြီးတော့ စာရင်းကောက်ယူတာတွေ ပြုလုပ်ပြီးပြီလို့လည်း သိရပါတယ်။

နိုင်ငံရေးရှုပ်ထွေးနေတဲ့ကာလမှာ စစ်ရှောင်စခန်းဖျက်သိမ်းရေးကို မဖြစ်မနေ လုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် စစ်ရှောင်ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေပိုပြီး ခံစားနေရတယ်လို့လည်း ဆိုပါတယ်။

အစိုးရအစီအစဉ်နဲ့ နေမယ့်သူတွေကိုတော့ ပလနငွေပျော်စံပြကျေးရွာနဲ့ မော်ဖောင်းကျေးရွာဘက်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးနေရာတွေမှာ အိမ်ခြံဝင်းလုပ်ပြီး ပြောင်းရွေ့ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

မိမိဌာနေပြန်မယ့်သူတွေကိုကတော့ လိုအပ်တဲ့နေအိမ်ဆောက်ပေးတာနဲ့ လိုအပ်တာတွေကို ကူညီပေးသွားမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ စစ်ရှောင်စခန်းကထွက်မယ့်သူတွေကိုတော့ သူတို့ဝယ်ယူထားတဲ့နေရာမှာ လိုအပ်တာတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အကြမ်းဖျင်းသိရှိထားတယ်လို့ စစ်ရှောင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီက စစ်ရှောင်စခန်းဖျက်သိမ်းရေးကို မဖြစ်မနေမကောင်ထည်ဖော် ဆောင်ရွက်လာတော့မှာ ဖြစ်တဲ့အတွက် မိမိရွေးချယ်ထားတဲ့ အစီစဉ်အတိုင်း ထွက်ခွာရတော့မှာဖြစ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ သူတို့ကို ကူညီပေးဖို့ တောင်းဆိုပါတယ်။

နေရပ်ပြန်သူတွေအနေနဲ့လည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ရဦးမှာဖြစ်တာကြောင့် လစဉ်ထောက်ပံ့နေတဲ့ ထောက်ပံ့မှုတွေကို (၁)နှစ် သို့မဟုတ် (၂) နှစ်လောက် ဆက်လက်ထောက်ပံ့ပေးဖို့နဲ့ နေအိမ်တွေဆောက်လုပ်ပေးပြီး အခြားလိုအပ်တာတွေကို ကူညီပေးဖို့လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

မိမိအစီစဉ်နဲ့ နေထိုင်မယ့်သူတွေ အစိုးရအစီစဉ်နဲ့ နေမယ့်သူတွေကိုလည်း အတည်တကျ မဖြစ်ခင်အထိ ဆက်လက်ထောက်ပံ့ပေးဖို့ စစ်ရှောင်ပြည်သူတွေက မြစ်ကြီးနားသတင်းဂျာနယ်ကတစ်ဆင့် တောင်းဆိုခဲ့ပါတယ်။

မြစ်ကြီးနားမြို့တွင်းမှာ စစ်ရှောင်စခန်း (၂၀) ကျော်လောက်ရှိပြီး အဲဒီစစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA တပ်တို့ရဲ့ တစ်ကျော့ပြန်စစ်ပွဲတွေကြောင့် မိမိဌာနေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...