IDP ဆိုသည့်အသံ မကြားလိုတော့ကြောင်း ဒုတိယ ဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က စစ်ရှောင်များကို ပြောဆိုခဲ့

IDP ဆိုသည့်အသံ မကြားလိုတော့ကြောင်း ဒုတိယ ဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က စစ်ရှောင်များကို ပြောဆိုခဲ့

IDP ဆိုသည့်အသံ မကြားချင်တော့သဖြင့် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေး အမြန်ဆုံးဆောင်ရွက်နေသသည်ဟု စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ထွန်းထွန်းနောင်က မြစ်ကြီးနားရှိ စစ်ရှောင်များကို ပြောဆိုခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ဇီးလွန် စစ်ရှောင်စခန်းတွင် စစ်ကောင်စီ၏ ဝန်ကြီးများသွားရောက်ခဲ့စဉ် ယခုလို ပြောဆိုခဲ့သည်ဟု ဇီးလွန်စစ်ရှောင်စခန်းမှ အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောသည်။

“သိပ်မကြာခင်မှာ သူတို့အားလုံးစီစဉ်တော့မှာတဲ့ စခန်းပိတ်သိမ်းဖို့။ နိုင်ငံတကာက ကြည့်လည်း မသင့်တော်တော့ဘူး။ နိုင်ငံတကာကလည်း ပြောနေပြီ။ စစ်ရှောင်မရှိတော့ရင် ကောင်းလိမ့်မယ်ဆိုပြီး ပြောနေပြီ ဖြစ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ စစ်ကြောင့်ထွက်ပြေးနေရတဲ့ IDP လို့ မပြောပဲနေရအောင်။ အခြေအနေအမျိုးမျိုးကြောင့် ရှောင်တိမ်းနေရတယ်ပဲ ပြောရအောင် ဆိုပြီး လာပြောတယ်။ IDP ဆိုတာနားကြားခါးတယ်တဲ့ မကြားချင်တော့ဘူးတဲ့”ဟု ပြောသည်။

အဆိုပါ စစ်ရှောင်များကို လာရောက်ပြောဆိုရာတွင် စစ်ကောင်စီ ဗိုလ်ချူပ်ကြီးထွန်းထွန်းနောင်နှင့်အတူ ကချင်ပြနယ် လူကယ်ပြန်၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အဖွဲ့  စုစုပေါင်း ၁၀ ယောက်ကျော် ပါဝင်ခဲ့ကြောင်းသိရသည်။

စစ်ရှောင်ပြည်သူများကို မူလထွက်ပြေးခဲ့ရသော နေရပ်သို့ပြန်ရေး၊ စစ်တပ်က ပြန်လည်နေရာချထားသည့် ငွေပျော်စံပြ ကျေးရွာတွင် နေထိုင်ရေး နှင့် မိမိအစီအစဉ်ဖြင့် ရပ်တည်နေထိုင်သွားရေး စသည့် အချက် ၃ ချက်အနက်တစ်ခုခုကို ရွေးချယ်စေကာ စခန်းပိတ်သိမ်းရေး လုပ်ဆောင်နေသည်ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း ဗက်လင်စစ်ရှောင်ပြည်သူတစ်ဦးပြောဆိုသည်။

“ဘာဘဲဖြစ်ဖြစ်သူတို့က အိမ်ကတော့ မဆောက်ပေးဘူး။ ပလန ငွေပျော်စံပြ ကျေးရွာကို သွားနေမဲ့ သူတွေကိုတော့ အဲ့ရွာကအတိုင်း အိမ်ရမယ်။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ခြံဝယ်ပြီး နေသွားမဲ့ သူတွေကိုလည်း ညီတူညီမျှပေးမယ်။ ဘယ်လောက်ဘယ်လိုပေးမယ် ဆိုတာတော့ မပြောဘူး၊ မပြောနိုင်သေးဘူးလို့ပြောတယ်”ဟုဆိုသည်။

ထိုသို့ စစ်ကောင်စီ၏ စခန်းပိတ်သိမ်းရေး စီမံချက်အတိုင်းလိုက်နာပြီး ထောက်ပံ့ပေးသည့် ငွေကြေးလက်ခံသော မည်သူမဆို IDP မဟုတ်တော့ကြောင်း သဘောတူ လက်မှတ်ရေးထိုးရမည့် အခြေအနေဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“စခန်းပိတ်သိမ်းချိန်မှာတော့ နည်းနည်းပဲဖြစ်ဖြစ်၊ များများပဲဖြစ်ဖြစ် သူတို့ရဲ့ထောက်ပံ့ငွေ ရယူသူ ဘယ်သူမဆိုက ကျနော်၊ကျမက IDP  မဟုတ်တော့ကြောင်း ခံယူပြီး လက်မှတ်ထိုးခိုင်းမဲ့ သဘောဖြစ်တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၃ လခန့်မှစတင်ပြီး စစ်ကောင်စီသည် ရှမ်းမြောက်နှင့် ကချင်ဒေသရှိ စစ်ရှောင်စခန်းများပိတ်သိမ်းရေးအတွက် နည်းအမျိုးမျိုးဖြင့် ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။

ထိုသို့ စစ်ကောင်စီကိုယ်စားလှယ်များ၏ ဖိအားပေးမှုကြောင့် စစ်ရှောင်ပြည်သူအချို့သည် နေရပ်ပြန်နေကြသလိုအချို့မှာ စခန်းတွင်သာ ဆက်လက်နေထိုင်မည်ဟု ဆုံးဖြတ်ထားသူများလည်း ရှိနေသည်။

“ပြန်လို့ရပြီ။ တည်ငြိမ်အေးချမ်းပြီဆိုပြီး စစ်တပ်က အတင်းအကြပ်လုပ်နေတာဖြစ်တယ်။ သူတို့ကတော့ အခုလိုအချိန်မှာ ဘယ်သူ့မျက်နှာမှ ထောက်မှာ မဟုတ်ဘူး။ သူတို့အမိန့်တစ်ခုနဲ့ပဲ သွားလိမ့်မယ်။ စစ်ရှောင်တွေ ဒီနေ့ပြန်တော့လို့ အမိန့်ပေးရင် ပြန်ရမှာပဲဖြစ်တယ်။ IDP ဆိုတာကို မကြားချင်တော့ဘူးဆိုတော့ စဉ်စားရတော့မှာပဲ။ ဒါပေမဲ့ ကျနော်တို့ စစ်ရှောင်တွေ ဘာမှ ပြင်ဆင်ထားခြင်းမရှိပဲ ဘာလုံခြုံမှုအာမခံမှ မရှိပဲပြန်ဖို့က တော်တော်တော့ခက်လိမ့်မယ်”ဟု လယ်ကုန်း မလိယန် စစ်ဘေးရှောင်စခန်း မှ စစ်ရှောင်ပြည်သူတစ်ဦး က ပြောသည်။

နိုင်ငံရေးအခြေအနေတွင် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ရှောင်များကို အတင်းအဓမ္မ နေရပ်ပြန်ရန် ဖိအားပေးနေခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း စစ်ရှောင်များ နေပြာဆိုနေကြသည်။

လက်ရှိ မိုးမောက် နှင့် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုများကြောင့် စစ်ရှောင်အသစ်များ ရှိနေဆဲ ဖြစ်သည်။

October 11, 2024
ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ ၁၀၀၂ တပ်ရင်း ဌာနချုပ်မကျရေးအတွက်...
October 10, 2024
ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင် သတ္တုလုပ်ငန်းခွင်တွေမှာ...
October 9, 2024
တစ်လအကြာ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ Lucky Men Hotel ထဲက...
October 7, 2024
ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး...