ထောင်ဒဏ် ၁၃ နှစ်အထိချမှတ်ခံထားရသည့် ရခိုင်ပြည်၊ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ ဘယ်ဘက် မျက်စိတစ်ဖက်မှာ တိမ်စွဲကပ်နေခြင်းကြောင့် မမြင်ရဘဲဖြစ်နေသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေသဖြင့် အမြန်ဆုံးခွဲစိတ်ကုသခွင့်ရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။
သမီးဖြစ်သူ မကြည်ကြည်ဦးက “အဖေက အသက်လည်းကြီးနေပြီဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်လာ ရင်တော့ စိုးရိမ်တာပေါ့။အမြန်ဆုံး ဆေးကုသခွင့်ပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့။ မျက်စိဆိုတာမျိုးက ကြာလာရင် အဆင်မပြေဘူးလေ။ မျက်စိမမြင်ရလို့ရှိရင် ဘာမှအဆင်မပြေတော့ အမြန်ဆုံးခွဲစိပ်ဆေးကုသခွင့်ပေးဖို့ တောင်းဆိုချင်တယ်”ဟု သူကပြောသည်။
ဦးညီပု၏ ဘယ်ဘက်မျက်စိတွင် တိမ်စွဲကပ်စပြုနေသည်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင် နေသည့် အချိန်ကဖြစ်ပြီး ယင်းအချိန်က မအားလပ်မှုများကြောင့် ခွဲစိတ်ကုသမှုများမလုပ်ဆောင်နိုင်ခဲ့သည့်အတွက် လက်ရှိအကျဉ်းကျနေစဉ်တွင် အဆိုပါရောဂါမှာ ပို၍ပြင်းထန်လာခြင်းဖြစ်သည်ဟုလည်း မိသားစုဝင်များထံမှ သိရသည်။
ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ်၊ အဂတိလိုက်စားမှုပုဒ်မ သုံးခုဖြင့် ထောင်ဒဏ်(၉)နှစ်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က)တို့ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
မျက်စိနေမကောင်းဖြစ်နေသည်ကို အဆိုပါထောင်မှ လွတ်မြောက်လာသူများထံမှ တစ်ဆင့်ခံသိရရှိခြင်းဖြစ်ပြီး မျက်စိအားခွဲစိတ်ကုသခွင့်ရရှိရန် ဦးညီပုကိုယ်တိုင် ထောင်တာဝန်ရှိသူများကို စာတင်ကာ တောင်းဆိုထားကြောင်း သိရှိရသည်ဟု မိသားစုဝင်များကဆိုသည်။
သို့သော် မိသားစုဝင်များမှာ ယခုအချိန်ထိ ဝန်ကြီးချုပ်ဟောင်းနှင့်တွေ့ခွင့်မရသေးသလို ထောင်တာဝန်ရှိသူများကလည်း ဦးညီပု၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ အကြောင်းကြားလာခြင်းမရှိသေးဟု မကြည်ကြည်ဦးက ပြောသည်။
“အဲဒီမျက်စိအတွက်နဲ့ မိသားစုကိုဆက်သွယ်ပြီးတော့ ဘာမှပြောတာဆိုတာမရှိသေးဘူး။ သူတို့ဘက်က အခုအချိန်ထိ အပြင်ထုတ်ပြီးတော့ ခွဲစိပ်ကုသတာတို့၊ဘာတို့ လုပ်ပေးမယ်ဆိုတဲ့အကြောင်းတွေကို သူတို့ဘက်က ပြောလာတာတော့ မရှိသေးဘူး”ဟု သူကဆိုသည်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ဦးညီပု၏ ဇနီး ဒေါ်ဝင်းကြည်ကိုယ်တိုင် အကျဉ်းထောင်တွင် ထောင်ဝင်စာလာတွေ့ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း မိသားစုဝင်များကဆိုသည်။ စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူများအတွက် ထောင်ဝင်စာကို ပို့ခွင့်ရသော်လည်း မိသားစုနှင့်တွေ့ဆုံခွင့်မှာ ယနေ့တိုင် ကန့်သတ်ပိတ်ပင်ထားဆဲဖြစ်သည်။
ဦးညီပုကို မြန်မာစစ်တပ်မှ အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားခဲ့သည်။ သို့သော် အကျယ်ချုပ်ကျနေစဉ် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများ ပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်လွှင့်ရာ မြန်မာစစ်တပ်ဖက်က ပြန်လည်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုမှု ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခြင်းသည် အကျဉ်းကျခံနေရသူများအတွက် လူမှုရေး၊ကျန်းမာရေးအရ များစွာနစ်နာမှုများရှိကြောင့် ရခိုင်မှ ဝါရင့်တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
“ကိုဗစ်ကိုဖြေလျော့လိုက်ပြီဆိုရင် အကျဉ်းကျနေတဲ့သူတွေကိုမိသားစုဝင်တွေနဲ့တွေ့ခွင့်ပေးသင့်တယ်။ ဥပမာ ထောင်ရဲ့ လုံခြုံရေးအတွက်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့လာတဲ့သူတွေကို အသေအချာ စိစစ်ပြီးတော့၊ ထောင်မှာလာပို့တဲ့ပစ္စည်းတွေကိုလည်း အသေအချာလက်ခံစိစစ်ပြီးတော့ လုပ်သင့်တယ်။ မိသားစုဝင်တွေနဲ့ လူကိုယ်တိုင်တွေ့ပြီးမှလည်း အကျဉ်းကျနေတဲ့သူတွေရဲ့ စိတ်ခံစားချက်တွေလည်း အားဖြစ်စေတာပေါ့။ ထောင်ထဲမှာနေရတဲ့သူတွေရဲ့ အခက်အခဲတွေ၊ စားနပ်ရိက္ခာလိုအပ်ချက်တွေ၊ ဆေးဝါး ပစ္စည်းတွေကအစ သူတို့ လိုအပ်တာတွေကို မိသားစုဝင်တွေကိုပြောလို့ရမှာပေါ့။အခုလိုတွေ့ခွင့်မရတာက အကျဉ်းသားတွေအနေနဲ့ အများကြီးနစ်နာတာပေါ့။ လူမှုရေး၊ကျန်းမာရေးအရ အများကြီးနစ်နာတယ်”ဟု သူကဆိုသည်။
အကျဉ်းသားများနှင့် လူချင်းတွေ့ခွင့်ကို ကန့်သတ်ထားသည်မှာ ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ကိုဗစ်စည်းကမ်းများနှင့်အညီ ကန့်သတ်ပိတ်ပင်ထားခြင်းဟု စစ်တွေအကျဉ်းထောင်နှင့်နီးစပ်သူများ၏ ပြောဆိုချက်အရ သိရသည်။ လက်ရှိ ကိုဗစ်ရောဂါဖြစ်ပွားနှုန်းလည်း ကျဆင်းနေပြီဖြစ်သဖြင့် ထိုကန့်သတ်ချက်ကို ရုပ်သိမ်းရန် အကျဉ်းကျနေသူများ၏ မိသားစုဝင်များက လိုလားနေကြသည်။