ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသက ပြည်သူလူထုတွေ စစ်ဘေးရှောင်နေရတာ တစ်နှစ်ကျော် ရှိလာပြီး စစ်ရှောင်အချိန်ကြာလာတာနဲ့အမျှ ရေရှည်စားဝတ်နေရေးအတွက် အကူအညီလိုအပ်လျှက်ရှိနေတယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။
ယခင်၂၀၂၁ခုနှစ် က တောင်ယာ၊ လယ်ယာတွေမှာ စစ်ရှောင်နဲ့ပြည်သူတချို့ စပါးစိုက်ပျိုးနိုင်တာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အခက်အခဲမျိုးစုံကြားက မစိုက်ပျိုးနိုင်ခဲ့သလို ကုန်စျေးနှုန်းလည်း အဆမတန်မြင့်တက်နေတဲ့အတွက် လာမယ့် ၆လအကြာမှာ စစ်ရှောင်စားဝတ်နေရေးအတွက် အထူးစိုးရိမ်ဖွယ် ရှိတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့အရင်တုန်းကဆို တစ်ပတ် စာပေါ့နော တစ်မိသားစုကို တစ်ပြည် နှစ်ပြည် ကျနော်တို့ တခါတလေ အိတ်အကြီးကို သုံးအိတ်ခွဲလိုက်တယ်ပေါ့နော်။ သုံးအိတ်ခွဲပြီး ငါးပြည်အိတ် ထိ ပေးတယ်ပေါ့။ အခုနောက်ပိုင်းတော့ ဗူးတွေနဲ့ပဲ ခွဲပေး နေရတယ်ပေါ့နော်။ ဒါမှ အကုန်လုံးကို မလောက်ငှ နိုင်ဘူးပေါ့နော်။ တခြားအဖွဲ့တွေလည်း ဝိုင်းကူညီရင်းနဲ့ အဲ့လိုပဲ သွားနေရတယ်။ အရင်တစ်နှစ်က လယ် လုပ်လို့ အဆင်ပြေသေးတယ်လေနော်။ အဲ့ဒါတော့ ဆန်နည်းနည်းလေးတော့ အဆင်ပြေသေးတယ်။ ဒီနှစ် လယ်လည်း လုပ်လို့မရသေးဘူးဆိုတော့ လာမယ့် ၆ လအတွင်းတော့ တော်တော်လေး ပိုဆိုးသွားနိုင်တယ်ပေါ့နော်။” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ စစ်ရှောင်စခန်းသွားဖို့ လမ်းပန်းဆက်သွယ်ရေးအတွက် ခက်ခဲမှုတွေရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။ လက်ရှိမှာလည်း အလှူရှင်တွေဟာ ယခင်ကထက် ပိုနည်းလာတဲ့အတွက် နေ့စဉ်စားဝတ်နေရေးကိုတောင် ပုံစံမျိုးစုံနဲ့ ဖြေရှင်းနေရတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုယောဟန်က ပြောပါတယ်။
“အလှူရှင်တွေက နည်းလာတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်တယ်ပေါ့နော်။ ဥပမာ တစ်ပတ်ကို တစ်ဖွဲ့နှစ်ဖွဲ့ရှိတာတောင်မှ စားဝတ်နေရေးအတွက် အဆင်မပြေဘူး။ အခုက တစ်လမှ တစ်ခေါက်နှစ်ခေါက်ပဲ လာတဲ့ဟာတွေရှိတယ်။ လာတာတောင်မှ ပြည့်ပြည့်စုံစုံမပေးနိုင်ဘူး။ အခက်အခဲပိုဖြစ်နေတယ်။ ဆိုတော့ စားသောက်ဖို့အတွက် ဆန်၊ဆီ၊ဆားကအစ လိုအပ်တဲ့ဟာတွေဖြစ်လာတယ်။ ကျနော်တို့က ရှိတဲ့လူဆီမှာ ကျနော်တို့ ချေးပြီးလုပ်တဲ့ဟာတွေရှိတယ်။ တချို့က ကျနော်တို့ အသိမိတ်ဆွေတွေ စစ်ဘေးရှောင်မဟုတ်တဲ့သူတွေ တောင်းတဲ့ဟာတွေရှိတယ်။ အမျိုးမျိုးဖြေရှင်းနေရတယ်ပေါ့နော်။”လို့ ကိုယောဟန်က ပြောပါတယ်။
ဒီးမော့ဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ တစ်နှစ်ကျော်ကြာ စစ်ရှောင်နေတဲ့ ဦးကျော်နီကတော့ အလှူရှင်ကိုသာ အဓိက မှီခိုနေရပြီး အလှူရှင်ကူညီပေးတဲ့ ရိက္ခာတွေနဲ့ပဲ ချွေတာ စားသောက်နေရတယ်လို့ အခုလိုပြောပြပါတယ်။
“ လက်ရှိ စားဝတ်နေရေး အခြေအနေဆိုရင် ကျနော်တို့က နေ့တိုင်း ချွေတာ သုံးစွဲနေရပါတယ်။ ထမင်းကြမ်းကို ပြန်နွေးပြီး စားပါတယ်။ ထမင်းနွေးနဲ့ ပြန်ရောပါတယ်။ စားဝတ်နေရေး ခက်ခဲတာကြောင့် တခါတလေမှာ ကျနော်တို့က လျှော့စားရတယ်။ လူကြီးက တစ်နပ်လျှော့စားတယ်။ ကလေးက ကလေးကိုကျတော့ ပုံမှန်ပဲ ခွဲတမ်းလိုမျိုးပဲ ဝေစားပေးရတယ်ပေါ့။ “ လို့ ဦးကျော်နီက ပြောပါတယ်။
စစ်ရှောင်စခန်းအသီးသီးမှာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ပံ့ပိုးထားမှုကို အဓိက အားကိုးနေရပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ (World Food Programme) WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အနေနဲ့လည်း လှူဒါန်းပေးဖို့ လိုအပ်တယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ကတော့ ကမ္ဘာ့အဖွဲ့အစည်းတွေကို တောင်းဆို ချင်တာပေါ့နော်။ ဥပမာ WFPတို့ ဘာတို့ပေါ့နော။ သူတို့ ထိထိရောက်ရောက်ကူညီပေးနိုင်ရင်တော့ကောင်းတယ်။ ဒါပေမယ့် သူတို့ဟာကျတော့ အဲ့လို မလိုအပ်တဲ့နေရာပေးပြီးတော့ တကယ့်လိုအပ်တဲ့ နေရာ သူတို့မရောက်ဘူး ဖြစ်နေတယ်ပေါ့နော်။ တကယ်တမ်းဆို သူတို့လည်း နည်းနည်းကူပေးမယ်။ ကျနော်တို့ အလှူရှင်နည်းနည်း မှီခိုမယ်ဆိုလို့ရှိရင်တော့ နည်းနည်းပိုခံသာမယ်ပေါ့။” လို့ သူက ပြောပါတယ်။
WFPအဖွဲ့မှ ၂၀၂၂ခုနှစ် မေလ ၆ရက်နေ့မှာ လွိုင်ကော်မြို့ ဒေါတမရပ်ကွက်က ဒေသခံတွေကို ဆန် (၇)ပြည် ၊ ဆီ တစ်လီတာ ၊ ဆား ၁ ထုပ် ၊ ပဲ ၁ ပိဿာ စတာတွေကို ပံ့ပိုးတာတွေ ရှိခဲ့ပါတယ်။
ကရင်နီပြည်မှာ စစ်ဘေးရှောင်နှစ်သိန်းကျော်ရှိပြီး ပြည်နယ်တွင်းက စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်နေကြသူတွေရှိသလို နီးစပ်ရာပြည်နယ်တွေမှာလည်း စစ်ဘေးရှောင်နေကြတာရှိပါတယ်။
မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို ၊ဖရူဆို စတဲ့ ဒေသက နေရာတော်တော်များများက နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ နေရပ်ပြန်ဖို့ အလှမ်းဝေးနေသေးသလို ဒေသခံနေအိမ်အများစုဟာလည်း လက်နက်ကြီးဒဏ်၊ ရှို့မီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပါတယ်။