မညီညာမှုတွေနဲ့အတူ ခက်ထန်ပြီး စိုစွတ်နေတဲ့လမ်းခရီးမှာ ပိဿာချိန် (၂၀) နီးပါးရှိတဲ့ အထုပ်တွေကို ကိုယ်စီထမ်းပြီး လူတွေ အသွားအလာမပြတ် ရှိနေကြပါတယ်။
အဲဒီထဲမှာ အသက်ကြီးတဲ့သူတွေ ပါသလို ကျောင်းနေအရွယ် ကလေးတွေလည်း ပါဝင်ပါတယ်။ လူတိုင်းကတော့ နိုင်ရာဝန်ကို ကိုယ်စီ ထမ်းပြီး ကြမ်းတမ်းတဲ့လမ်းမှာ ခရီးဆက်နေကြတာပါ။
ဒီမြင်ကွင်းကို ပူတာအိုခရိုင်ထဲက အမြင့်ပေ (၆၀၀၀) နီးပါးရှိတဲ့ ဂျန်အွမ်းရဇီတောင်ပေါ်မှာ တွေ့ရတာပါ။ အရင်က လူပြတ်ခဲ့တဲ့ တောလမ်းခရီးဟာ အခုချိန်မှာတော့ လူအသွားအလာမပြတ် ဖြတ်သန်းမှုတွေ ရှိနေပါပြီ။
အဲဒီလို ခက်ထန်တဲ့ တောင်ပေါ်လမ်းခရီးမှာ အထုပ်အပိုးကိုယ်စီနဲ့ သွားလာနေကြတဲ့ သူတွေကတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက လန်းဒဂျောင်၊ ရနင်ထီ၊ ဇီးထန်၊ ဇန်ယော့ စတဲ့ဒေသတွေဘက်က ပြည်သူတွေဖြစ်ပါတယ်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် တရုတ်- မြန်မာနယ်စပ်ဂိတ်တွေ ပိတ်ပင်လိုက်တဲ့အချိန်နဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဒေသတွေမှာ စားနပ်ရိက္ခာတွေ ရှားပါးသွားတဲ့အတွက် သူတို့ဟာ ပူတာအို မြို့ဘက်ကနေ လာရင် ခေါင်လန်ဖူးမြို့မရောက်ခင် ထလားလော်ကျေးရွာမှာ နေ့စဉ်စားသောက်ဖို့အတွက် ရိက္ခာတွေကို ခြေကျင်နဲ့ ခက်ခက်ခဲခဲ သွားရောက် ထမ်းယူနေကြရတာ ဖြစ်ပါတယ်။
“တောင်ပေါ်လမ်း ခြေကျင်လမ်းခရီးဆိုတော့ အရမ်းချော်တယ်။ ရဗွက်တွေ များတယ်။ မိုးရွာတဲ့အချိန်ကျရင် ရိက္ခာတွေ ဆန်တွေသယ်ဖို့က တော်တော်လေးမလွယ်ဘူး။ ခက်တယ်။”လို့ ခေါင်လန်းဖူးမြို့ဇာတိ၊ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဖုန်ရမ်က ပြောပါတယ်။
‘ခေါင်လန်ဖူး’ ဆိုတာ ရဝမ်ဘာသာနဲ့ မှည့်တွင်ထားတာဖြစ်ပြီး ‘ချိုင့်ဝှမ်း’ မြို့လို့ အဓိပ္ပာယ်ရသလို တောင်ကုန်းတောင်တန်းတွေ ထူပြောလှပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက မြို့နယ်တစ်ခုပါ။
တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသလို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၄၆၈၀) မှာ တည်ရှိပြီးတော့ ပူတာအိုမြို့ရဲ့ အထက် (၁၃၂) မိုင်အကွာမှာ တည်ရှိပါတယ်။
လမ်းခရီးခက်ခဲတဲ့ ဒေသဖြစ်ရုံမက ဆက်သွယ်ရေးဖုန်းလိုင်းတွေ ရရှိဖို့လည်းခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီးတော့ ခေါင်လန်ဖူးမြို့တဝိုက်မှာပဲ MEC ၊ CDMA စတဲ့ဖုန်းလိုင်းသာရှိပြီး အဲဒါတွေကလည်း မနက်နဲ့ည အချိန်အကန့်အသတ်နဲ့ပဲ ရရှိတာဖြစ်ပါတယ်။
“ကားလမ်းအခြေအနေက မိုးတွင်းဆို တော်တော့်ကို မကောင်းတဲ့ထဲပါတယ်။ အချိန်မရွေးလမ်းတွေက အခုမှ စပြီးဖောက်ထားတဲ့ လမ်းတွေလိုဖြစ်နေတဲ့ အခါကျတော့ မြေသားခိုင်မာမှု လုံးဝမရှိသေးဘူးလေ။ ” လို့ ခေါင်လန်ဖူးမြို့မှာ သွားရောက် တာဝန် ထမ်းဆောင်ဖူးတဲ့ ပညာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။
ခေါင်လန်းဖူးမြို့ပေါ်အထိ ရောက်ဖို့အထိတောင် ခက်ခက်ခဲခဲသွားကြရပြီးတော့ အထက်မှာပြောခဲ့တဲ့ လန်းဒဂျောင်၊ ရနင်ထီ စတဲ့ဒေသတွေဘက်တွေဆိုရင် အသွားအလာပြုလုပ်ဖို့ လမ်းပန်းဆက်သွယ်ရေး ပိုပြီး ခက်ခဲလွန်းတာကြောင့် စားနပ်ရိက္ခာအတွက် ပင်ပင်ပန်းပန်းနဲ့ သယ်ယူနေကြရတာပါ။
ခေါင်လန်ဖူးမြို့နဲ့ နီဝါးကျေးရွာကြား (၂၈) မိုင်လောက်မှာ ဆိုင်ကယ်လမ်းနဲ့ ကားလမ်းတွေ မပေါက်သေးတာကြောင့်ပါ။ နီဝါးကျေးရွာရဲ့ အထက်ဘက် မှာတော့ နယ်စပ်တွေအထိ ဆိုင်ကယ်လမ်းပေါက်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စက်သုံးဆီဈေး မြင့်တဲ့အတွက် အဲဒီကျေးရွာတွေဘက် စက်သုံးဆီသယ်ယူရောင်းချသူ မရှိတာကြောင့် ဓာတ်ဆီတွေ ပြတ်လပ် နေတယ်လို့ ကိုဖုန်ရမ်က ဆိုပါတယ်။
“ ရှိန်းခေါင်နဲ့ အထက်ဘက်ကျ ဆိုင်ကယ်ကတော့ ပေါက်တယ်။ ဒါပေမယ့် ဆိုင်ကယ်တွေအသုံးပြုလို့ အဆင်မပြေတာက အခုဓာတ်ဆီဈေးကြီးလို့လေ ဓာတ်ဆီကပြတ်နေတာ။ ဒီ ၁ ဒဿမ ၈ လီတာရှိတဲ့ စားအုံးဆီလက်ကိုင်ဘူး အဲဒီတစ်ဘူး ကို ဈေးမြင့်တဲ့အချိန် နှစ်သောင်းခွဲနဲ့ သုံးသောင်းထိပေါက်တယ်။”
အဲဒီဒေသက ပြည်သူတွေဟာ စားနပ်ရိက္ခာတွေကို ကိုယ့်ဒေသထိ သယ်ယူပြီး ပြန်လာတဲ့လမ်းမှာဆိုရင် ထလားလော်ကျေးရွာကနေ နေ့တစ်ဝက်လောက် တောင်တက်ရပါတယ်။ တောင်ထိပ်ကနေ ဆရမ်ဖာကျေးရွာထိက အဆင်းပါ။ အဲဒါဟာ တစ်ရက်ခရီးလို့ ဆိုပါတယ်။ ဒေသခံတချို့ဆိုရင် ဂျန်အွမ်းတောင်သာမက ဂျန်အွမ်းတောင်လောက်မြင့်တဲ့ လန်းဒဂျောင်နဲ့ ရနင်ထီကျေးရွာကြားက တောင်ကိုပါ ဖြတ်ကျော်ပြီး လာရတာတွေရှိတယ်လို့ ပြောပါတယ်။
အဲဒီလို တောင်ပေါ်လမ်းခရီးမှာ ခြေကျင်နဲ့ ရိက္ခာတွေ သယ်ယူရတာကြောင့် အချိန်ကြန့်ကြာတာတွေ ရှိသလို လမ်းခရီးကလည်း ကြမ်းတမ်းတဲ့အတွက် ဒေသခံတွေကတော့ ဆိုင်ကယ်လမ်းလေး တစ်လမ်းလောက် ပေါက်ဖို့ကို မျှော်လင့်နေကြပါတယ်။
“အခက်ခဲပြဿနာဖြေရှင်းနိုင်ဖို့ ကားလမ်းကြီး မဟုတ်ရင်တောင်မှ ဆိုင်ကယ်လေးသွားနိုင်အောင် လမ်းလေးတစ်ကြောင်းလောက် မြန်မြန်ဖောက်နိုင်ရင် ကောင်းတယ်ဆိုပြီးမှ အားလုံးကတော့ ဆန္ဒရှိကြတာပေါ့။” လို့ ကိုဖုန်ရမ်က ဆိုပါတယ်။
အခု ပူတာအိုမြို့မှာ ကျပ်ငါးသောင်းကျော် ပေါက်ဈေးရှိနေတဲ့ ဆန်တစ်အိတ်ကို ခေါင်လန်ဖူးမြို့ပေါ်မှာ တစ်သိန်းတစ်သောင်းဝန်းကျင် ပေးဝယ်နေရပြီး လမ်းခရီးခက်ခဲတဲ့ လန်းဒဂျောင်ဒေသတွေ ဘက်မှာတော့ နှစ်သိန်းခွဲဝန်းကျင်ထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီဒေသတွေဘက်မှာ ဆန်ရောင်းချတဲ့ သူမရှိပါဘူး။ အဲဒါကြောင့် ထလားလော်ကျေးရွာကနေ တောတောင်တွေကို ဖြတ်ကျော်ပြီး ရိက္ခာတွေ သွားရောက် သယ်ယူနေရတာပါ။
အရင်ကတော့ အဲဒီကျေးရွာတွေဟာ စားသောက်ကုန်တွေကို တရုတ်ပြည်ဘက်ကပဲ နယ်စပ်ရှိန်းခေါင်လမ်းကနေ အများဆုံး တင်သွင်းခဲ့ကြပါတယ်။ ခေါင်လန်ဖူးမြို့နဲ့ အလှမ်းဝေးပြီးတော့ ခရီးလမ်းကြောင်းက လူသွားလမ်းနဲ့ ဝန်တင်လား လမ်းပဲပေါက်တဲ့အတွက် သယ်ယူစရိတ် မြင့်မားပါတယ်။
“ခေါင်လန်ဖူးမှာ ဒေသတစ်ခုနဲ့တစ်ခု ကုန်ဈေးနှုန်းက ကွာခြားတယ်။ မြို့ပေါ်ကျတော့ သိပ်ပြဿနာမရှိပေမယ့် ခေါင်လန်ဖူးဒေသရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ လန်းဒဂျောင်ဒေသဘက် ခေါင်လန်ဖူးမြို့ကနေ ဆိုင်ကယ်၊ ကားလမ်းမပေါက်တဲ့ အတွက်ကြောင့် အဲဒီဖက်ကတော့ တော်တော်လေး ကုန်ဈေးနှုန်းကြီးတာပေါ့။” လို့ ကိုဖုန်ရမ်က ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ Covid-19 ကပ်ဘေးရောက်လာချိန် တရုတ်ပြည်ဘက်က မိုင်တိုင် (၃၁) နယ်စပ်ဂိတ်ကို သံဇကာခြံဝင်းတွေခတ် ၊ CCTV တွေတပ်ပြီး ပိတ်ပင်လိုက်ပါတယ်။
အဲဒီလို နယ်စပ်ဂိတ်တွေ ပိတ်ပင်လိုက်တာကြောင့် ကားလမ်းနဲ့ ဆိုင်ကယ်လမ်းမပေါက်တဲ့ ခေါင်လန်ဖူးမြို့ဘက်ကနေပဲ စားနပ်ရိက္ခာတွေကို အဓိကသယ်ယူနေကြရတာပါ။
ဆန်နဲ့ စားသောက်ကုန်တွေကို ထလားလော်ကျေးရွာကနေ စားနပ်ရိက္ခာ တစ်ကြိမ် သွားရောက်ထမ်းယူဖို့အတွက် သူတို့ရဲ့ဒေသကနေ လာခဲ့ရတဲ့ ခရီးလမ်းကြောင်းဟာ ထင်သလောက် မလွယ်ကူလှပါဘူး။
စားနပ်ရိက္ခာတွေကို သယ်ယူဖို့အတွက် တောင်တွေကို ခြေကျင်လမ်းခရီးနဲ့ ဖြတ်ကျော်ပြီး လူကိုယ်တိုင် ထမ်းယူကြရတဲ့အတွက် သွားရတဲ့ ခရီးလမ်းတစ်ကြောင်းဟာ အနည်းဆုံး သုံးရက်ကြာမြင့်လေ့ရှိပြီး အသွားအပြန်ခရီးဆိုရင်တော့ တစ်ပတ်လောက်ထိ ကြာမြင့်လေ့ရှိတာပါ။
ထလားလော်ကျေးရွာဟာ ခေါင်လန်ဖူးမြို့နဲ့ ရီဒမ်းကျေးရွာကြားမှာ တည်ရှိပြီး ခေါင်လန်ဖူးဒေသကထွက်ရှိတဲ့ ရှာကော၊ပါကော ဟင်းခတ် အမွှေး အကြိုင် တွေကိုလည်း အဲဒီနေရာမှာပဲ အဓိက အရောင်း အဝယ် ပြုလုပ်ကြပါတယ်။
စားသောက်ကုန်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အဓိက အရောင်းအဝယ်ပြုလုပ်တဲ့ အဲဒီ ထလားလော်ကျေးရွာမှာ အခုလက်ရှိ ဆန်တစ်အိတ်ကို ရှစ်သောင်းကျော် ပေါက်ဈေးရှိပါတယ်။ အဲဒီလို ဈေးမြင့်တက်တာဟာ ပူတာအိုမြို့က သယ်ယူရတဲ့ တင်ခစရိတ် မြင့်မားတာကြောင့်လို့ ဆိုပါတယ်။
ပူတာအိုမြို့က ပုံမှန်အားဖြင့်ဆိုရင် မြစ်ကြီးနားမြို့မှာ မြင့်တက်တဲ့ကုန်ဈေးနှုန်းထက် ပိုမြင့်တက်လေ့ရှိတဲ့ ဒေသပါ။ အာဏာမသိမ်းခင်ကာလက ကြက်ဥ တစ်ထောင်ဖိုး ရှစ်လုံးရခဲ့ပေမယ့် အခုချိန်မှာတော့ လေးလုံးသာရရှိတော့သလို နှစ်ထောင်ကျော်တန် စားသုံးဆီတစ်ဘူးကလည်း တစ်သောင်းခွဲထိ ဈေးမြင့်သွားပါတယ်။
ပြည်နယ်အတွင်းက မြို့နယ်တော်တော်များများမှာ စက်သုံးဆီဈေးမြင့်တက်ပြီး အကန့်အသတ်နဲ့သာရရှိချိန် ပူတာအိုမြို့မှာလည်း အလားတူဖြစ်ရပ်တွေ ကြုံတွေ့ရပြီး ကားခတွေလည်း မြင့်တက်သွားပါတယ်။
ကိုဗစ်ကပ်ရောဂါကတည်းက အထိနာခဲ့တဲ့ ပြည်သူလူထုတွေကတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ နောက်ပိုင်းမှာ နိုင်ငံတွင်း အခြေအနေမတည်ငြိမ်မှုတွေနဲ့အတူ ကုန်စည်ဈေးနှုန်းမြင့်တက်တာ ၊ အလုပ်အကိုင်ရှားပါးတာ စတဲ့ အကျပ်အတည်းတွေကိုလည်း ရင်ဆိုင်နေကြရပါပြီ။
ပူတာအိုဒေသကဝင်တဲ့ ကုန်စည်တွေကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ခေါင်လန်ဖူးဒေသ အရောက်မှာတော့ ဈေးကြီးကြီး ပေးဝယ်နေကြပါတယ်။ ကုန်ဈေးမြင့်တဲ့အပြင် ရိက္ခာသယ်ယူရတဲ့ ခရီးလမ်းကြောင်းကလည်း ခက်ခဲတာကြောင့် ခေါင်လန်ဖူးမြို့နယ်ထဲက ပြည်သူတွေ အခက်အခဲကြုံနေကြပြီး လမ်းခရီးခက်ခဲတဲ့ ဒေသတွေဆိုရင် အစားအသောက်ဖူလုံမှု မရှိတာတွေအထိ ဖြစ်နေတာပါ။
ဆိုင်ကယ်နဲ့ကားလမ်းမပေါက်တဲ့ လမ်းခရီးမှာ ခြေကျင်နဲ့ ရိက္ခာဆန် သွားရောက်ထမ်းယူရတာ ခက်ခဲတာကြောင့်မို့လို့ အဲဒီကျေးရွာတွေဘက်က ဒေသခံအများစုဟာ အခုနောက်ပိုင်းမှာတော့ ဒေသထွက်အစားအစာတွေဖြစ်တဲ့ ပြောင်းစေ့တွေနဲ့ ဆန်ကို ရောချက်ပြီး ချွေချွေတာတာနဲ့ စားသောက်နေကြရပါတယ်။
“ ပြောင်း၊ဆပ်၊လူး၊ ဒေသအစားအစာတွေရှိတယ်။ အဲဒါတွေနဲ့ ဒီကဆန်နဲ့ ချွေတာပြီးမှ ရောပြီး ချက်စားရတာပေါ့နော်။ တချို့ကျတော့ ပြောင်းဆန်ပြုတ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ချက်စားရတဲ့ဟာရှိတယ်။” ကိုဖုန်ရမ်က ပြောပါတယ်။
အခုချိန် ပူတာအိုကနေ ခေါင်လန်ဖူးမြို့ထိ တစ်ကြောင်းထိုး ကားလမ်းတွေ ပေါက်ပြီဖြစ်ပေမယ့် တောင်ပေါ်ဒေသမို့လို့ တောင်ပြိုကျတာ မြေပြိုကျတာတွေရှိရင် နှစ်ပတ်သုံးပတ်လောက် လမ်းပိတ်တတ်ပြီး ကားကြီးတွေ ဖြတ်လို့မရတာကြောင့် ကုန်စည်ရောက်ဖို့ ခက်ခဲသလို ဈေးလည်းမြင့်တက်တာဖြစ်တယ်လို့ လွန်ခဲ့တဲ့အပတ်က ခေါင်လန်ဖူးမြို့ကို ခရီးသွားခဲ့တဲ့ ပူတာအိုဒေသခံတစ်ဦးက ဆိုပါတယ်။
“ခေါင်လန်ဖူးမှာက ကြက်ဥငါးလုံးနှစ်ထောင် ဆန်တစ်အိတ်ရှစ်သောင်းရှိတယ်။ ကားကြီးတွေတောင် သွားလို့မရဘူးလေ။ ကားသေးတွေတောင် အနိုင်နိုင်သွားရတာ။ အဲဒီတော့ ကုန်ပစ္စည်းတွေက သိပ်မရောက်ဘူး။ အဲဒါကြောင့် ဟိုမှာက ဈေးမြောက်တာ။” လို့ပြောပါတယ်။
အသက်မွေးဝမ်းကျောင်း လုပ်ငန်းအနေနဲ့ ခေါင်လန်းဖူးဒေသခံတွေ ပြုလုပ်ကြတာကတော့ ရှာကော၊ ပါကော ဟင်းခတ်အမွှေးအကြိုင်စိုက်ပျိုးရေးပါ။ လက်ရှိ ဟင်းခတ်အမွှေးအကြိုင် တစ်ပိဿာကို တစ်သောင်း သုံးထောင်ကနေ တစ်သောင်းခွဲထိ ဈေးပေါက်ပါတယ်။ အဲဒီလုပ်ငန်းအပြင် ရေခဲတောင်တန်းတွေက သဘာဝဆေးမြစ်တွေရှာဖွေပြီး ရောင်းချတာမျိုးလည်း လုပ်ကိုင်ကြပါတယ်။
နယ်စပ်လမ်းဖွင့်တုန်းက ဟင်းခတ်အမွေးအကြိုင်တွေကို တရုတ်ပြည်ဘက် အများဆုံးတင်ပို့ကြတာဖြစ်ပြီး အလုံးအရင်း ရောင်းချနိုင်တဲ့အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေခဲ့ကြပေမယ့် အခု ခေါင်လန်ဖူးမြို့နဲ့ ထလားလော်ဘက် လူကိုယ်တိုင်ထမ်းပြီး ရောင်းချရတာကြောင့် ရောင်းကုန်ရှိသလောက် မရောင်းနိုင်ကြပဲ စားနပ်ရိက္ခာ ဝယ်ယူဖို့လောက်ပဲ ရောင်းချနိုင်ကြတယ်လို့ ကိုဖုန်ရမ်က ရှင်းပြပါတယ်။
“အခုကျတော့ဒီဖက်ပဲ ရောင်းချင်ရင်လည်း လူနဲ့ထမ်းပြီးမှ။ အလွန်ဆုံးလူတစ်ယောက်က အချိန် ၂၀ လောက်ပဲထမ်းနိုင်တော့ ဘယ်လောက်ပဲရောင်းကုန်ရှိလည်း များများမရောင်းနိုင်ဘူးလေ။”
မိသားစုများတဲ့ ဒေသခံတွေကတော့ တစ်ပတ်ကြာ ခြေကျင်ခရီးနဲ့ ထာလားလော်ကျေးရွာကို တစ်လမှာ သုံးကြိမ်လောက် သွားရောက်ပြီး ရိက္ခာဆန် သယ်ယူနေရတာကြောင့် အခြားဝင်ငွေရ လုပ်ငန်းတွေကိုလည်း အားမစိုက်နိုင်ကြတော့သလို ချွေတာစားသောက်နေကြရပါတယ်။ အဲဒါကြောင့် ဒေသခံတွေကတော့ လမ်းပန်းဆက်သွယ်ရေး အမြန်ကောင်းဖို့ကို မျှော်လင့်နေကြတာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့အစိုးရသက်တမ်း ၂၀၁၉ ခုနှစ် ဇန်နန်ဝါရီလ (၈) ရက်နေ့က ခေါင်လန်ဖူးမြို့နဲ့ ဆယ်မိုင်အကွာက ဆန်းလွတ်ချက် တောင်ထိမ်လမ်းကို ဖွင့်လှစ်ပေးခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ခေါင်လန်ဖူးဒေသကို သွားရောက်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် အခုချိန်ထိတော့ ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ပေါ်အထိသာ လမ်းပေါက်နေပြီး ခက်ခဲတဲ့ ခေါင်လန်ဖူးမြို့နယ်ထဲက ဒေသတွေဘက်တော့ လမ်းဖောက်ပေးနိုင်တာ မရှိသေးပါဘူး။
ခေါင်လန်ဖူးမြို့ကနေ အဲဒီဒေသတွေဘက် လမ်းဖောက်လုပ်ဖို့ အခုနှစ် တင်ဒါကျတယ်လို့ ကြားသိရပြီး ကျောက်ဆောင်၊ ကျောက်ကမ်းပါးတွေ ဖြစ်တဲ့အတွက် လမ်းဖောက်လုပ်နိုင်ဖို့ အချိန်ကြန့်ကြာနိုင်သေးတာရယ် နယ်စပ်လမ်းကလည်း မဖွင့်သေးရင်တော့ အဲဒီဒေသခံတွေ စားနပ်ရိက္ခာသယ်ယူဖို့ အခက်ကြုံနေရဦးမှာပဲလို့ ကိုဖုန်ရမ်ကဆိုပါတယ်။
"ဆိုင်ကယ်လမ်းပေါက်ဖို့ အချိန်ကြာနိုင်တယ်။ နောက် နယ်စပ်ဂိတ်ကလည်းမဖွင့်ဆိုတော့ သူတို့အတွက် နောက်ထပ် ၂ နှစ် ၃ နှစ်လောက်ကတော့ တော်တော်လေး ခက်ခဲမယ့် ပုံပေါက်တာပေါ့နော်။”
မိုင်းနီရေးသားသည်