ခင်ပွန်းဖြစ်သူ အဖမ်းခံရပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးလာသည့် ဒေါ်စံအေးသန်းတို့မိသားစုမှာ ယခုအခါ ကျောက်တော်မြို့ပေါ်က မီးရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည်။ မိသားစုဝင်များကတော့ ဦးသန်းမောင်ထွန်း ပြန်လာမည့်လမ်းကို စောင့်မျှော်နေဆဲပင်။
“သူ့ကိုဘာမှ မလုပ်ဘူး။ စစ်ဆေးမေးမြန်းပြီးတော့ မနက် ၈ နာရီလောက်မှာ ပြန်လွှတ်ပေးမှာ ဆိုပြီးပြောတာ။ အခုအချိန်ထိ ၈ နာရီမထိုးတော့ဘူး”ဟု ဒေါ်စံအေးသန်းက လွန်ခဲ့သည့် ၂ နှစ်ကျော်လောက်ကအဖြစ်အပျက်ကို လေသံမာမာဖြင့် ပြန်ပြောပြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့တွင် ကျောက်တော်မြို့နယ် မြောက်ပိုင်း၊ ကုလားတန်မြစ်ကမ်းစပ်က တင်းမကျေးရွာအနီး တောင်ရှည်တောင်မှာ တပ်စွဲနေထိုင်သည့် မြန်မာစစ်သားများသည် တင်းမကျေးရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်လာပြီး ကျေးရွာသား ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။
ယင်းဖြစ်စဉ်တွင် ဒေါ်စံအေးသန်း၏ ခင်ပွန်းဦးသန်းမောင်ထွန်းပါ ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်ထိ မိသားစုဝင်များထံ ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးနေသည်မှာ ၂ နှစ်နှင့် ၅ လအထိ ကြာမြင့်လာပြီး ဖြစ်သည်။
ရွာသားများ ဖမ်းဆီးခံရသည့်နေ့က ဦးသန်းမောင်ထွန်းအား မိသားစုနှင့်အတူစားနေသည့် ထမင်းဝိုင်းကနေ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ကြိုးဖြင့်ချည်နှောင်ကာ ရိုက်ပုတ်ပြီး ကျေးရွာအနီး တောင်ရှည်တောင်သို့ ဖမ်းဆီးသွားခဲ့ခြင်းလည်းဖြစ်သည်။
ခင်ပွန်းဖြစ်သူမှာ အပြစ်မရှိဘဲ စစ်သားများက ရိုက်ပုတ်ပြီးဖမ်းဆီးသွားသည်ကို မကြည့်ရက်သဖြင့် ဒေါ်စံအေးသန်းက စစ်တပ်ကို “ဘာကြောင့်ဖမ်းသလဲ”ဟု မေးမြန်းရာတွင် တစုံတရာဖြေရှင်းချက်မပေးဘဲ စစ်သားများက သူမကိုပါ ပစ်သတ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း ပြောပြသည်။
ဦးသန်းမောင်ထွန်းမှာ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇာတိရပ်ရွာတွင် ဝါးခုတ်၊ ထင်းခုတ် တောင်ယာအလုပ်ဖြင့် မိသားစုကိုရှာဖွေကျွေးမွေးနေသည့် သာမန်အရပ်သားတစ်ဦးသာဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မျှ တစုံတရာ အဆက်အသွယ်မရှိကြောင်း မိသားစုဝင်များကပြောသည်။
“ကျမခင်ပွန်းက ရွာမှာ အေးဆေးနေတတ်တာ။ ဘာပြဿနာတစုံတရာမှ မရှိဘူး။ ရွာသားတွေ ပတ်ဝန်းကျင် အကုန်သိကြတယ်”ဟု ဒေါ်စံအေးသန်းကဆိုသည်။
လက်ရှိတွင် ဒေါ်စံအေးသန်းမှာ ဒုက္ခိတ ယောက္ခထီးအပါအဝင် သမီး၊ မြေး စုစုပေါင်း ၅ ဦးနှင့် စစ်ဘေးရှောင်စခန်းတွင် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
ယောက္ခထီးဖြစ်သူမှာ လေဖြတ်ရောဂါခံစားနေရသည့် ရောဂါသည်တစ်ဦးဖြစ်ပြီး အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် တိုင်းရင်းဆေးဝါးများ အကြွေးယူ၍ ကုသမှုခံယူနေရသူလည်းဖြစ်သည်။
ဦးသန်းမောင်ထွန်း ဖမ်းဆီးခေါ်ဆောင်ခံရသည့်နေ့တွင်ပင် တင်းမ(ရွာသစ်)ကျေးရွာမှ အသက် ၇၂ နှစ်အရွယ် ဦးမောင်စိတ်ကြီးဆိုသူကိုလည်း မြန်မာစစ်တပ်၏ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များက ရွာသား ၁၈ ဦးနှင့်အတူ မျက်လုံးများကိုပိတ်ကာ ဖမ်းဆီးခေါ်သွားခဲ့သည်။
ယင်းသို့ဖမ်းခေါ်သွားစဉ်က အဖွဲ့ခေါင်းဆောင်စစ်သားဖြစ်သူက “သူတို့ဘာမှ မဖြစ်ဘူး။ ကျနော်အသက်နဲ့လဲပြီး အာမခံတယ်”ဟု ပြောဆိုခဲ့သည့်အတွက် ရွာသားများမှာ ပြန်လွတ်လာမည်ဟု ယုံကြည်ခဲ့ကြသည်။
“အဲဒီအချိန်ကစပြီး တစ်ယောက်မှပေါ်မလာတော့သလို ကျမအဖေသတင်းလည်း ဘာအစအနမှ မကြားရတော့ဘူး။ ကျမအဖေ သတင်းလေးတွေကြားရမလားဆိုပြီး မျှော်နေရတာ”ဟု ဦးမောင်စိတ်ကြီး၏ သမီးဖြစ်သူ မမေချေဝန်းကပြောသည်။
သက်ကြီးပိုင်းအရွယ်ဖြစ်သည့် ဦးမောင်စိတ်ကြီးမှာ နဂိုကတည်းက သွေးတိုးရောဂါအခံရှိပြီး ခန္ဓာကိုယ်ဝဖြိုးကာ အမောမခံနိုင်သူတစ်ဦးလည်းဖြစ်သဖြင့် မိသားစုဝင်များက စိုးရိမ်နေရသူလည်းဖြစ်သည်။
မမေချေဝန်းတို့မိသားစုမှာလည်း ကျောက်တော်မီးရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် ရောဂါသည်မိခင်ဖြစ်သူ သူ့သားသမီး၊ တူမတို့နှင့်အတူ နေထိုင်နေကြသည်။
သူ၏မိခင်ဖြစ်သူမှာလည်း အသက် ၆၉ နှစ်အရွယ်ရှိပြီး နာတာရှည်သွေးတိုးရောဂါသာမက မျက်လုံးကိုက်ခဲခြင်း၊ ခါးရိုးကျိုးဝေဒနာတို့ကို ခံစားနေရသည့်အပြင် လင်သားဖြစ်သူကို စိုးရိမ်စိတ်ဖြင့် စိတ္တဇရောဂါကိုပါ ပူးတွဲခံစားနေရသည်ဟု မမေချေဝန်းက ဝမ်းနည်းစွာဖြင့်ပြောပြသည်။
ရွာသား ၁၈ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ဒေသခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့တို့ကို အကူအညီတောင်းကာ သတင်းအစအန ရလိုရငြား လိုက်ရှာခဲ့ကြဟုဆိုသည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးဌာနရုံး စသည့် နိုင်ငံတော်အကြီးအကဲများထံသို့ မိသားစုဝင်များက ၂၀၂၀ ခုနှစ် မတ်လအတွင်းတွင် စာရေးသားတိုင်ကြားခဲ့ကြသော်လည်း “စစ်တပ်က ဖမ်းဆီးထားတာမရှိ”ကြောင်းဆိုပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဘက်က ထိုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။
မိသားစုဝင်များနှင့်အတူ တိုင်ကြားရာတွင်ပါဝင်ခဲ့သည့် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “သူတို့ဘက်က အကြောင်းပြန်လာတာကတော့ ဒီဖြစ်စဉ်မရှိ၊ မြန်မာစစ်တပ်က ဖမ်းဆီးမှုမရှိခဲ့ဘူးလို့ ပြောတယ်။ ဒီကမိသားစုတွေက အတိအကျ အထောက်ထားနဲ့ပြောတာ။ ဒါတွေကို အခုအချိန်ထိ အမှုဖွင့်မပေးတာ။ ပျောက်နေတာဟာ မြန်မာစစ်တပ်က လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်”ဟု ဝေဖန်ပြောဆိုသည်။
မိမိတို့မျက်စိရှေ့မှာပင် စစ်တပ်က ဖမ်းဆီးခံခဲ့ရခြင်းကို ယင်းဖြစ်စဉ်မရှိဟု အစိုးရတာဝန်ရှိသူတို့က တုန့်ပြန်ခြင်းမှာ ပြောင်ကျကျ ငြင်းဆိုမှုတစ်ရပ်ဖြစ်သဖြင့် ရွာသားများက လုံးဝလက်မခံကြပေ။
စစ်တပ်အနေဖြင့် ယင်းသို့ငြင်းဆန်ခြင်းကို ရခိုင်ဒေသခံ ဝါရင့်ရှေ့နေတစ်ဦးက “စစ်ကောင်စီခေါင်းဆောင်တွေက အောက်ခြေကတပ်မှူးတွေကို ကျူးလွန်တဲ့ပြစ်မှုပေါ်မှာမူတည်ပြီးတော့ အပြစ်ပေးရမှာဖြစ်တယ်။ ဒီအမှုကတော့ လူသတ်မှု၊ အရပ်သားတွေကို အလောင်းဖျောက်မှုတွေ မြောက်တယ်။ ထိန်ချန်မှုတွေဖြစ်တယ်။ စစ်တပ် ဥပဒေအပြင် အရပ်ဘက်ဥပဒေ နှစ်ရပ်စလုံးနဲ့အရေးယူရမှာ”ဟု မှတ်ချပြုပြောဆိုသည်။
ဖမ်းဆီးခံရသူများထဲတွင် အသက် ၁၃ နှစ်အရွယ် ကျောင်းသားလူငယ်များ၊ မသန်စွမ်းသူအပါအဝင် အသက် ၆၀ ကျော် သက်ကြီးပိုင်းများလည်းပါဝင်သည့်အတွက် ထိုကဲ့သို့လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ကြောင်း ရခိုင်ရှေ့နေများကပြောသည်။
ယင်းအမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
စစ်တပ်က ရွာသား ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားမှုကို မိသားစုဝင်များက ထိုနှစ် မတ်လနှင့် ဒီဇင်ဘာလအတွင်းက ကျောက်တော်မြို့မရဲစခန်း၌ စစ်တပ်ကို နှစ်ကြိမ်တိုင်တိုင် အမှုဖွင့်ဖို့ကြိုးစားခဲ့သော်လည်း စစ်တပ်နှင့်သက်ဆိုင်သည်ဟုဆိုကာ ရဲစခန်းက အမှုကိုလက်မခံခဲ့ပေ။
သို့သော် တင်းမရွာသားများပျောက်ဆုံးနေမှုအား ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးအား အဖွဲ့ခေါင်းဆောင် တာဝန်ပေးကာ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲမှူးတို့အပါအဝင် တင်းမကျေးရွာ၏ ရပ်မိရပ်ဖတို့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်။
ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးခံရသူများ၏ မိသားစုဝင်တစ်ယောက်ချင်းစီကိုခေါ်ယူပြီး ထွက်ဆိုချက် ရယူရာတွင် မိသားစုဝင်အကုန်လုံးက မြန်မာစစ်တပ် တပ်မ(၅၅)တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။
မမေချေဝင်းက “မြောက်ဦးမှာ သွားရောက်အစစ်ခံတဲ့အခါ ကျမတို့ကို ဖမ်းသွားတာကို ဘယ်လိုမြင်လဲ။ ဘယ်သူတွေလဲ၊ ဘယ်နေ့ကလဲ ဒါတွေကိုမေးတယ်။ နောက်ပြီး ကူညီပေးမယ်။ ရှာဖွေပေးမယ်။ အားပေးစကားပဲ ပြောတယ်။ ဒါပေမယ့်လည်း ဘာမှမထူးလာဘူး”ဟု စိတ်ပျက်စွာဖြင့်ပြောဆိုသည်။
ထိုသို့ တင်းမကျေးရွာသားများကိစ္စ အဖြေမပေါ်လာခြင်းသည် သက်ဆိုင်ရာအာဏာပိုင်များဘက်က လုံးဝ လျစ်လျူရှုထားသဖြင့် ပြဿနာ၏အကျိုးဆက်ကို မိသားစုဆွေမျိုးများ သိရှိခွင့်မရကြရာတွင် အမျိုးသမီးများမှာ နစ်နာမှုပိုကြုံနေရကြောင်း အမျိုးသမီးအရေးလှုပ်ရှားနေသူများက ဆိုသည်။
“သက်ဆိုင်ရာတာဝန်ရှိသူတွေက လုံးဝလျစ်လျူရှုထားတဲ့အခါမှာ ဒီမှာကျန်ခဲ့လိုက်တာက အမျိုးသမီးတွေ ဖြစ်တယ်။ ဒီအမျိုးသမီးတွေက စားဝတ်နေရေးအတွက် မလုံခြုံတဲ့ဒေသမှာ ရပ်တည်နေရာတာဟာ စိန်ခေါ်မှု ကြီးလေးစေတယ်”ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူကပြောသည်။
ဖမ်းဆီးခံရသူများသည် အမျိုးသားများဖြစ်သည့်အတွက် ၎င်းတို့ကို မှီခိုအားထားနေကြရသည့် မိသားစုဝင်များက အခက်အခဲ ပိုကြုံတွေ့ကြရသည်ဟု သူကဆက်ပြောသည်။
ကျန်ရစ်ခဲ့သည့်မိသားစုဝင်များမှာ မိမိတို့ကျေးရွာတွင် ခက်ခက်ခဲစွာ ရှာဖွေစုဆောင်းခဲ့သည့် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများမှာလည်း စစ်တပ်၏ နယ်မြေရှင်းလင်းမှုဆိုသည့် ခေါင်းစဉ်အောက်တွင် မီးရှို့ဖျက်စီး ခံလိုက်ရသည့်အတွက် တပူပေါ်နှစ်ပူဆင့် နေရတော့သည်။
နစ်နာသူအမျိုးသမီးများအတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြစ်သည့် အမှတ် ၁၃၂၅ ပါ အမျိုးသမီးများငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာစာချုပ် အမှတ်စဉ်အတိုင်း လက်နက်ကိုင်တပ်များက တာဝန်ယူ ဆောင်ရွက်ရမည်ဟုလည်း အမျိုးသမီးအရေး လှုပ်ရှားနေသူများက ဝေဖန်နေကြသည်။
ရခိုင့်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌစောစံငြိမ်းသူက “ကျမတို့ဘက်ကပြောတာက စစ်ပွဲဘယ်လောက်ထိ ဖြစ်ပါစေ။ အဲဒီအချိန်အတွင်းမှာလည်း ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ အစီအစဉ်တွေထားရှိရမယ်။ နှစ်ဘက်စလုံးက လိုက်နာရမယ်။ အခုကတော့ လုံးဝမရှိတဲ့အပြင် ခံနေရမြဲ”ဟု ဝေဖန်ပြောဆိုသည်။
တင်းမရွာသားများကို ဖမ်းဆီးသွားသည့်ဖြစ်စဉ်မှာ ပြည်သူတို့၏နေအိမ်များသို့ ကျုးကျော်ဝင်ရောက်စစ်ဆေးခြင်း၊ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်ခြင်း စသည်ဖြင့် လူ့အခွင့်အရေးဆုံးရှုံးမှုတစ်ခုလည်းဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဆိုသည်။
နိုင်ငံသားများအနေဖြင့် မတရားဖမ်းဆီးချုပ်နှောင်မှုများကို ကြုံတွေ့ရခြင်းဖြစ်ပြီး ပုဒ်မ- (၃၇၃)တွင် ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည် ဖြစ်ပေသည်ဟု ပါရှိသည်။
ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၅၁)တွင် “မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရသတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်”ဟု ပြဌာန်းထားသော်လည်း ယခုလက်ရှိအခြေအနေတွင် ဥပဒေ၏အကာအကွယ် လုံးဝမရှိကြောင်း မြင်သာနေသည်။
သို့သော်လည်း အထက်ပါဥပဒေ၏ သဘောတူညီချက်များကို မြန်မာစစ်တပ်နှင့် အာဏာပိုင်များက အကောင်အထည်ဖော်ဆောင်မှု၊ လိုက်နာမှုများ လုံးဝမတွေ့ရတော့ဘဲ အစုလိုက်အပြုံလိုက် မိသားစုဝင်များရှေ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ အစဖျောက်ထားသည့် တင်းမကျေးရွာမှ ရွာသားများအမှုကို ထိန်ချန်ကာ လျစ်လျူထားခြင်းလည်း ဖြစ်ပေသည်။
မငြိမ်းချမ်းခြင်း၏ အကျိုးဆက် ကြောက်မယ်ဖွယ်၊ မနစ်မြို့ဖွယ် သောကမီးများကို ရင်ဝယ်ပိုက်ထား ရသူများမှာ အိုးပျက် အိမ်ပျက်၊ ဘဝပျက်မှုများစွာနှင့်အတူ ပျောက်ဆုံးနေသူများ ပြန်ရောက်လာနိုးဖြင့် စောင့်မျှော်နေသည်မှာ ၂ နှစ်နှင့် ၄ လ အထိ ကြာမြင့်လာလေပြီဖြစ်သည်။
ဝါးထရံကာ၊ သုံးထပ်သားပျဉ်အခင်းနှင့် သစ်သားတိုင်လုံးငယ်များဖြင့် တည်ဆောက်ထားသည့် အကျယ် ၆ ပေ ခန့်သာရှိသည့် ဒုက္ခသည်တန်းလျားအခန်းကျဉ်းထဲတွင် မိသားစုဝင် ၅ ဦးအထက် ပြွတ်သိပ်စွာနေထိုင်ပြီး ဖမ်းဆီးခံထားရသည့် မိသားစုဝင်များ ပြန်ရောက်လာမည့်နေ့ကို စောင့်မျှော်နေကြသည်။
“ကိုယ့်မျက်စိထက်မှာ သေဆုံးသွားတာမျိုးဆိုရင် တမျိုးဖြေသိမ့်ရသေးတယ်။ အခုက ဘာမှမမြင်ရတော့ သေသွားတယ်မထင်သေးဘူး။ မျှော်လင့်ချက်နဲ့ တနေ့နေ့ပြန်ပေါ်လာလိမ့်မယ်လို့ ထင်ထားတယ်”ဟု ဒေါ်စံအေးသန်းက ငိုသံသဲ့သဲ့ဖြင့်ပြောသည်။
ဂေါင်- ရေးသည်။