DonBosco — မီဇိုရမ်ဖက်ရောက်နေတဲ့ စစ်ဘေးရှောင်အချို့ရဲ့ပြောပြချက်အရ အခုလို မြန်မာပြည်ဖက်က လာတဲ့သူတွေဆီကနေ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေပြုလုပ်တာတွေ မကြာခဏ ဖမ်းဆီးရတဲ့အနေအထားဖြစ်လာတော့ မီဇိုရမ်ဖက်က အချို့အရပ်ဖက်အဖွဲ့အစည်းတွေ စိတ်ပျက်တဲ့အနေအထားမျိုးတွေ့မြင်လာရတယ်လို့ သိရပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခအချိန်ကြာလာတာနဲ့အမျှ မြန်မာပြည်တွင်းဖက်ကနေ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်တွေ လစဉ်ရောက်ရှိနေတာဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရပြည်နယ်ဖက်ကို စစ်ဘေးရှောင်သိန်းကဏန်းနီးပါးရောက်ရှိနေပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဗဟိုအစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို တရားဝင် လက်ခံထားခြင်းမရှိဘူးလို့ ဆိုထားတဲ့အတွက် မြန်မာပြည်တွင်းဖက်က စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရလက်ခံပေးနေတာဖြစ်ပါတယ်။
အဲသလိုပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို လက်ခံပေးရုံအပြင် ဒုက္ခသည်မှတ်ပုံတင်ကဒ်ပြားပြုလုပ်ပေးခြင်း နဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲသလို မြန်မာပြည်ဖက်က စစ်ဘေးရှောင်တွေအတွက် ကူညီမှုကို ပြည်နယ်အစိုးရတစ်ခုတည်းကမဟုတ်ပဲ ပြည်နယ်တွင်းမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGO ကပါပူးပေါင်းပြီး ဒုက္ခသည်စခန်းဆောက်လုပ်ပေးခြင်း၊ အစားအသောက်နဲ့ အဝတ်အထည်လှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်အစိုးရဟာ နှစ်ပေါင်းများစွာကတည်းက မူးယစ်ဆေးဝါး တားစီးပိတ်ပင်မှုများကို အပြင်းအထန်ဆောင်ရွက်တဲ့ ပြည်နယ်ဖြစ်သလို အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ဒေသတွင်း မူးယစ်ဆေးဝါးပျံ့နှံ့မှု ဖက်ပေါင်းစုံကနေ ပူးပေါင်းတားစီးထားပါတယ်။
ဒါပေမယ့်လည်း အခုလက်ရှိ မီဇိုရမ်ပြည်နယ်ဖက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ တစ်ရိပ်ရိပ်တွေ့မြင်ရပြီး အဆိုပါ ရောင်းဝယ်ဖောက်ကားသူများဟာလည်း မြန်မာပြည်တွင်းဖက်က လူတွေဆီကဆိုတာကို ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြတာတွေ ခဏခဏ တွေ့မြင်လာရပါတယ်။
မီဇိုရမ်ဖက်ကို မြန်မာနိုင်ငံမှ ရောက်ရှိသူတစ်ဦးက “ အခုတစ်လော မီဇိုရမ်ပြည်နယ်ဖက်မှာ မူးယစ်ဆေးဝါးဖမ်းမိတဲ့ သတင်းတွေ တက်လာတာတွေ့ရတယ်။ ဖမ်းမိတဲ့သူတွေကလည်း မြန်မာပြည်ဖက်က ချင်းလူမျိုးတွေဖြစ်နေပြန်တော့ စိတ်မကောင်းဖြစ်ရတယ်။ စစ်အာဏာမသိမ်းခင်က ဖမ်းမိလေ့ရှိတဲ့ ပမာဏထက် အဆပေါင်းများစွာ ပိုများနေတာကိုလည်း သတိထားမိကြမယ်ထင်တယ်” လို့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အခုလို မြန်မာပြည်တွင်းမှာ ပြည်သူတွေ ဒုက္ခရောက်ပြီး တိမ်းရှောင်ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် အားအထားရဆုံးဟာ မီဇိုရမ်ပြည်နယ်ဖြစ်တာမို့ အထူးသတိထားပြီးနေကြရင် သိပ်ကောင်းမှာပဲ၊ ကျေးဇူးရှင်ကို ကျေးဇူးမဆပ်နိုင်ရင်တောင် မိမိရဲ့လောဘရမက်ကြောင့် ဒုက္ခမပေးမိဖို့လိုပါမယ်လို့ ၎င်းကပြောပါတယ်။
“ စေတနာနဲ့ကူညီတာကို လူညွှန့်တုန်းစေမယ့် မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာကြတယ်ဆိုပြီး ပြောနေတယ်” လို့မီဇိုရမ်ရောက် မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
ယခင်မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်တုန်းကလည်း မြန်မာနိုင်ငံဖက်က သူတွေဟာ မီဇိုရမ်ဖက်ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုပြုလုပ်တာတွေ များပြားလာလို့ မီဇိုရမ်ဖက်က ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာလုံးကျွတ်ကို မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်းက မောင်းထုတ်တဲ့ အခြေအနေတွေလည်း သာဓကရှိခဲ့ပါတယ်။
ဒါကြောင့်လည်း အခုလို မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ မြန်မာပြည်ဖက်က စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးစဉ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြောင့် သည်းမခံနိုင်တော့ပဲ ပြန်လည်နှင်ထုတ်လျှင် ပြေးစရာမြေမရှိဖြစ်သွားမှာကို စိုးရိမ်ကြရတာဖြစ်ပါတယ်။
မြန်မာပြည်တွင်းအခြေအနေဟာလည်း ပိုမိုကောင်းမွန်တဲ့ အနေအထားထက် အဖက်ဖက်တွင် ပိုမိုဆိုးရွားတဲ့ အခြေအနေတွင်သာ ရှိနေတာမို့ စစ်ရှောင်တွေ မြန်မာပြည်တွင်းကို ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာကိုတောင် သိရတဲ့အခြေအနေမဟုတ်သေးပါဘူး။
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်တွေအနေနဲ့အသွားအလာကအစ ဆင်ခြင်ဖို့လိုလာတယ်။ စိတ်ပျက်စေတဲ့အရာလည်း အတော်များနေပြီ။ မီဇိုရမ်အစိုးရက လိုက်နာရမယ်ပြောတဲ့ဟာကို မလိုက်နာကြတာလည်းများနေပြီ။ မူးယစ်ဆေးဝါးသယ်လာတာအပြင် ခိုးမှု နဲ့ တရုတ်ဆိုင်ကယ်တွေကို ဘယ်ကိုမှ အကြောင်းမကြားပဲ နယ်စပ်ဖြတ်ကျော်ယူလာပြီး မြို့တွင်းတွေမှာ ကြိုက်သလိုမောင်းတာကအစ တွေ့မြင်နေရတယ်” လို့ပြောပါတယ်။
အခုဆိုရင် မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကလည်း ချင်းဒေသကာကွယ်ရေးလက်နက်ကိုင်အဖွဲ့များနဲ့ ချင်းအရပ်ဖက်ကို မေတ္တာရပ်ခံချက်ဆိုပြီး စာတောင်ထုတ်လာပြီဖြစ်ပါတယ်။
၎င်းတို့မေတ္တာရပ်ခံတဲ့စာမှာ မီဇိုရမ်ရဲတပ်ဖွဲ့၊ YMA အပါအဝင် ခေါင်းဆောင်ပိုင်းအချို့အနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါးတင်သွင်းလာမှုများဟာ မြန်မာပြည်ဖက်ကဖြစ်တဲ့အတွက် ခေါင်းခဲနေရကြောင်း၊ မြန်မာပြည်ဖက်က တစ်ချို့၏ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများကြောင့် မီဇိုရမ်ဖက်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေ ဒုက္ခရောက်စေနိုင်ကြောင်း၊ မြန်မာပြည်တွင်းမှာလည်း အခုချိန်ထိ တည်ငြိမ်မှုမရှိသေးတာကြောင့် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး တင်သွင်းမှုများကို တားစီးပေးပါရန် ဆိုပြီးပါရှိပါတယ်။
အဲဒီစာထုတ်ပြန်ပြီးမကြာမီမှာပဲ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး CNDF ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ လက်ရှိအချိန် ပြည်သူများဒုက္ခရောက်ပြီး မီဇိုရမ်ဖက်ကို စစ်ဘေးတိမ်းရှောင်နေရချိန် ကိုယ်ကျိုးအတွက် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအပေါ် များစွာအံ့သြပြီး ကန့်ကွက်ကြောင်း၊ CNDF အနေနဲ့နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။