ကျမသက်တမ်းတလျှောက် ဒီလိုလူစိတ်ကင်းမဲ့စွာနဲ့ မီးရှို့ဖျက်ဆီးမှုမျိုး တခါမျှမကြုံဖူးပါဘူး။ အခုဆို ကျမကို မှီခိုနေထိုင်ကြတဲ့ ကျမရဲ့ပြည်သူပြည်သားတွေ တစ်ယောက်မျှ မရှိတော့ဘူး။ သူတို့အားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါပြီ။
ဟုတ်တယ်။ ကျမမှာ အိမ်ခြေ ၂၀၀၀ ကျော်ရှိတယ်။ ကျမကို မှီခိုနေထိုင်ကြတဲ့ ပြည်သူပြည်သား တစ်သောင်းကျော်ရှိတယ်။ အခုနှစ် (၂၀၂၂) မေလ ၂၄ ရက်နဲ့ ၂၆ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေရဲ့ ၂၈ ကြိမ်မြောက် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတယ်။ ကျောင်းရပ်ကွက်က နေအိမ် ၁၁၆ လုံးနဲ့ ဇုန်မှုန်ရပ်ကွက်က နေအိမ် ၁၉ လုံးဆိုတော့ စုစုပေါင်း နေအိမ် ၁၃၅ လုံးကို မီးလောင်ပြကျသွားခဲ့ပါတယ်။
အခုဆိုရင် ပြီးခဲ့တဲ့နှစ် (၂၀၂၁) စက်တင်ဘာလကနေ အခုနှစ် မေ ၂၆ ရက်အတွင်း သူတို့တွေ (စစ်ကောင်စီတပ်) ကျမကို မီးရှို့ဖျက်ဆီးခဲ့လို့ ကျမ ပြည်သူပြည်သားတွေရဲ့ နေအိမ်ပေါင်း ၁၅၀၀ ကျော် မီးလောင်ပြာကျသွားခဲ့ရပါပြီ။ အဲဒီလို မီးလောင်ပြာကျသွားခဲ့ရတဲ့အထဲမှာ ကျမရဲ့ ပြည်သူပြည်သားတွေ အထွဋ်အမြတ်ထား၊ သက်ဝင်ယုံကြည်ရာ ခရစ်ယာန်ဘုရားကျောင်း ၁၂ ကျောင်းလည်း မီးလောင်ပျက်ဆီးသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၈ ရက်က ကျမတို့ဆီမှာ စစ်ကောင်စီတပ်တွေနဲ့ ကျမတို့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားတော့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျမပြည်သူတွေရဲ့ နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လေ။ အဲဒီတုန်းက မီးငြှိမ်းဖို့ လာတဲ့ ခရစ်ယာန်သင်းအုပ်ဆရာကိုတောင် စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်ပြီး လက်စွပ်ကို ချွတ်ယူသွားခဲ့သေးတယ်။ ကျမ ဘယ်မေ့နိုင်ပါမလဲ။
၂၀၂၁ စက်တင်ဘာ ၂၀ ရက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ကျမပတ်ဝန်းကျင်မှာ စခန်းချ၊ တပ်စွဲလာခဲ့ပြီး ကျမရဲ့ ပြည်သူပြည်သားတွေကိုလည်း ကျမဆီမှ ထွက်ခွာသွားကြဖို့၊ ကျမကို ရှောင်သွားကြဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ ကျမရဲ့ ပြည်သူပြည်သားတွေလည်း ကျမဆီမှာ ဘယ်နေရဲတော့မလဲ။ အားလုံး ဘေးလွတ်ရာကို ပြေးခွာကြရပြီပေါ့လေ။ အားလုံး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲက ကျေးရွာတွေအထိ ထွက်ပြေးကုန်ကြပါတယ်။
အဲဒီလိုနဲ့ ကျမရဲ့ ပြည်သူပြည်သားတွေ မရှိတော့တဲ့ အချိန်၊ အောက်တိုဘာ ၂၉ ရက် နံနက် ၁၀ နာရီခန့်ကစပြီး ကျမတို့ဆီက စျေးဆိုင်တစ်ခုကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းခဲ့တယ်။ ကျမတို့ဒေသခံပြည်သူ ကာကွယ်ရေးတပ်က မြင်တော့ သေနတ်နဲ့ပစ်တာပေါ့။ အဲဒီကစပြီး စစ်ကောင်စီတပ်သားတွေဟာ ကျမပြည်သူပြည်သားတွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တော့တာပဲ။ ပြီးတော့ အိမ်ကြီးအိမ်ကောင်းတွေကိုမှ ရွေးပြီး မီးရှို့ဖျက်ဆီးကြတော့တာပါပဲ။
၂၀၂၁ အောက်တိုဘာ ၂၉ ရက်ကလည်း စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ ကျမပြည်သူပြည်သားတွေ ပိုင်တဲ့ နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျသွားခဲ့ရတယ်။ အဲဒီမီးလောင်ပြာကျသွားတဲ့အထဲမှာ Church on the Rock (CO TR) နဲ့ Presbyterianလို့ ခေါ်တဲ့ အထင်ကရ ခရစ်ယာန်ဘုရားရှင်ခိုးကျောင်းနှစ်ခုလည်း မီးလောင်ကျွမ်းသွားခဲ့ တယ်။ ပြီးတော့ CB ဘဏ်ရုံးလည်း မီးလောင်တဲ့အထဲ ပါသွားတယ်။ ပြီးတော့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Save The Children အဖွဲ့ရဲ့ အဆောင်အအုံတွေလည်း မီးလောင်တဲ့အထဲ ပါသွားသေးတယ်။ သူတို့ကတော့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ စာတွေဘာတွေ ထုတ်လိုက်သေးတယ်။
နိုင်ငံတကာကလည်း မီးလောင်တိုက်သွင်းခံနေရတဲ့ ကျမအဖြစ်ကို ကြည့်မြင်ပြီး စိုးရိမ်တုန်လှုပ်ကြတာပေါ့။ ဒါပေမယ့် သူတို့လည်း ဘာများ တတ်နိုင်လို့လဲ။ ကျမလည်း ဘာမှမတတ်နိုင်ဘူးလေ။ ကျမအဖြစ်က စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေထဲမှာ အသားလွတ်ပေးဆပ်လိုက်ရတာပါ။ ကျမ မကျေနပ်ဘူး။ ကျမကို မီးလောင်တိုက်သွင်းခဲ့တဲ့ စစ်ကောင်စီတပ်တွေကို မကျေနပ်ဘူး။ ကျမအတွက် တရားမျှတမှု ရှာပေးပါ။
သြော်..။ ကျမဆိုတာ ဘယ်သူလဲဟုတ်စ။ ကျမဆိုတာ ထန်တလန်ပါ။ စိမ်းစိုလန်းဆန်း၊ တောင်စဉ်တောင်တန်း အသွယ်သွယ်နဲ့ မြင်ရသူတိုင်းကို စိတ်နှလုံးအေးချမ်းစေတဲ့ မြို့လေးလေ။ ထန်တလန်မြို့ပါ။ အေဒီ ၁၄၅၀ တုန်းက လှောင်ဇန်ဆိုတဲ့ ရွာကလေးကနေ အေဒီ ၁၅၀၀ ခန့်မှာ လေးမိုင်လောက်ဝေးတဲ့ တထန်တလန်ကို ပြောင်းရွှေ့ခဲ့သတဲ့။ တထန်တလန်ဆိုတာ သွေး၊ ချွေးနဲ့ တည်ဆောက်တဲ့ရွာလို့ အဓိပ္ပါယ်ရတယ်။ ၁၉၆၁ - ၆၅ ခုနှစ်တွေမှာ အခု ကျမရှိနေတဲ့နေရာကို ထပ်မံပြောင်းရွေ့ခဲ့ရပြီး ၁၉၈၁ ခုနှစ်မှာတော့ ကျမရဲ့နာမည် တထန်တလန်ကို ထန်တလန်လို့ အမည်ပြောင်းခဲ့ရပါတယ်။
ကျမက ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့နဲ့ ၂၅ မိုင်အကွာမှာရှိတယ်။ ကုလားတန်မြစ်ဆိုတာ ဟားခါးမြို့နဲ့ ကျမတို့အကြားက သီမြစ်ချောင်းကနေ မြစ်ဖျားခံလာပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းကို စီးဝင်သွားတာလေ။ ထိုမှတဆင့် အဲဒီကုလားတန်မြစ်က ပလက်ဝမြို့တစ်နေရာကနေ ကျမတို့ မြန်မာနိုင်ငံဘက် ပြန်စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အော်ထဲကို စီးဝင်သွားပါတယ်။ ကျမက အိန္ဒိယနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။
ကျမက မြောက်လတ္တီကျု ၂၂ ဒီဂရီ ၅ မိနစ်နှင့် ၂၃ ဒီဂရီ ၁၁ မိနစ် အကြား၊ အရှေ့လောင်ဂျီကျု ၉၃ ဒီဂရီ ၆ မိနစ်နှင့် ၉၃ ဒီဂရီ ၂၈ မိနစ်အကြားမှာ တည်ရှိပါတယ်။ ကျမရဲ့ မြို့နယ်အကျယ်အဝန်းကတော့ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၇၀.၁၃ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ကျမမြို့နယ်ထဲမှာ မြို့ (၂) ခု၊ ရပ်ကွက် (၅) ခု၊ ကျေးရွာအုပ်စု ၃၆ ခုနဲ့ ကျေး ရွာပေါင်း ၈၅ ရွာ ရှိပါတယ်။ မြို့နေအိမ်ခြေ ၂၁၆၀ ကျော်၊ ကျေးလက်နေ အိမ်ခြေ ၈၈၀၀ ကျော် ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင်စာရင်းအရ မြို့နေ ပြည်သူ/ပြည်သား ၉၄၀၀ ကျော်နဲ့ ကျေးလက်နေ ပြည်သူပြည်သား ၄၃၀၀၀ ကျော်ရှိတယ်လို့ ဆိုကြပါတယ်။
ကျမမြို့ပေါ်မှာ ခရစ်ယာန်ဘုရားကျောင်း ၁၇ ကျောင်းနဲ့ ကျေးလက်ဒေသတွေမှာ ၂၂၈ ကျောင်း ရှိပါတယ်။ ထင်ရှားတဲ့ ဘုန်းတော်ကြီးကျောင်းတွေအနေနဲ့ဆိုရင် ကျမရဲ့ အမှတ် ၃ ရပ်ကွက်က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနဲ့ လုံလဲရ်ရွာက လုံလဲရ်သာသနာပြုကျောင်းတွေ ရှိပါတယ်။
ကဲ..။ ကျမအကြောင်း ပြောရရင် တထောင့်တညပုံပြင်လိုပဲ၊ ဘယ်တော့မှ ပြီးမှာမဟုတ်တော့ဘူး။ ဒါကြောင့် ကျမအဖြစ်ကို ဆက်ပြီး ပြောပြချင်တယ်။ ကျမရဲ့အရှေ့ဘက်မှ ဟားခါး၊ တောင်ဘက်မှာ မတူပီ၊ အနောက်ဘက်မှာ မီဇိုရမ် (အိန္ဒိယ) နဲ့ မြောက်ဘက်မှာ ဖလမ်းတို့ ရှိပါတယ်။
အခုလို စစ်အာဏာသိမ်းမှုကို တစ်တိုင်းပြည်လုံးက ဆန့်ကျင်တော်လှန်နေကြတဲ့အခါ ကျမတို့လည်း ဘယ်နေနိုင်မလဲ။ ကျမရှိတဲ့ ချင်းပြည်နယ်ဆိုရင် မြို့နယ်ကသာ ၉ မြို့နယ်ရှိတာ။ မြို့ပြဒေသအစွဲပြုပြီး ဖွဲ့စည်းထားတာနဲ့ လူမျိုးအခြေပြုပြီး ဖွဲ့စည်းထားတာနဲ့ဆိုရင် ကျမမှာရှိတဲ့ စာရင်းအရတောင် စစ်ကောင်စီကို ခုခံတော်လှန်နေကြတဲ့ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၂၀ ကျော်တော့ ရှိလိမ့်မယ်။ အတိအကျတော့ ကျမလည်း စာရင်း မပြုစုနိုင်သေးဘူး။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဦးတည်ရည်မှန်းချက်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်ဆင်နွှဲနေကြတဲ့အထဲမှာတော့ ကျမတို့ ချင်းပြည်နယ်ကလည်း စစ်ကိုင်းတိုင်းပြီးရင် တိုက်ပွဲဖြစ်ပွားမှု ရက်ပေါင်း ၁၂၀ နီးပါးရှိပြီး ဒုတိယမြောက် ခုခံတော်လှန်စစ် အပြင်းထန်ဆုံးလို့ BNI-Myanmar Peace Monitor ရဲ့ မှတ်တမ်းတင်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့အတွက် မလုံခြုံတော့ရင်၊ သူတို့အတွက် ခြေကုတ်ယူလို့မရတော့ရင် “မစားရတဲ့ အမဲ၊ သဲနဲ့ ပက်” ဆိုသလို ဖျက်လိုဖျက်ဆီး ဉာဏ်နီဉာဏ်နက်တွေကတော့ တယ်များသကိုး။ အခုလည်း ကြည့်ပါလား။ ကျမလိုပဲ စစ်ကိုင်း၊ မကွေးတို့လို အညာတခွင်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မီးလောင်တိုက်သွင်းနေကြတာ။ မြင်လို့တောင်မကောင်းဘူး။ စိတ်နှလုံး ကြေကွဲစို့နင့်ရပါတယ်။ ဘဝတူတွေမို့ ကိုယ်ချင်းလည်းစာပါတယ်။ ဒီလိုမီးလောင်တိုက်သွင်းခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ကို အမိန့်ပေးစေခိုင်းနေသူတွေလည်း တူသော အကျိုးခံစားစေချင်ပါတယ်။
ဒီလိုပြောလို့ ကျမကို မတရားဘူးထင်တယ်ပေါ့။ မတတ်နိုင်ဘူးလေ။ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်တိုင်ရိတ်သိမ်းရတာ ဓမ္မတာပဲမဟုတ်လား။ တရားလက်လွတ်၊ ယုတ်မာရိုင်းစိုင်းစွာနဲ့ ကျူးလွန်ခဲ့ကြတဲ့ ဒင်းတို့ရဲ့ လုပ်ရပ်တွေအတွက် ဒင်းတို့ကိုယ်တိုင် ပြန်ခံစားရစေဖို့ ကျမမျှော်လင့်တာ အပြစ်ရှိလို့လား။ ကျမတော့ မထင်ပါဘူး။
ကျမက တောင်ပေါ်မြို့ကလေးပါ။ အိမ်တစ်လုံး၊ အဆောက်အဦးတစ်ခုဖြစ်ဖို့ ကျမရဲ့ ပြည်သူပြည်သားတွေ ဘယ်လောက်အထိ လုံ့လဝီရိယစိုက်ထုတ် ကြိုးပမ်းရသလဲဆိုတာ ကျမအသိဆုံးပဲ။ ကျမဆီမှာရှိတဲ့ ရိုးရာယဉ်ကျေးမှုတွေ မပျောက်ပျက်အောင်၊ ကျမရဲ့ ဖြစ်တည်မှုကို တင့်သထက်တင့်အောင် ကျမပြည်သူပြည်သားတွေကပဲ အလှဆင် ဂုဏ်တင်ပေးခဲ့တာပါ။ ဒါကို အာဏာရူးတသိုက်ရဲ့ အမိန့်ပေးစေခိုင်းမှုကြောင့် ကျမကို မီးလောင်တိုက်သွင်းခဲ့တဲ့ ဒီ စစ်ကောင်စီတပ်သားတွေကို ကျမ မကျေနပ်ဘူး။ ကျမ လုံးဝ မကျေနပ်ဘူး။ ကျမအတွက် တရားမျှတမှု ရှာပေးပါ။