ဆလိုင်းကစ်(ပ်) (ချင်းပြည်) — “ ---- တောင်ခိုးများဝေမှိုင်းသော၊ တောင်ဇလပ် ပန်းများ ဆင်သသော၊ စိမ်းသော၊ ပြာသို့သော (ချင်းပြည်မှ) အောက်ချင်းငှက်သည် သစ္စာရှိခြင်း၊ ညီညွတ် စည်းလုံးခြင်း၊ အေးချမ်းခြင်းတေးသံကို သီဆို ကျူးရင့်ပါစေသတည်း။”
- စာဆိုတော်ကြီး ဒဂုံတာရာ - (တက္ကသိုလ်များ ရန်ကုန်၊ ချင်း မဂ္ဂဇင်း ၁၉၈၂ - ၈၃ မှ ကောက်နှုတ်ချက်။)
သူဟာ စင်စစ် အမြင့်ပျံ အောက်ချင်းငှက်၊ ရဲစွမ်းသတ္တိရှိသော သားကောင်းယောက်ျားဟူ၍ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကိုဆောင်တဲ့ ဆလိုင်းဟူသော ဂုဏ်ပုဒ်နှင့်အတူ လွတ်မြောက်ရေးတိုက်ပွဲတို့ ပြင်းထန်ခဲ့ပြီး အစဉ်အလာအားဖြင့် ကမ္ဘာတလွှား သွေးမြေအကျဆုံး တက္ကသိုလ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းပရဝဏ် ပြင်းပြခိုင်မာတဲ့ နိုင်ငံရေးသန္တိဌာန်တခုကို ကိုင်ဆွဲကာ ခြေချခဲ့တယ်။
သူဟာ ခွပ်ဒေါင်းအလံကို မြင့်မြင့် လွှင့်ထူနိုင်ခဲ့ပြီး ဂုဏ်ရောင်ပြောင်တဲ့သူရဲ့ ခွပ်ဒေါင်းရဲဘော်တို့နဲ့ လက်ချင်းအခိုင်အမာဆက်ကာ တောင်ပံအတူ ခတ်ခဲ့တယ်။
သူဟာ အဖိနှိပ်ခံပြည်သူတို့ရဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲများစွာ ရွပ်ရွပ်ချွံချွံ ဆင်နွှဲခဲ့တယ်။ ရဲစွမ်းသတ္တိ ရှိသော သားကောင်းယောက်ျား ပီသခဲ့တယ်။ စစ်မှန်တဲ့ ဆလိုင်းတဦး၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားကာ ချင်းအမျိုးသားရေးဂုဏ်ရောင် ပြောင်စေခဲ့သူ၊ ကြီးမားမြင့်မြတ်တဲ့ တော်လှန်ရေး စိတ်ဓါတ်ကို ကိုင်ဆွဲထားသူ ဆလိုင်းတင်မောင်ဦး။
၁၉၇၆ ခု၊ ဂျွန် ၂၆ ရက်နေ့ (နံနက် ၄ နာရီ) အင်းစိန်ထောင်မှာ စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို လျှို့ဝှက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့တယ်။
သမိုင်းမှာ မကြုံစဘူး ကျောင်းသား ခေါင်းဆောင်တဦးကို အခုလို ကြိုးပေးသတ်ဖြတ်ခဲ့တာဟာ စစ်အာဏာရှင်တို့ရဲ့ အတွေးခေါ်အားဖြင့် နိမ့်ကျလွန်း၊ ချွတ်ခြုံကျလွန်းလှတဲ့အချက်ကို သက်သေပြလိုက်တာဖြစ်ပြီး စစ်အစိုးရအတွက်သမိုင်း အမဲကွက်ကြီးအဖြစ် ကျန်ရစ်ခဲ့တယ်။ တဖက်မှာ၊ ရှည်ကြာပြီး မပြီးဆုံးသေးတဲ့ ပြည်သူ့လွတ်မြောက်ရေး အရေးတော်ပုံကြီးအတွက်၊ အသက်သွေး၊ ချွေးတို့နဲ့ ရေးသားကဗျည်းထိုးခဲ့တဲ့ ကျောင်းသားအာဇာနည်တဦး ပေါ်ထွန်းခဲ့တာမို့ နောင်မျိုးဆက်သစ်တွေအတွက်၊ အတုယူစရာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ခဲ့ရပါတယ်။
“ရဲဘော်တို့ လူသူမသိအောင် ငါ့ကိုသတ်ဖို့ သူတို့ လုပ်နေကြတယ်။” “မင်းတို့ ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး။”
- ဆလိုင်းတင်မောင်ဦး၏ နောက်ဆုံးစကားများ -
၁၉၇၄-၇၅ စာသင်နှစ် ပြည်သူ့အရေးတော်ပုံကြီးရဲ့ ထွန်းပြောင်တဲ့ သမိုင်းမှတ်တိုင်တခု
အဲဒီနှစ်က စာသင်နှစ်စ,တာနဲ့ ကျောင်းသားတွေ တလှုပ်လှုပ်တရွရွနဲ့ ထူးထူးခြားခြားရှိလှတယ်။ ၁၉၇၄ ဇန္နဝါရီလ (၃) ရက်။
နှစ်အစမှာ မဆလစစ်အစိုးရက သူတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာကြီးကို အတင်းအဓမ္မ အတည်ပြုလိုက်ကြတယ်။ ပိုပြီးစိတ်လှုပ်ရှား စေတာက ဖယ်ဒရယ်ပြည်ထောင်စုအရေးနဲ့ အဖမ်းခံခဲ့ကြရတဲ့ ချင်းပြည်နယ်က စစ်ဖက်၊ နယ်ဖက်၊ မဆလပါတီက လူကြီးတချို့နဲ့ ချင်း ကျောင်းသား ခေါင်းဆောင်တချို့ ထောင်ကလွတ်လာကြတာ ပူပူနွေးနွေး၊ တခြားအမျိုးသားပြည်နယ်များက ဖယ်ဒရယ်ပြည်ထောင်စုအရေးနဲ့ အဖမ်းခံခဲ့ကြရတဲ့ ခေါင်းဆောင်တွေလည်း ထိုနည်း၄င်းဘဲ မိမိတို့ မတရား အကျဉ်းချခံခဲ့ရတဲ့ ထောင်အသီးသီးကနေ လွတ်လာကြတယ်။
၁၉၇၄ ဂျွန်လ (၆) ရက်နဲ့(၇)ရက်
နှစ်အစမှာ မဆလစစ်အစိုးရက အတင်းအဓမ္မ အတည်ပြုလိုက်ကြတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၉) မှာ အလုပ်သမားနဲ့ လယ်သမားတွေရဲ့ အင်အားကို အခြေခံထားတဲ့ လုပ်သားပြည်သူတို့ရဲ့ အကျိုးစီးပွားကို နိုင်ငံတော်က ကာကွယ်စောင့်လျောက်ထားကြောင်း အတိအလင်း ဆိုထားပါတယ်။ အတည်ပြုပြဌာန်းလို့ ၆ လဘဲ ရှိသေးတယ်။ ဒီ ဥပဒေ ဒီ ပုဒ်မကို စိန်ခေါ်စမ်းသပ်တဲ့ အထွေထွေ အလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့တယ်။ ၁၉၇၄ ခု အထွေထွေ အလုပ်သမားသပိတ်ကြီးမှာ တပြည်လုံး စက်ရုံ အလုပ်ရုံ ပေါင်း (၁၀၀) ကျော်ပါဝင်ခဲ့ပြီး ဂျွန်လ (၆) ရက်နေ့နဲ့ (၇) ရက်နေ့တွေမှာ အလုပ်သမား အများအပြားနဲ့အတူ ကျောင်းသားတချို့လည်း သွေးမြေကျခဲ့ကြရတယ်။ တချို့လည်း ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်။
ဒီလို စိတ်လှုပ်ရှားစရာ နိုင်ငံရေးရာသီဥတုတွေကြားထဲမှာပဲ တက္ကသိုလ်များ ရန်ကုန်၊ ၁၉၇၄ - ၇၅ စာသင်နှစ်၊ ချင်းစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မီတီ (ခစယ) ရွေးကောက်ရာမှာ အရေးအပါဆုံးဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးနေရာ ရွေးကောက်ရန် အခြေအနေတွေ တင်းမာ နေခဲ့တယ်။ အထစ်အငေါ့တွေ ဖြစ်နေခဲ့တယ်။ အရင်စာသင်နှစ်က မကြေလည်ခဲ့တဲ့ လက်ကျန် ပြဿနာတခုရဲ့ကွင်းဆက် တဖက်နဲ့တဖက် အပေး အယူ မတည့်ခဲ့။ ခစယအတွင်း စည်းလုံးမှုလည်း ခိုင်မာမှုမရှိ၊ ရော့ရဲနေခဲ့တယ်။ ဒီ အစည်းအဝေးရဲ့ ထူးခြားချက်တခုကလည်း ဒီအစည်းအဝေးကို မထင်မရှား လူသိမများသေးတဲ့ အရှိ/မြေပြန့်ချင်း ကျောင်းသား တဦးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဆိုသူ ပါဝင်တက်ရောက်နေတာဖြစ်တယ်။ သူ့ကို ခစယ အစည်းအဝေးကို ခေါ်လာပြီး အများနဲ့ မိတ်ဆက်ပေးလိုက်တာကတော့ သူနဲ့အတူ ထောင်ကလွတ်လာတဲ့ အဲဒီတုန်းက ဆေးကျောင်းသား၊ နောက်ပိုင်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရွေးကောက်ခံ အမတ်ဖြစ်လာတဲ့ ဒေါက်တာဇလှေထန်းပဲ ဖြစ်ပါတယ်။
တတိုင်းလုံး၊ တပြည်လုံး နိုင်ငံရေးအခြေအနေတွေ အုတ်အုတ်ကျက်ကျက်ဖြစ်နေပြီး အထက်ပါ ဖေါ်ပြခဲ့တဲ့ အကြောင်းတရား၊ အချက်အလက် တွေနဲ့ ပြည့်စုံနေတဲ့အချိန်၊ ခစယ အတွင်း ခေါင်းဆောင်မှု ပြဿနာကနေ ရုန်းထွက်မရ၊ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့အချိန်။ ဒီ အစည်းအဝေးရဲ့ ထောင့်တနေရာမှာ ငြိမ်ငြိမ်သက်သက် နားစိုက်ထောင်နေခဲ့တဲ့ ဆလိုင်းတင်မောင်ဦး ကိုယ်တိုင်ကလည်း တိုင်းရေးပြည်ရေး ဦးထိပ်ထားခဲ့ပြီး ကျောင်းသား မြေအောက်လှုပ်ရှားမှုမှာ ပါဝင်ပါတ်သက်ခဲ့တဲ့အတွက် ၁၉၇၄ ဇန္နဝါရီလ (၃) ရက်မှာ ဖက်စစ်နေဝင်းစစ်အုပ်စုရဲ့ အင်းစိန်ထောင်ထဲ မှာ အကျဉ်းကျရာကနေ ပူပူနွေးနွေး လွတ်လာတဲ့ ချင်းကျောင်းသားတဦး ဖြစ်နေပြန်ပါတယ်။ အချိန်အခါရဲ့ တောင်းဆိုမှုကို နားလည်ပြီးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဟာ သွေးစည်းညီညွတ်ရေးဆိုင်ရာ သူရဲ့ အယူအဆ၊ အတွေးအခေါ်တွေနဲ့ ခေတ်အချိန်အခါရဲ့ သွေးစည်းညီညွတ်ရေး
တောင်းဆိုမှု စတာတွေကို အစည်းအဝေးရဲ့ အရှေ့ကိုထွက်ပြီး ရိုးရိုးသားသား တင်ပြခဲ့တယ်။
ရှင်းလင်းပြတ်သား တိုတောင်းသော်လည်း ပြီးပြည့်စုံလှတဲ့ သူရဲ့ တင်ပြချက်အပြီးမှာတော့ အစည်းအဝေးခန်းမတခုလုံး တခဏတာငြိမ်သက်သွားပြီး အားလုံးရဲ့ အာရုံဟာ သူ့အပေါ်ကို ရောက်သွား ကတယ်။ လတ်တလော မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခေါင်းဆောင်မှုပြဿနာရဲ့ တခုတည်းသောအဖြေကို သူတို့အားလုံးရဲ့ စိတ်သန္တာန်ထဲမှာ အထင်းသား ပေါ်လာသလိုပါပဲ။ ၁၉၇၄-၇၅ စာသင်နှစ်၊ ခစယ အထွေထွေအတွင်းရေးမှူး* အဖြစ် ဆလိုင်းတင်မောင်ဦးကို ကန့်ကွက်သူ အလျဉ်းမရှိ တခဲနက် တင်မြှောက်လိုက်ကြပြီး ခိုင်မာတဲ့စည်းလုံးမှုကို တည်ဆောက်ဖြစ်ခဲ့ကြပါတယ်။ ခေတ်သမိုင်းတို့မည်သည်၊ အချိန်အခါရဲ့ တောင်းဆိုမှုအရ သူ့အချိန်သူ့အခါနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်တို့ကို မွေးထုတ်ပေးလေ့ရှိပါတယ်။ ခစယ အထွေထွေအတွင်းရေးမှူးအဖြစ် အမြင့်ပျံအောက်ချင်းငှက်တို့ရဲ့ အစဉ်အလာ တာဝန်တွေကို တက်တက်ကြွကြွ စတင်ထမ်းဆောင်နေတုန်း၊ မရှေးမနှောင်းမှာဘဲ ဗိုလ်နေဝင်း စစ်အုပ်စုရဲ့ မတရားသဖြင့် ရယူတည်ဆောက်ထားတဲ့ ဖက်စစ် အာဏာရှင်စံနစ်ကို ဖိန့်ဖိန့်တုန်အောင်စိန်ခေါ်မဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဈာပန အရေးအခင်းကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့အရေးတော်ပုံကြီးကို တခြားရဲရဲတောက်ခွပ်ဒေါင်း ရဲဘော်တွေနဲ့အတူ ဆလိုင်းတင်မောင်ဦး ကိုယ်တိုင်ပါဝင်ပြီး ဦးဆောင်မှုပေးဖြစ်ခဲ့ပါတယ်။
၁၉၇၄ ဒီဇင်ဘာလ (၅) ရက်။
“မြန်မာပြည်သူတွေ လေးစားတဲ့၊ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီးလည်း ဖြစ်ပါတယ်။ သူ့ကို ကမ္ဘာ့ပြည်သူတွေကလဲ အစဉ်သဖြင့် လေးစားနေကြမှာ ဖြစ်ပါတယ်။”
ဦးသန့် ရုပ်ကလာပ် ထားရှိရာ ကျိုက္ကစံကွင်းဆီကို ဦးတည်ပြီး တန်းစီချီတက်လာကြတဲ့ ထောင်နဲ့သောင်းနဲ့ချီတဲ့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်း သားတန်းကို သောက်ရေနဲ့ ငှက်ပျောသီးများ ဝေငှပေးနေတဲ့ စက်မှုတက္ကသိုလ် ကျောင်းသားများ ငှားထားတဲ့ ဒေါ့ဂျစ်ကားပေါ်ကနေ အသံချဲ့ စက်နဲ့ ပြောနေတဲ့ အသံပါဘဲ။ အသံချဲ့ စက်မှ မကြာခဏဆိုသလို ဦးသန့် ဈာပနကို စည်းကမ်းသေဝတ်စွာ လိုက်ပါကြဖို့နဲ့ ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာ ကြီးကို နောက်ဆုံးဂါရဝပြုကြဖို့ တိုက်တွန်းတဲ့အသံမှအပ ချီတက်နေတဲ့ ကျောင်းသားကျောင်းသူတွေဟာလဲ အထူး စိတ်လှုပ်ရှား တက်ကြွနေကြ ပေမယ့် တစုံတရာ အော်ခြင်းဟစ်ခြင်း မရှိ၊ ချီတက်ရာမှာ စည်းကမ်းသေဝတ်မှု ရှိကြပါတယ်။ ကျိုက္ကစံကွင်းမှာ ဦးသန့်ကို နောက်ဆုံးဂါရဝပြုဖို့နဲ့ လွမ်းသူ့ပန်းခွေချဖို့ ရောက်နှင့်နေတဲ့ သောင်းနဲ့ချီတဲ့ မိဘပြည်သူရဟန်းရှင်လူတွေနဲ့ ချီတက်လာတဲ့ ကျောင်းသားထုတို့ ပေါင်းစပ်မိခဲ့ကြပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးဗိသုကာကြီးလည်းဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကို ဂါရဝပြုကြပြီး ကိုကြည်ဝင်း၊ ဆလိုင်းတင်မောင်ဦး အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေက ဆက်လက်ပြီး ဦးသန့် ဈာပနကို ကျောင်းသားများက ဆက်လက် တာဝန်ယူ သွားမှာ ဖြစ်တဲ့အတွက် ဦးသန့်ရဲ့ ရုပ်ကလာပ် လုံခြုံရေး တာဝန်ယူထားကြတဲ့ ကြက်ခြေနီအဖွဲ့အား ဖယ်ရှားပေးရန် မေတ္တာရပ်ခံလိုက်ပါတယ်။
ကြက်ခြေနီအဖွဲ့ ဖယ်ရှားပေးပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်များ လိုက်ပါလာတဲ့ ဒေါ့ဂျစ်ကို ဦးသန့်ရုပ်ကလာပ်အနီးဆီကို မောင်းတက်လာပြီး ၁၉၆၂ ခုနှစ် (၇) ရက် ဂျူလိုင်မှာကျဆုံးခဲ့တဲ့ ကျောင်းသားများကို တမိနစ် ငြိမ်သက်စွာ အလေးပြုကြပါတယ်။ တဆက်ထည်းမှာဘဲ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ထိုက်ထိုက်တန်တန် တခမ်းတနား ကျင်းပပြီး ဦးသန့်ရဲ့ ရုပ်ကလာပ်ကိုလည်း ဦးသန့်ဗိမာန် တည်ဆောက်ကာ ဂူသွင်းသဂြိုဟ်ဖို့ဆိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင် ငြင်းဆန်ပြီး သာမန်လူတွေ သဂြိုဟ်တဲ့ ကြံတောသင်္ချိုင်းမှာ မြှုပ်နှံသဂြိုဟ်ဖို့ စစ်အစိုးရက စီစဉ်ထားတာကို ကျောင်းသားများအပါအဝင် ပြည်သူလူထုက လက်မခံနိုင်ကြောင်း၊ ဒါကြောင့် ဦးသန့်ဈာပနကို ပြည်သူ့ဈာပနအဖြစ် ကျင်းပပြီး၊ သူ့ရဲ့ရုပ်ကလာပ်ကိုလည်း ဗိမာန်တည်ဆောက်၊ ဂူသွင်းသဂြိုဟ်ဖို့ တောင်းဆိုချက်ကို စစ်အစိုးရက လက်ခံလိုက်လျောတဲ့အထိ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ အများပြည်သူတို့ ဂါရဝပြုနိုင်အောင် ထားရှိမှာ ဖြစ်တဲ့ အကြောင်း ကြေငြာလိုက်ပါတယ်။
ကြေငြာချက်အပြီးမှာတော့ ပြည်သူလူထုကလဲ သောင်းသောင်းဖြဖြ လက်ခုတ်တီးရင်း၊ အသဲလှိုက် ရင်လိုက် ပျော်ရွှင်ဝမ်းမြောက်စွာ ဩဘာပေးကြပါတယ်။ အဲဒီနောက်၊ ဦးသန့်ရဲ့ရုပ်ကလာပ်ကို ကားပေါ်တင်ပြီး “ဦးသန့်ဗိမာန် တည်ဆောက်ရေး၊ ဒို့အရေး။ တပါတီ အာဏာရှင်စံနစ်၊ အလိုမရှိ” စသည်ဖြင့် ကြွေးကြော်ပြီး ရန်ကုန်တက္ကသိုလ်ဆီကို ဦးတည်သယ်ဆောင်လာကြတယ်။
ဘွဲ့နှင်းသဘင် ခန်းမမှာ ဦးသန့်ရဲ့ရုပ်ကလာပ်ကို အများပြည်သူတို့ နေ့စဉ်လာရောက် ဂါရဝပြုကြပါတယ်။ ရဟန်းသံဃာကအစ လူထုလူတန်းစား ပေါင်းစုံပါဝင်ကြပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာလည်း နေ့စဉ်နဲ့အမျှ စစ်အစိုးရ ဆန့်ကျင်ရေး တရားဟောပြောပွဲတွေကို တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမရှေ့မှာ ပြုလုပ်ကြပါတယ်။ ဦးသန့်ကို ဂါရဝပြုရင်း၊ နိုင်ငံရေးတရားများကို နားထောင်အားပေးကြတဲ့ လူထုပရိဿတ်ဟာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဝင်းတခုလုံး နေ့စဉ်နှင့်အမျှ သိန်းဂဏန်းမက ရှိခဲ့ပါတယ်။ တက္ကသိုလ်ဆေးရုံနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းအကြား တက္ကသိုလ်လမ်းတစ်လျောက် ဘယ်ဖက်ညာဖက် နှစ်ဖက်စလုံးမှာလဲ ဘူးသီးကျော်ဆိုင်များ၊ လွှက်ရည်ဆိုင်များနဲ့ ပွဲဈေးတန်းတခုလို စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
၁၉၇၄ ဒီဇင်ဘာလ (၈)ရက်။
စစ်အစိုးရအနေနဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်များအနက် ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ကို နောက်ဆုံး အချိန်ထိ ငြင်းဆန်ခဲ့တယ်။ ဦးသန့်ရုပ်ကလာပ်ကိုတော့ ကန်တော်မင်ပန်းခြံမှာ ဗိမာန်တည်ဆောက် ဂူသွင်းဖို့ သဘောတူကြောင်း ထုတ်ပြန်ကြေငြာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ၊ သံဃာတော်များနဲ့ ဖွဲ့စည်းထားတဲ့ ဈာပနကော်မီတီတွင်း မဲခွဲဆုံးဖြတ်ချက် ချကြရာမှာ ကန်တော်မင်ပန်းခြံမှာ ဗိမာန်တည်ဆောက်ဂူသွင်းဖို့ မဲပေးသူအများစု ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ (၈) ရက်မှာ နောက်ဆုံးဂါရဝပြုဖို့ တက္ကသိုလ်ကျောင်းဝင်းအတွင်း ဗိုလ်နေဝင်း မိုင်းထောင် ဖျက်စီးခဲ့တဲ့ ယခင်ကျောင်းသားသမဂ္ဂအဆောက်အဦးရှိရာ မြေကွက်လပ်မှာ ကျောင်းသား များ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဗိမာန် အုတ်ဂူဆီကို သယ်ဆောင်လာစဉ် ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင်ပန်းခြံမှာ ဗိမာန် တည်ဆောက် ဂူသွင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာတဲ့အခါမှာ သိန်းဂဏန်းမကတဲ့ ကျောင်းသားပြည်သူရဟန်းရှင်လူ၊ လူထုပရိဿတ်က ကျောင်းသားများ ဆောက်ထားတဲ့ ငြိမ်းချမ်းရေးဗိမာန်မှာဘဲ ဂူသွင်းသဂြိုဟ်ဖို့ တစ်ခဲနက်တောင်းဆိုကြတဲ့အတွက် အဲဒီမှာဘဲ ဂူသွင်းသဂြိုဟ်လိုက်ကြပြီး ငြိမ်းချမ်းရေးဗိမာန်ကို ဆက်လက်တည်ဆောက်ခဲ့ကြပါတယ်။
ဦးသန့်ဗိမာန်တည်ဆောက်ဖို့ ပြည်သူတွေလှူဒါန်းတဲ့ ငွေဟာလည်း ကျပ်ငွေ (၃) သိန်းထိ ကျောင်းသားတွေက ကောက်ခံရရှိခဲ့ကြပါတယ်။ ဦးသန့်အရေးအခင်းကြီးဟာ ခုနှစ်ရက်တပါတ်အထိ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ အရှိန်မြင့်သထက် မြင့်လာတာနဲ့အမျှ မဆလပါတီတွင်း၊ ကောင်စီတွင်း၊ တပ်မတော်တွင်း၊ ထောက်လှန်းရေးတပ်များ စသည်ဖြင့် ပြည်သူတွေဘက်ကို နည်းအမျိုးမျိုးနဲ့ ပူးပေါင်းပါဝင်လာကြပါတယ်။ ဥပမာအားဖြင့် ပါတီဌာနချုပ်၊ ထောက်လှမ်းရေး အစရှိသည်တို့ကနေ အစိုးရရဲ့ အတွင်းသတင်းတွေ ပေးပို့လာကြတယ်။ ဒီ အတွင်းသတင်းတွေကိုမှီပြီး စစ်ထောက်လှမ်းရေး အယောက် (၃၀၀) လောက်ကို တက္ကသိုလ်ဝင်းထဲမှာတင် ကျောင်းသားနဲ့ ပြည်သူတို့ ပူးပေါင်းပြီး ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။
၁၉၇၄ ဒီဇင်ဘာလ (၁၁) ရက်။
ဒီလိုနဲ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ အလုပ်သမားထုပါဝင်လာပြီး လူထုတိုက်ပွဲအရှိန်ကို မြှင့်တင်ဖို့ လုပ်နေချိန်၊ မနက် (၂) နာရီမှာ စစ်တပ်နဲ့ လုံထိမ်း ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကို ဝင်စီးပါတော့တယ်။ ကျောင်းသား၊ ရဟန်းရှင်လူ ရာနဲ့ချီ အသတ်ခံခဲ့ရပြီး၊ ဆန္ဒပြသူ ၃,၀၀၀ ခန့်ကို ဖမ်းဆီးကာ အင်းစိန်ထောင်မှာ အကျဉ်းချခဲ့ကြပါတယ်။ ဦးသန့်ရုပ်ကလာပ်ကိုလည်း အဓမ္မ သိမ်းပိုက်လိုက်ပြီး နံနက် လင်းအားကြီးအချိန်မှာ ရွှေတိဂုံဘုရားခြေရင်း၊ ကန်တော်မင်ပန်းခြံမှာရှိတဲ့ သခင်ကိုယ်တော်မှိုင်း အုတ်ဂူနဲ့ ကပ်လျက်မှာ သဂြိုလ် လိုက်ကြပါတယ်။ ထူးခြားတာကတော့ ဦးသန့်ဗိမာန်ကို ကျောင်းသားများ ကောက်ခံရရှိတဲ့ အများပြည်သူ လှူဒါန်းခဲ့ကြတဲ့ ငွေတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒါဟာလည်း ကျောင်းသားနဲ့ ပြည်သူ စည်းလုံးညီညွတ်မှုရဲ့ အမှတ်သင်္ကေတတခု ပါဘဲ။
၁၉၆၂ ခုနှစ် ဂျူလိုင်လ (၇) ရက်နေ့ ကျောင်းသားတွေကို သွေးချောင်းစီး သတ်ဖြတ်ခဲ့ပြီး နောက်တနေ့မှာဘဲ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဗိုလ်နေဝင်းနဲ့အပေါင်းပါ စစ်အုပ်စုက မိုင်းထောင်ဖေါက်ခွဲပြီး၊ နောင် စစ်အာဏာကို မဖီဆန်ဝံ့အောင်၊ ဖျက်စီးပစ်ခဲ့ကြတယ်။ ဦးသန့်အရေးအခင်းရဲ့အစမှာ ဆလိုင်းတင်မောင်ဦး အပါအဝင် ကျောင်းသားခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ၁၉၆၂ ခုနှစ်ဂျူလိုင်လ (၇) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ပြည်သူတွေနဲ့အတူ အလေးပြုခဲ့ကြတယ်။ ဦးသန့်အရေးအခင်း အဆုံးသတ်သွားတဲ့အခါမှာတော့ ဦးသန့် ဗိမာန်ဆိုတဲ့ အဆောက်အဦတခုဟာ ထီးထီးမားမား ပေါ်ထွက်လာခဲ့ပါတယ်။ ပြည်တင်းရင်မင်းမခံနိုင်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။
ပြည်သူ့ အရေးတော်ပုံကြီးရဲ့ထွန်းပြောင်တဲ့ သမိုင်းမှတ်တိုင်တခု။ ၁၉၇၅-၇၆ စာသင်နှစ်။
ပြီးခဲ့တဲ့စာသင်နှစ်တွေမှာ တက္ကသိုလ်ကျောင်းသားများ ဆူဆူပူပူဖြစ်ခဲ့ကြတာကိုဘဲ ကျောင်းသားတွေရဲ့ နေ့စဉ် ကျောင်းတွင်း/ကျောင်းပြင်၊ ကျောင်းဆောင်များမှာ စားရေးသောက်ရေးကစ အဆင်မပြေတာတွေကြောင့်လိုလို စစ်အစိုးရရဲ့ မကြည်လင်တဲ့ သုံးသပ်ချက်အရ ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်းကို တက္ကသိုလ်အသီးသီးမှာ လှည့်လည်ပြီး ကျောင်းသားတွေနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးဖို့ စေလွှတ်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့က ကျောင်းသားတွေရဲ့ နေ့တဒူဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင် တက္ကသိုလ်ကျောင်းသားများ ဆူဆူပူပူဖြစ်ခဲ့ကြတာတွေ ငြိမ်းအေးသွားမယ်လို့ ယုံကြည်ခဲ့ပုံရပါတယ်။
(မှတ်ချက်။ ။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အစိုးရက ကြိုးပေးသတ်လိုက်တဲ့ အနှစ် (၃၀) မြောက် အထိမ်းအမှတ်အဖြစ် ဆလိုင်းကစ်(ပ်) ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ဆိုရင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရတာ ၄၆ နှစ် ပြည့်မြောက်ခဲ့ပါပြီ ။