ပြည်တွင်းတွင် ငွေသုံးစွဲ ၊ ပေးချေမှုများကို မြန်မာကျပ်ငွေဖြင့်သာ မဖြစ်မနေ သုံးစွဲရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယမန်နေ့ မေလ ၂၅ရက်က ထုတ်ပြန်သည်။
နိုင်ငံအတွင်း ရောင်းချ၊ ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာအသုံးပြုမှု ဖြစ်လာစေခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာစေခြင်းတို့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဗဟိုဘဏ် အမိန့်ကြော်ငြာစာ အမှတ် ၁၂/ ၂၀၂၂အရ နောက်ဆက်တွဲထုတ်ပြန်ခဲ့သော ကင်းလွတ်ခွင့်ပြုခဲ့သည့် ကိစ္စရပ်များမှအပ ပြည်တွင်းတွင် နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD)လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအခြေအနေတွင် ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်းတွင်လာရောက်ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ ပြည်တွင်းတွင် နေရာထိုင်ခင်းငှားရမ်းမှုများ၊ အမှတ်တရ ပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား အမေရိကန်ဒေါ်လာဖြင့် ပေးချေဆောင်ရွက်နေကြောင်း ဆိုသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ လုပ်ငန်းများ၊ အဖွဲ့အစည်းများကလည်း မိမိတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများ(ဥပမာ-မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းများမှ ရရှိငွေများ အစရှိသည်) အား နိုင်ငံခြားငွေဖြင့် လက်ခံဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ဆိုထားသည်။
ထို့ကြောင့် ပြည်တွင်းသုံးစွဲမှုများကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ အနေဖြင့် မိမိလက်အောက်ခံ အဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့် ညွှန်ကြားပေးရန်နှင့် ထိုသို့ညွှန်ကြားပြီးကြောင်းကို ပြန်ကြားပေးရန် ညှိနှိုင်းမေတ္တာရပ်ခံကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်သည်။