ဆလိုင်းမိုက်ကယ် — စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်က ၂၀၂၀ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြပြီး ၂၀၀၈ဖွဲ့စည်းပုံအရ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် အစောဆုံးလက်နက်ကိုင် တော်လှန်သည့်မြို့ ဟုဆိုရမှာဖြစ်ပါသည်။
ယခုလိုလက်နက်ကိုင် တော်လှန်လာခြင်းသည် မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများမှာလည်း တော်လှန်လာကြပါသည်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ လူငယ်များသည် ၂၀၂၁ခုနှစ်မေလလောက်မှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ကာ ခုခံတော်လှန်လာကြပါသည်။
မြန်မာစစ်တပ် သည် ၎င်းတို့ကို လက်နက်ကိုင်တော်လှန်ကြသည့် ကျေးရွာများနှင့် PDF ရှိသည့် ကျေးရွာများကို မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းစသည့် ရာဇဝတ်မှုကို ကျူးလွန်နေကြခြင်းကြောင့် ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများသည် ၎င်းတို့နေထိုင်သည့်ရွာကိုမပြန်ရဲကြတော့ဘဲ ကလေးမြို့ပေါ်နှင့်နီးစပ်ရာတောတောင်ထဲတွင် စစ်ဘေးရှောင်ကြရပါသည်။
ကလေးမြို့သည် အထက်ချင်းတွင်းဒေသတွင်တည်ရှိပြီး အရှေ့ဘက်တွင်မြစ်သာမြစ်၊ အနောက်ဘက်တွင် ချင်းတောင်ခြေနှင့်ထိစပ်နေသည့်မြို့ဖြစ်သည်။
ကလေးမြို့သို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့်သွားရောက်နိုင်ပြီး ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့များအပြင် အန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဒေသထွက် ဆန်စပါးနှင့်အသား၊ငါးများကိုတင်ပို့နိုင်သည့် အတွက် ကုန်သွယ်ရေးအရအရေးပါသောမြို့တစ်မြို့ ဖြစ်သည်။ ကလေးမြို့တွင် လူဦးရေ (၃၄၀၀၀၀) ကျော်နေထိုင်ကာ ချင်းလူမျိုး၊ဗမာလူမျိုးများ စုပေါင်းနေထိုင်ပြီး လူဦးရေ၏ ၅ပုံ ၃ပုံမှာ လယ်ယာ လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား စစ်ရေးတင်းမာမှုတို့ကြောင့် စစ်ဘေးရှောင်ပြည်သူ(၄၅၀၀၀)ကျော် အထိရှိလာသည်ဟု အဖွဲ့အစည်း အမည်မဖော်ပြလိုသည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဉီးထံမှသိရသည်။
ထိုအထဲတွင် မြို့ပေါ်ရပ်ကွက်အတွင်း စစ်ဘေးရှောင်လာနိုင်သည့် လူဦးရေဟာ(၃၀၀၀)လောက်ရှိ နေပြီး ကျန်ရှိနေသည့် စစ်ဘေးရှောင်(၄၂၀၀၀)ခန့်မှာ တောတောင်ထဲတွင် သက်ကယ်များ၊ မိုးကာများဖြင့် ယာယီတည်ဆောက်ထားသော ယာယီတဲများတွင် စစ်ဘေးရှောင်နေကြရပါသည်။
ကလေးမြို့နယ် အတွင်းရှိ ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည့် ကြာအင်း၊ ချောင်းခွ၊ သံဖို၊ ရန်ကြီးအောင်၊ ပန်းမွန်ချောင်း၊ သာယာကုန်း၊ ကြံသာ၊ မှန်တောကျေးရွာ အစရှိသည့် ကျေးရွာများမှ ခန့်မှန်းလူဦးရေ(၂၀၀၀)ဦးတို့သည်ကလေး မြို့ပေါ်မှာ လာရောက်ခိုလှုံနေကြရပါသည်။
မြန်မာ့ မဟာလေ့လာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar)၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ မှ၂၀၂၂ ဧပြီလ ၂၅ရက်နေ့အထိ နေရာအနှံ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် အရေအတွက် စုစုပေါင်း(၁၃၀၈၀၈၉) ဦးအထိရှိလာသည်ဟု ဖော်ပြထားသည်။
ကလေးမြို့ပေါ်ရောက်အောင်ဘယ်လိုစစ်ရှောင်လာကြတာလဲ
ကလေးမြို့ပေါ် လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးစစ်ဘေးရှောင်ထဲတွင် တစ်ချို့မှာ ၎င်းတို့ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မဝင်လာခင်ကတည်းက ပြောင်းလာကြတဲ့သူတွေရှိကြသကဲ့သို့ ရွာထဲ စစ်သားတွေ ဝင်လာမှ တောထဲမှာ စစ်ဘေးရှောင်ကြပြီး အခြေအနေငြိမ်မှသာ မိမိတို့ကျေးရွာကို ဝင်ရောက်ကြသည်။ ထို့နောက်မှသာ ကလေး မြို့ပေါ်ကိုလာရောက် ပြောင်းရွေ့ခိုလှုံ လာကြသည့်သူများလည်းရှိသည်။
တစ်ချို့အိမ်ထောင်စုများမှာ တောထဲစစ်ရှောင်နေကြစဉ် ၎င်းတို့အိမ်များ မီးရှို့ဖျက်ဆီးခံကြရခြင်း ကြောင့် လက်ဗလာဖြင့်သာ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်လာကြသည့် သူများ လည်းရှိသည်။
“ကျွန်မတို့ရွာမှာ ရှိတဲ့ ဒလန်(သတင်းပေး)ကို ဘယ်ကမှန်းမသိတဲ့အဖွဲ့ကသတ်လိုက်တာ၊ နောက်နေ့ စစ်ကားတွေလာပြီး ရွာထဲကိုစစ်ကြောင်းထိုးတော့ ဒေသခံအချို့က ကြောက်လန့်လို့တောထဲကို စစ်ရှောင်သွားကြတယ်၊ အခြေအနေငြိမ်တော့မှ ကလေးမြို့ပေါ်ကိုစစ်ရှောင်လာနိုင်တော့တယ်”ဟု ကြံသာကျေးရွာမှ စစ်ရှောင်တစ်ဦးက အခုလိုပြောကြားခဲ့ပါသည်။
ကြံသာကျေးရွာသည် အိမ်ခြေ(၂၅၀)ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ချင်းလူမျိုးနှင့် ဗမာလူမျိုးများ ရောနှေနေထိုင်ကြသည့်ကျေးရွာဖြစ်ပြီး ယခုလက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အိမ်ခြေပေါင်း(၂၀)ကျော်မီးရှို့ဖျက်ဆီးခံရပြီဖြစ်သည်။
အဆိုပါမီးရှို့ခံရသည့် နေအိမ်အများစုတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည့် နေအိမ်များဖြစ်ကြပြီး ဗမာလူမျိုးနေထိုင်သည့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု မရှိကြောင်း သိရသည်။
မီးရှို့ခံရသည့် နေအိမ်အများကို စစ်မှုထမ်းဟောင်းများ၊ စစ်တပ်ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးများက သူတို့နဲ့စီးပွားရေးအရ သော်လည်းကောင်း ၊လူမှုရေးအရ သော်လည်းကောင်း မကျေနပ်သည့်အိမ်များအား စစ်သားများကို လိုက်ပြပြီး ပထမအကြိမ် ပစ္စည်းတွေ ယူသွားကြကြောင်း မီးရှို့ခံရသည့်နေအိမ်များမှာ ချင်းလူမျိုးများအများစု နေထိုင်သည့် အိမ်များဖြစ်ကြပြီး ဗမာလူမျိုးများနေထိုင်သည့်အိမ် တစ်အိမ်မျှ မီးရှို့ဖျက်ဆီးခံရခြင်းမရှိသည့်အတွက် ဒေသခံ ပျူစောထီးများ၏ လုပ်ရပ်သည် လူမျိုးရေပဋိပက္ခကို ဦးတည်နေကြောင်း ဒေသခံပြည်သူများက ပြောပါသည်။
ကလေးမြို့ကို စစ်ရှောင်လာဖို့ ထွက်လာကြတဲ့လမ်းကြောင်း တစ်လျောက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်ပြီး စစ်ဆေးရေးများ တင်းကြပ်ထားသောကြောင့် မြို့ပေါ်တွင် စစ်ဘေးရှောင်နိုင်ရေးအလွန်ခက်ခဲကြသည်။
တစ်ချို့ပြည်သူများမှာ ကြာအင်းကျေးရွာ နောက်ဘက်ရှိ ချင်းတောင်ခြေ မှတစ်ဆင့် တောလမ်း အတိုင်း ခြေလျင်ဖြင့် မြို့ပေါ်အထိရောက်အောင် (၃)ရက်ခန့် လမ်းလျောက်လာကြရသည်။
ဧပြီလ (၂၇)ရက်နေ့ ကလေးမြို့နယ် အရှေ့စည်းကျေးရွာသို့ စစ်ကောင်စီတပ်များ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသဖြင့် အရှေ့စည်းကျေးရွာနှင့် ဒိုးနွယ်ကျေးရွာများမှ ပြည်သူများ သည် မြစ်သာမြစ်တစ်ဖက်ကမ်းရှိ တောတောင်များကို စစ်ဘေးရှောင်နိုင်ရန်အတွက် မြစ်သာမြစ်ပေါ်ရှိ ဝါးများ သစ်လုံးများဖြင့် ယာယီထိုးထားသည့် တံတားကိုဖြတ်ကူးစဉ် တံတား၏ ခံနိုင်ဝန် အားနည်းခြင်း ကြောင့် ကျိုးကျသဖြင့် အသက်(၅)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ(၁၀)ဦးကျော် ရေနစ် သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်းရှိသည်။
ထိုအဖြစ်အပျက်များသည် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား စစ်ရေးတင်းမာမှုကြောင့် ဒေသခံပြည်သူများ အသက်လုပြီးထွက်ပြေးနေကြရသော်လည်း စစ်ရှောင်နေစဉ်အတွင်း အသက်ဆုံးရှုံး နိုင်သည့်ဖြစ်ရပ်ကို မီးမောင်းထိုးပြသည့် အကြောင်းအရာ တစ်ချက်ဖြစ်သည်။
မြန်မာ့ မဟာလေ့လာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar)၏ ဖော်ပြချက်အရ မြန်မာစစ်တပ်မှအာဏသိမ်းပြီးနောက်ပိုင်း နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း(၁၇၃၀)ဦးအထိရှိလာပြီး စစ်ကိုင်းတိုင်း၊ရန်ကုန်တိုင်း မန္တလေးတိုင်း တို့တွင် အရပ်သားသေဆုံးသူများ၏ (၆၄)ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် အရပ်သား သေဆုံးသူ(၆၄)ဦးအထိရှိပြီဖြစ်သည်။
သေဆုံးသူများထဲတွင်အသက် (၁၈)နှစ်အရွယ်မှ အသက်မပြည့် သေးသည့် ကလေးသူငယ်ပေါင်း (၁၀၀)ကျော်ပါဝင်နေဟု ဖော်ပြထားသည်။
စစ်ရှောင်ကြတဲ့သူတွေဘယ်လိုနေထိုင်ကြတာလဲ
ကလေးမြို့နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကလေးမြို့ပေါ်သို့ စစ်ရှောင်လာသူများ မှာ အခြားဒေသများကဲ့သို့ (နယ်စပ်ခိုလှုံသူများ ) စစ်ရှောင်စခန်း(IDP)စခန်းတွေ မရှိခြင်းကြောင့် နေထိုင် ရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။
ကလေးမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသည့် ချင်းတိုင်းရင်းသား အများစုမှာ ဆွေမျိုး အသိုင်းအဝိုင်းများ၏ ကူညီ ဖေးမမှုဖြင့် ၎င်းတို့၏ နေအိမ်များတွင် ခိုလှုံခွင့်ရရှိကြပြီး၊ ငွေကြေး တက်နိုင်သည့် စစ်ရှောင်အချို့မှာ ကလေးမြို့ပေါ်အတွင်း အိမ်ဌားပြီးနေထိုင်ကြပြီး ၊ဆွေမျိုး အသိုင်းအဝိုင်း မရှိ၊ ငွေကြေးလည်း မတက်နိုင်သည့် ချင်းစစ်ဘေးရှောင်ပြည်သူတစ်ချို့မှာ သက်ဆိုင်ရာ လူမှုကူညီရေးအသင်းများ၏ ဖေးမကူညီမှုနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ဘာသာရေး အဆောက် အဦတို့ တွင် ခေတ္တခိုလှုံခွင့်ရကြပါသည်။
ငွေကြေးလည်း မတက်နိုင်၊ သက်ဆိုင်ရာလူမှုကူညီရေးအသင်း အစီအစဉ်ဖြင့် မနေလိုသူများမှာ အိမ်ထောင်(၃)စုလောက် ပေါင်းပြီး အိမ်တစ်လုံးကိုဌားရမ်းနေထိုင်ကြသည့် စစ်ဘေးရှောင် ပြည်သူများ လည်းရှိသည်။
ကလေးမြို့တောင်ပိုင်းကနေ စစ်ရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်တစ်ဦးက“ကျွန်မတို့မှာ နေစရာကမရှိတော့ဘူး၊ ရွာမှာနေတုန်းကဆို ကိုယ့်အိမ်မှာဆိုတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့နေရတယ်၊ တစ်အိမ်ကို အိမ်ထောင်စု (၃)စုလောက်နဲ့နေရတော့ အရမ်းကျဉ်းကြပ်တယ်၊ အိမ်ကို သတိရတယ်” ဟုပြောဆိုလာပါသည်။
ကလေးမြို့ပေါ်တွင် ယခင်နှစ်များထက် အိမ်လခ အဆမတန်ဈေးမြင့်တက်နေခြင်းဟာလည်း ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် အခက်အခဲတစ်ခုလိုဖြစ်စေပါသည်။ ယခင်နှစ်များတွင် ရိုးရိုးသွပ်မိုး ဝါးကာအိမ် နှစ်ထပ် ကိုတစ်လလျှင် ၃၀၀၀၀ လောက်ဖြင့် ဌားရမ်းနေနိုင်သော်လည်း ယခု လက်ရှိတွင် ၅၀၀၀၀ အထက်အထိ ဈေးမြင့်တက်လျက်ရှိသည်။
“ ပြန်ချင်တာပေါ့ ကိုယ့်အိမ်မှာနေရတာလောက် ဘယ်နေရာမှ မပျော်ရွှင်ဘူး၊ အခုအခြေအနေ အရ အိမ်ပြန်ဖို့ လုံးဝစိတ်ချရတဲ့အနေအထားမှာမရှိသေးဘူး၊ အခြေအနေကောင်းမှပဲ ပြန်တော့မယ်၊ အခြေအနေကောင်းလာဖို့ ဆုတောင်းဖို့ပဲတက်နိုင်တယ်” သံဖိုကျေးရွာမှ စစ်ရှောင်တစ်ဦးက အခုလို ပြောကြားသည်။
စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက” ကျနော်တို့ မြို့အတွက် စစ်ရှောင်စခန်းတွေ ရှိရင်ကောင်းမယ်၊ တိုက်ပွဲကဘယ်အချိန်ထိဆက်ဖြစ်မှာလဲမသိနိုင်ဘူး၊ စစ်ဘေးရှောင်တွေ ပိုများလာဖို့ပဲ ရှိတယ်၊ စစ်ရှောင်တွေများလာလေ သူတို့အတွက်နေထိုင်ရေးအတွက် အခက်အခဲက ပိုခက်ခဲလေပဲ”ဟု ပြောပါသည်။
ချင်းစစ်ဘေးရှောင်များ၏စားဝတ်နေရေးအခြေအနေဘယ်လိုရှိလဲ
၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက် လျက်ရှိခြင်းသည် ကလေးမြို့ပေါ်ရှိစစ်ဘေးရှောင်ပြည်သူများ အတွက် စားဝတ် နေရေးအတွက် စိန်ခေါ်မှု တစ်ရပ်အဖြင့် ကြုံတွေ့ရသည်။
၎င်းအပြင် ကလေးမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် ပြည်သူများမှာ ယခုအချိန် ၎င်းတို့လယ်ယာလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းမရှိသည့်အတွက် အသီးအရွက် အသား၊ ငါး များ အဆမတန် ဈေးမြင့်တက် လျက်ရှိသည်။
ကလေးမြို့သည် အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့်အပြင် ကုန်သွယ်ရေးအရ အရေးပါသော မြို့ဖြစ်သည်။
ကလေးမြို့နယ်မှထွက်သော ဆန်၊စပါး ၊ပဲ၊ ပြောင်း၊ နှမ်းတို့ သည် မြို့ပေါ်နေ နှင့်ကျေးလက်နေပြည်သူများအထွက် ဖူလုံမှုရှိသည့်အပြင် ချင်းပြည်နယ်မြောက်ဘက်ပိုင်းရှိမြို့များ ဖြစ်သော ဟားခါး၊ ဖလမ်း၊တီးတိန်၊ တွန်းဇံ၊ ထန်တလန် အစရှိသည့် မြို့များအပြင် အန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် အထိပါ တင်ပို့နိုင်သည့်အခြေအနေထိရှိခဲ့သည်။
ယခုလက်ရှိတွင် ကလေးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် တောင်သူ လယ်သများ မှာ မိမိတို့ တောင်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက်ကြောင့် အကျိုးဆက်အနေဖြင့် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးနှုန်းမြင့်တက်လျက်ရှိသည်။
“ အရင်နှစ်က ပဲနှုတ်ဖို့အတွက် လူတစ်ယောက်ကို တစ်နေကုန်လုပ်မှ (၈၀၀၀)လောက်ဘဲ ပေးရတာ အခုချိန်မှာ စစ်ပွဲတွေဖြစ်တဲ့အတွက် တစ်ယောက်ကို (၁၅၀၀၀)လောက်ပေးလည်း လာကောက်မယ့်လူက ရှာမရဘူး၊ အသက်စွန့်ပြီးလုပ်တဲ့ အလုပ်လိုဖြစ်တဲ့အတွက် မလုပ်ရဲကြဘူး” ဟု သံဖိုကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးက ဆိုသည်။ ထိုအချက်သည် ကလေးမြို့နယ်အတွင်းကုန်ဈေးနှုန်းများ ယခင်ကထက် အဆမတန်မြင့်မားလျက်ရှိနိုင်ခြင်းကို ဖော်ပြခြင်းသည်။
ကလေးမြို့နယ်အတွင်းရှိ ချင်းလူမျိုးအများစုမှာ အိမ်တိုင်းနီးပါး ၎င်းတို့ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် ဝက်များ၊ ကြက်များ ၊နွားများ မွေးမြူလေ့ရှိကြပြီး ကလေးမြို့ပေါ်မှ အသား ဒိုင်တစ်ချို့ကလည်း သွားရောက် ဝယ်ယူလေ့ရှိသည်။
ယခင်နှစ်များတွင် ဝက်သားတစ်ပိဿာလျင် (၁၀၀၀၀)ဈေးနှုန်းမှ လက်ရှိတွင် ဝက်သား တစ်ပိဿာလျင် (၁၄၀၀၀)ခန့်၊ အမဲသား တစ်ပိဿာလျှင် (၁၂၀၀၀)ခန့်မှ (၁၄၀၀၀)အထိ ဈေးနှုန်းမြင့်တက် လျက်ရှိရာ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဝယ်စားနိုင်သည့်အခြေအနေမျိုးမရှိဘဲ အချိူ့စစ်ရှောင်များမှာ အစာအဟာရနှင့် ပတ်သက်သည့် အခက်ခဲများနှင့်ကြုံတွေ့လာနိုင်သည်။
“ ကျွန်တော်တို့ ဒီကိုလာတဲ့ချိန် ရှိသမျှအကုန်သယ်လာနိုင်တယ်ဆိုပေမယ့်၊ ပုံမှန် ဝင်ငွေရတဲ့ အလုပ်မရှိလို့ ရှိတာလေးကို ချွေတာပြီးစားရတာပေါ့ ၊ တစ်ပတ်ကို တစ်ခါလောက်တော့ အသားဟင်းနဲ့စားရတာပေါ့ ၊ တစ်ခါတစ်လေ အလှူရှင်တွေ လာလှူတဲ့ချိန်စားရတာပေါ့” စစ်ဘေးရှောင် ပြည်သူတစ်ဦးက အခုလိုပြောသည်။
သာမန် လူတစ်ဦးသည် တစ်ရက်လျှင် အသား(၁)ကီလို (၂.၂) ဂရမ်လောက်စားသုံးသင့်ပြီး အသား၊ ငါး စားသုံးမှုနည်းလျင် ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများဆုံးရှုံးခြင်း၊ အဆီအရေပြား ပျော့တွဲခြင်း၊ အနာကျက်တာနှေးခြင်း၊ ဆံပင်မသန်ခြင်း ၊ လက်သည်းခွံဝါခြင်း၊ စိတ်တိုလွယ်သည့်လက္ခဏာ ဖြစ်တက်တယ်လို့ အစာအဟာရ ပညာရှင်များကသုံးသပ်ထားသည်။
ချင်းစစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး
ကလေးမြို့တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းများ CDMလှုပ်ရှားမှု တွင် ပါဝင်ကြသည့်အတွက်ကြောင့် မြို့ပေါ်လာရောက်ခိုလှုံနေသည့် ချင်းစစ်ဘေးရှောင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနိုင်ရန်အတွက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့တွင် များစွာအခက်အခဲ ဖြစ်ပေါ်စေသည်။
ကလေးမြို့ပေါ်ရှိ မြို့တော်ခန်းမနှင့် ဌာနဆိုင်ရာစုပေါင်းခန်းမတို့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်ဆေးများပုံမှန်ထိုးပေးနေပြီး ထိုကဲ့သို့ ကာကွယ်ဆေးထိုးပေးရာတွင် အိမ်ထောင်စု ဇယား(သို့မဟုတ်)မှတ်ပုံတင်ရှိမှသာထိုးခွင့်ရမည်ဖြစ်သည်။
ကလေးမြို့တွင်ခိုလှုံနေသည့် ချင်းစစ်ဘေးရှောင်ပြည်သူများမှာ အိမ်တစ်အိမ်လျှင် အိမ်ထောင် (၃)စုလောက်ဖြင့် စုပြုံနေထိုင်ကြသည့်အတွက်ကြောင့် လာမည့်မိုးရာသီတွင် သွေးလွန်တုပ်ကွေး ရောဂါများဖြစ်လာနိုင်ပါသည်။
“၂၀၁၉ခုနှစ်အတွင်း ကလေးမြို့ပေါ်နှင့်ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ဦးရေ (၅၀၀)ခန့်ရှိပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ကြီး (၅)မြို့တွင် အမြင့်ဆုံးအခြေအနေရှိခဲ့သည်။
ကလေးမြို့ပေါ်တွင်လာရောက်ခိုလှုံသူစစ်ဘေးရှောင်များအနေဖြင့် မိုးဦးကျလာသည့်အချိန်တွင် သွေးလွန်တုပ်ကွေးရောဂါများကူးစက်ခံရနိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောပါသည်။
“ကလေးမြို့ပေါ်မှာ စစ်အာဏာမသိမ်းခင်က စေတနာ့ဝန်ထမ်း လူငယ်တွေနဲ့ပူးပေါင်းပြီး ရပ်ကွက်အတွင်းမှာရှိတဲ့ ရေဝပ်ရာနေရာတွေကို မြေဖို့တာ၊ ခြင်တွေမျိုးပွားနိုင်တဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးတာတွေအပြင် ပြည်သူတွေကိုလည်း ဖုံး၊ သွန်၊လဲ၊စစ် အသိပညာဟောပြောတာတွေ ဆောင်ရွက်နိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း အရင်လိုမလုပ်ဆောင်နိုင်တော့လို့ ဒီနှစ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါပိုဖြစ်လာနိုင်တယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကလေးမြို့ကို လာရောက်မခိုလှုံမီ ကျေးရွာအတွင်း စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်မှုကြောင့် ချင်းတိုင်းသား(၃)ဦးခန့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၎င်းတို့ကို နာရေးကူညီရေးအသင်းတာဝန်ရှိသူများက နိုင်ငံတကာရောက် ချင်းလူမျိုးများ၏ အထောက်အပံ့များဖြင့် ဆေးရုံသို့ပို့ကာ ဆေးကုသမှုခံယူစေလျက်ရှိသည်။
ချင်းစစ်ဘေးရှောင်လူငယ်များဘာတွေလုပ်ကိုင်နေကြသလဲ
ကလေးမြို့တွင် လာရောက်ခိုလှုံနေကြသူများတွင် အခြေခံပညာ ကျောင်းနေအရွယ် (၁၀၀၀) ကျော်အထိ ရှိပြီး ၎င်းတိုတွင် အိမ်ထောင်စုဇယား၊ ကျောင်းပြောင်းလက်မှတ်များ ယူဆောင် လာနိုင်ခြင်း မရှိသည့်အတွက်ကြောင့် နောင်ရှေ့ဆက်ရမည့်ပညာရေးလမ်းကြောင်းတွင် အခက်အခဲ တစ်ရပ် ဖြစ်စေပါသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကလေးမြို့ တက္တသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း အထက(၁) နှင့် အင်ဒိုင်းကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် စာစစ်ဌာန(၂)သတ်မှတ်ကာ စာစစ်ဌာန(၂)ခုဖြင့် သာကျင်းပနိုင်ပြီး ဝိဇ္ဇာ၊သိပ္ပံ၊ဝိပ္ပံ ဘာသာရပ်ဖြေဆိုရန် (၇၉၁)ဦး စာရင်းသွင်းထားသော်လည်း (၇၀၀)ဦးခန့်သာ လာရောက် ဖြေဆိုကြောင်း သိရသည်။
လာရောက်ဖြေဆိုသူများထဲတွင် ကလေးမြို့နေကျောင်းသား အနည်းငယ်နှင့် မြန်မာစစ်တပ်၏ သားသမီးများ အများဆုံးပါဝင်နေသော်လည်း ကလေးမြို့ပေါ်အတွင်းလာရောက်ခိုလှုံနေသည့် ချင်းတိုင်းရင်းသားစစ်ဘေးရှောင် ကျောင်းနေအရွယ် တစ်ဦးမှသွားရောက်ဖြေဆိုနိုင်ခြင်းမရှိပေ။
ယခုလက်ရှိ အချိန်တွင် စစ်ရှောင်လူငယ်အများစုမှာ ကြုံရာ လုပ်ငန်းများဖြစ်သည့် ပန်းရံလုပ်ငန်း၊ လက်သမားနောက်လိုက် စသည့် အသက်အရွယ်နှင့်မလိုက်ဖက်သည့် လုပ်ငန်းများကိုလုပ်ကိုင်ကြရပြီး တစ်ချို့လူငယ်မှာ ရန်ကုန်၊မန္တလေး အစရှိသည့်မြို့ကြီးများအပြင် ပြင်ပနိုင်ငံများသို့ ပါအလုပ်လုပ်ရန် ထွက်ခွာခဲ့ကြသည်။
ကလေးမြို့ကို လာရောက်ခိုလှုံနေသည့် အသက်(၁၆)နှစ် ကျောင်းနေအရွယ်စစ်ရှောင်လူငယ် တစ်ဦးက “ ပန်းရံအလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်၊အရင်က ဒီအလုပ်တွေမလုပ်ဖူးဘူးတော့ လုပ်ရတာ တော်တော်ခက်တယ်၊ ရတဲ့လုပ်အားခကတစ်ရက်ကို (၆၀၀၀)လောက်ဆိုပေမယ့် မိသားစုရဲ့ အိမ်လခကိုနဲ့ ဈေးဖိုးကိုတော့အနည်းအကျဉ်း ကာမိတယ်” ဟုပြောပါသည်။
ကလေးမြို့နယ်အတွင်းလာရောက်ခိုလှုံနေကြသည့် ချင်းစစ်ဘေးရှောင်များမှာ စစ်ဘေးရှောင် နိုင်ရန်အတွက် နိုင်ငံတကာ ရောက်ချင်းတိုင်းရင်းသားများ၏ ဖေးမကူညီမှု၊ ဆွေမျိုးအသိုင်းအဝိုင်းများ၏ ကူညီထောက်ပံ့မှုတို့ကြောင့် ယခုလက်ရှိအချိန်တွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ခေတ္တကျော်လွှားနိုင်သော်လည်း တိုက်ပွဲများမည်သည့်အချိန်တွင်ပြီးစီးမည်ကို မသိနိုင်ခြင်းတို့ကြောင့် ရေရှည်တွင် ချင်းစစ်ဘေးရှောင်ပြည်သူများ၏ ဘဝပိုမိုဆိုးရွားသည့် အခြေအနေများ ရောက်ရှိလာနိုင်သည်။
ယခုအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးအခြေအနေများတင်းမာလျက်ရှိပြီး ကလေးမြို့နယ်တွင်သာမက မြို့ပေါ်အထိပါ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့်အတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူများ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာရောက်ချင်းလူမျိုးများက ကလေးမြို့တွင် လာရောက်ခိုလှုံနေကြသည့် ချင်းတိုင်းရင်းအရေးကို ကူညီဆောင်ရွက်ရန် အရေးတကြီး လိုအပ် နေပါသည်။