ရခိုင်နိုင်ငံရေးပါတီများ ကျဆုံးခန်းရောက်ပြီလား

ရခိုင်နိုင်ငံရေးပါတီများ ကျဆုံးခန်းရောက်ပြီလား

ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ဖူးသူ အသက်(၆၆)နှစ်အရွယ် ဦးဖေသန်းတစ်ယောက် ပါတီနိုင်ငံရေးလမ်းစဉ်ကို ကျောခိုင်းသွားပြီး အမျိုးသားရေးလမ်းစဉ်ကို လျှောက်လှမ်းနေပြီဖြစ်သည်။ရခိုင်ပါတီနိုင်ငံရေး၏ ခရီးသည် နေဝင်ချိန်သို့ရောက်လာသောအခါ အချိန်မဖြုန်းချင်သောကြောင့် ပါတီနှင့်မဆိုင်သည့် အမျိုးသားရေးလုပ်ငန်းစဉ်တွင် ပါဝင်နေခြင်းပင်ဖြစ်သည်။

“ပါတီကိစ္စထက် ပိုပြီးအရေးကြီးတဲ့ အမျိုးသားရေးလုပ်ငန်းတွေမှာ လုပ်စရာရှိလို့ပါ။ ပါတီနိုင်ငံရေးက ဒီအချိန်မှာ သေနေတဲ့အချိန်ပေါ့။ ပါတီနိုင်ငံရေးထက် အရေးကြီးတဲ့ အမျိုးသားရေးကိစ္စတွေကိုဆောင်ရွက်ချင်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက နှုတ်ထွက်ရသည့်အကြောင်းကို ရှင်းပြသည်။

ရခိုင်အမျိုးသားပါတီ(ANP)ပါတီဝင် ဦးဖေသန်းသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပါတီနိုင်ငံရေး အခန်းကဏ္ဍ ကမောက်ကမဖြစ်နေသည့်ကာလ ပြီးခဲ့နှစ်၊သြဂုတ်လတွင် ပါတီမှနုတ်ထွက်သွားခဲ့သည်။ ၎င်းနုတ်ထွက်သည့်အချိန်သည် စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့်တွင် ပါတီထိပ်ပိုင်းခေါင်းများဖြစ်သည့် ဒေါ်အေးနုစိန်၊ ဦးဇော်အေးမောင်တို့ တာဝန်ထမ်းဆောင်နေသည့်ကာလနှင့်လည်း တိုက်ဆိုင်နေသည်။ ၎င်းတို့နှစ်ဦး စစ်ကောင်စီတွင်ပါဝင်နေမှုကြောင့် ပြည်သူများ၏ဝေဖန်မှုထွက်ပေါ်ခဲ့ပြီး ရှုတ်ချမှုပါခံခဲ့ရသည်။

ရခိုင်ပါတီများ၏ ကျဆုံးမှုအစ

ရခိုင်ပြည်တွင် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့အချုပ်ပါတီ(ALD)ဟူ၍ အဓိကပါတီသုံးခုရှိသည်။ ယင်းအနက် ရခိုင်အမျိုးသားပါတီသည် အအောင်မြင်ဆုံးနှင့် အင်အားအကြီးဆုံးပါတီအဖြစ် ကုန်လွန်ခဲ့သည့်ရွေးကောက်ပွဲကာလများတွင် သက်သေထူနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးမှာ အောင်မြင်မှု၊ ကျဆုံးမှုရှိသကဲ့သို့ ပါတီနိုင်ငံ‌ရေးမှာလည်း လောကဓံအနိမ့်အမြင့်နှင့် ရင်ဆိုင်ရတတ်သည်က သဘာဝပင်ဖြစ်၏။

အမျိုးသားရေးဝါဒကို ဦးထိပ်ပန်ဆင်ထားကြသည့် ရခိုင်နိုင်ငံရေးပါတီများသည် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် တဖြည်းဖြည်းအားပေးထောက်ခံမှု ဆုတ်ယုတ်လာသည်။ ပါတီများထက် အမျိုးသားရေးရေရှိန် မြင့်မြင့်မားမားနှင့်ချီတက်လာသည့် လက်နက်ကိုင်လမ်းစဉ်များကြောင့် ထိုကဲ့သို့ ထောက်ခံမှု ကျဆင်းလာခြင်းလည်းဖြစ်နိုင်သည်။

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်တွင်ခြေကုပ်ယူပြီး ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားသောအခါ ပြည်သူလူထုအများစုသည် လက်နက်ကိုင်လမ်းစဉ်ဘက်သို့ ယိမ်းယိုင်သွားခြင်းလည်းဖြစ်နိုင်သည်ဟု ဦးဖေသန်းကပြောသည်။

“ပါတီနိုင်ငံရေးထက် ULA/AA ရဲ့ တော်လှန်ရေးဘက်ကို ပိုပြီးအားသန်လာကြတယ်။ ပါတီနိုင်ငံရေးဆိုတာ အကန့်အသတ်ရှိတယ်။ ကိုယ်တို့လိုချင်တာက မြင့်မားတယ်၊ကျယ်ပြန့်တယ်။ လူငယ်၊လူရွယ်တွေက အဓိကတော့ ကိုယ့်တိုင်းပြည်လွတ်မြောက်ရေး၊ ရခိုင့်အချုပ်အာဏာပြန်လည်ရရှိရေးအပေါ်မှာ ပိုပြီးစိတ်အား ထက်သန်လာကြတယ်”ဟု ၎င်းကတည်ကြည်လေးနက်စွာဖြင့် ပြောဆိုသည်။

“လူငယ်၊လူရွယ်တွေဟာ ပါတီနိုင်ငံရေးကို စိတ်ဝင်စားမှုအားနည်းသွားကြတယ်။ အဓိက တော်လှန်ရေးလမ်းကြောင်းနဲ့သွားမှ ငါတို့လိုချင်တာရတော့မယ်ဆိုတဲ့အသိက သံမှိုစွဲသလို လူငယ်တွေကြား၊ ပြည်သူတွေကြားမှာ ခံယူသွားကြတယ်”ဟု ဦးဖေသန်းကဆက်ပြောသည်။

ထို့ပြင် တိုက်ပွဲကာလများတွင် လွှတ်တော်အတွင်း ပြည်သူ့ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများမှာလည်း ပယ်ချခံရမှုရှိကာ ဝန်ကြီးများ၏ဖြေဆိုသည့် အဖြေများမှာလည်း မသေချာ မရေရာမှုများနှင့် ပြည့်နှက်နေကာ ရခိုင်ပြည်သူ့အကျိုးကို အကောင်အထည်ဖော်မှု အားနည်းခဲ့သောကြောင့်လည်း လွှတ်တော်ကိုယ်စားလှယ်များကို ယုံကြည်မှုပျောက်ဆုံးသွားကြခြင်းဟုလည်း ပြည်သူများက ယူဆကြသည်။

“ရွေးချယ်စရာမရှိတုန်းကတော့ မချစ်ရင်လည်း အောင့်ကာနမ်းပြီးတော့ ပါတီနိုင်ငံရေးလမ်းကြောင်းကို လူထုက လျှောက်လှမ်းခဲ့ကြတယ်။ ဘာပဲပြောပြော လုပ်ပိုင်ခွင့်နည်းနည်းရမယ်၊ ပါတီအလံတော်အောက်မှာ ဆွေးနွေးခွင့်ရမယ်၊ လွှတ်တော်ထဲမှာ တင်ပြခွင့်ရမယ်ဆိုတဲ့အသိတွေနဲ့ လူထုဟာ ရခိုင်ပါတီတွေကို အားပေးခဲ့ကြတယ်။ အခုနောက်ပိုင်းမှာ လူတွေရဲ့ နှလုံးသား ငလျင်လှုပ်သလိုလှုပ်နေတာက AA ပဲရှိတယ်”ဟု ဦးဖေသန်းကဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် လူထုလိုလားသည့် နိုင်ငံရေးပြောင်းလဲဖြစ်ထွန်းမှု အားနည်းခဲ့သည်။ ဥပမာ- တိုင်းရင်းသားများလိုလားသည့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး၊ ဗဟိုအာဏာလျှော့ချရေးကဏ္ဍ၊ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်လည်းမရရှိခဲ့သည့် အနေအထားရှိခဲ့သောကြောင့် ပါတီနိုင်ငံရေးအပေါ် လူထုစိတ်ဝင်စားမှု လျှော့နည်းသွားခဲ့သည်ဟု ရခိုင်အမျိုးသားပါတီ(ANP)ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

“ပါတီနိုင်ငံရေးအခင်းအကျင်းနဲ့ တစ်စုံတစ်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပဲ လုပ်ပြီးတော့ တကယ့်နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အခန်းကဏ္ဍတွေကို မရခဲ့တာကြောင့်  ရွေးကောက်ပွဲနိုင်ငံရေးနဲ့ အပြောင်းအလဲမဖြစ်နိုင်ဆိုပြီး လူထုစိတ်ထဲမှာ ခံယူသွားတဲ့အတွက်ကြောင့် လူထုစိတ်ဝင်စားမှု လျော့ကျမှုတွေရှိသွားတယ်လို့ယူဆတယ်”ဟု ၎င်းက DMG သို့ပြောသည်။

လက်ရှိအခင်းအကျင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံရေးအခန်းကဏ္ဍသည် နောက်တန်းရောက်သွားပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်သည် ရှေ့တန်းရောက်လျက်ရှိနေသည်။ ရခိုင်ပြည်တွင် နိုင်ငံရေး ပါတီများကို စိတ်ဝင်းစားမှုလျှော့နည်းသွားခြင်းရှိ၊မရှိဆိုသည်မှာ အချက်အလက်ကောက်ခံမှုမရှိသောကြောင့် ပြောရခက်သော်လည်း ပြည်သူများသည် ရက္ခိုင့်တပ်တော်(AA)ကို ထောက်ခံမှုမြင့်တက်နေသည်ဟု  ဒေါက်တာအေးမောင်ကပြောသည်။

“နိုင်ငံရေးပါတီတွေဟာ ပါးစပ်နဲ့ပဲလုပ်ရတာကို။ အကောင်အထည်ဖော်ပိုင်ခွင့်၊ လူထုအတွက် ဆောင်ရွက်နိုင်ခွင့်က ဒီနေ့အထိမရှိခဲ့ဘူး။ လူထုက ကိုယ့်ပြည်က ကိုယ့်ပါတီတွေကပဲ အုပ်ချုပ်စေချင်တယ်။ အနိုင်ရတဲ့ ရခိုင်ပါတီတွေကို အလေးထားရမှန်းလည်းမသိဘူး။ ဆိုတော့ လူထုက ငါတို့မဲပေးလိုက်ပေမယ့် ဘာမှအကောင်အထည်မဖော်ပေးနိုင်ဆိုပြီးတော့ သုံးသပ်ချက်တွေရှိလာတယ်”ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌဖြစ်သူ ၎င်းကပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဦးဆောင်သည့် အစိုးရကဲ့သို့ပင် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ကြွေးကြော်ပြီးတက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လက်ထက်တွင်လည်း တစ်ပါတီတည်းသာ အာဏာစွဲကိုင်ခဲ့သဖြင့် ရခိုင်လူထုများသည် ပါတီနိုင်ငံရေးကို မယုံကြည်တော့ဟု ဒေါက်တာအေးမောင်ကပြောသည်။

“ရခိုင်လူထုဟာ ပါတီနိုင်ငံရေးကို မယုံကြည်တော့ဘူး။ ဘယ်လောက်ပဲ မဲပေးပေး၊ ကိုယ့်ပြည်ကို ကိုယ်အုပ်ချုပ် နိုင်ရမယ့်အဖွဲ့အစည်းဟာ နိုင်ငံရေးပါတီမဟုတ်ဘူးလို့ ယူဆသွားတယ်”ဟု ၎င်းကဆိုသည်။

အသက် ၂၅ နှစ်အရွယ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုကျော်နိုင်ဌေးသည်လည်း နိုင်ငံရေးပါတီများကို ယခင်ကယုံကြည်ခဲ့သည်။ ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို ပြည်နယ်တွင်း မဲအများဆုံးအနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီက ဦးဆောင်ခွင့် ရရှိလိမ့်မည်ဟုမျှော်လင့်ခဲ့သဖြင့် ပါတီနိုင်ငံရေးကိုယုံခဲ့သည်။ သို့သော် လက်တွေ့တွင် မျှော်လင့်ချက် ပျောက်ကွယ်သွားသဖြင့် သူအပါအဝင် လူငယ်များ ပါတီနိုင်ငံရေးကို စိတ်မဝင်စားတော့ဟုဆိုသည်။

“ကျနော်တို့က ၂၀၁၅ ကနေဖြတ်သန်းလာတော့ အဲဒီအခါက ပါတီတွေဟာ ရခိုင်ပြည်သူအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောဆိုဖို့၊ စစ်ရေးကာလတွေမှာ ရခိုင်ပြည်သူတွေ ခံစားနေရတာတွေကို တင်ပြတောင်းဆိုဖို့၊ ရခိုင်ပြည်သူတွေအတွက် တတ်နိုင်သမျှ လွှတ်တော်အခင်းအကျင်းဘက်မှာ ကာကွယ်နိုင်မယ်လို့ အစတုန်းက ယုံကြည်ခဲ့တယ်”ဟု ကိုကျော်နိုင်ဌေးကဆက်ပြောသည်။

“နောက်ပိုင်းမှာက တဖြည်းဖြည်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံကိုလည်း စစ်တပ်က လျစ်လျူရှုထားတော့ ဘယ်လောက်ပဲ ဒီဘက်ကရခိုင်ပြည်သူတွေရဲ့ ကိုယ်စားပြောနေပါစေ၊ ဒါပေမယ့် တစ်ဖက်က အစိုးရနဲ့စစ်တပ်က ရခိုင်ပြည်သူတွေအပေါ်မှာ မျက်ကွယ်ပြုပြီးလုပ်ဆောင်ခဲ့တာ အများကြီးရှိပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ နိုင်ငံရေးပါတီတွေကို ယုံကြည်မှုကလျော့သွားပါပြီ။ လက်ရှိကျနော်တို့ ယုံကြည်ထားတာကလည်း ရခိုင်ပြည်သူတွေရဲ့ ကံကြမ္မာကို ပါတီတွေနဲ့ဘာမှလုပ်လို့မရဘူးဆိုတာကို ကျနော်တို့ ယုံကြည်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ကိုကျော်နိုင်ဌေးသည် မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထောက်ပြခဲ့သလို မြန်မာစစ်တပ်နှင့်အစိုးရကို ရခိုင်ပြည်နယ်မှထွက်သွားရန် ဆန္ဒပြခဲ့မှုကြောင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်(၂)နှင့်ခြောက်လ ချမှတ်ခံခဲ့ရက မတ်လ(၁၁)ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။

“လက်ရှိပါတီနိုင်ငံရေးကိုလည်း ပြည်သူတွေအတွက် အရာမရောက်လို့မြင်တယ်။ အဲဒီတော့ လက်ရှိ ရခိုင်ပြည်သူတွေအတွက် သွားနေတဲ့ ULA/AA ကပဲ ရခိုင်တွေအတွက် ထွက်ပေါက်တစ်ခုဖြစ်သွားတယ်လို့ ကျနော်ကမြင်တယ်”ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲနှင့် ရခိုင်ပါတီများ

မဲစာရင်းမှားယွင်းသည်ဟုဆိုကာ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့သောစစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ်တွင် PR (အချိုးကျကိုယ်စားပြုစနစ်)ကိုကျင့်သုံးပြီး ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေသည်။ ထိုသို့ရွေးကောက်ပွဲ ပြုလုပ်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီများကို ဖိတ်ကြားပြီး အစည်းအဝေးပြုလုပ်လျက်ရှိသည်။

ရခိုင်တွင် အဓိကပါတီသုံးခုရှိသည့်အနက် ရခိုင်ဦးဆောင်ပါတီသည် ထိုအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေးလျက်ရှိနေပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကမူ လုံးဝမတက်ဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် လက်ရှိအချိန်ထိ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိသေးဘဲ တက်၊မတက်ယတိပြတ်ပြောဆိုခြင်းလည်း မရှိပေ။

“ကျနော်တို့က အကြံဉာဏ်ပေးတာလည်း လောလောဆယ်မရှိဘူး။ အဲဒီအစည်းအဝေးတွေကို ကျနော်တို့ ပါတီအနေနဲ့ အခုအချိန်ထိ တက်ရောက်တာမရှိသေးဘူး။ လောလောဆယ် အဲဒါ(PR စနစ်)ကို ကိုယ့်ဟာကိုယ်ပဲ (ပါတီတွင်းမှာ) လေ့လာနေတုန်းပဲရှိတယ်”ဟု ဦးသာထွန်းလှကပြောသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပဖြစ်လျှင် ဝင်ပြိုင်၊မပြိုင်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် “လောလောဆယ် လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေအရ ၂၀၂၃ မှာ ရွေးကောက်ပွဲ တစ်ရပ် လုပ်လို့ရနိုင်မယ့်အခြေအနေ၊ အခင်းအကျင်းမျိုးရှိနေတယ်လို့ ပြောလို့မရသေးဘူး”ဟုသာ ဦးသာထွန်းလှက တုန့်ပြန်သည်။

နိုင်ငံရေးပါတီထူထောင်ခြင်းမှာ ရွေးကောက်ပွဲကိုဖြတ်သန်းပြီး ပါတီမူဝါဒကို အကောင်အထည်ဖော်ရန် ထူထောင်ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ရွေးကောက်ပွဲကို မဖြတ်သန်းလို့မရကြောင်း၊ ရွေးကောက်ပွဲမဝင်လျှင် နိုင်ငံရေးပါတီများသည် ဥပဒေအရဖျက်သိမ်းခြင်းခံရမည်ဟုပြောဆိုပြီး စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပလျှင် ဝင်ပြိုင်၊မပြိုင်ကိုမူ ဒေါက်တာအေးမောင်ကလည်း အတိအကျမပြောပေ။

“နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတစ်ခုကို မဖြတ်သန်းလို့မရဘူး။ မှတ်ပုံတင်တဲ့အခါလည်း စည်းမျဉ်း၊ စည်းကမ်းရှိတယ်။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတစ်ခုကို အစိုးရကကျင်းပမယ်လို့ ကြေငြာတဲ့အခါမှာ ရွေးကောက်ပွဲမဝင်ခဲ့ရင် ဖျက်သိမ်းတာခံရမယ်။ ဆိုတော့ ပြိုင်မှာလား၊မပြိုင်ဘူးလား၊ အဲဒါက နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရမယ့်၊ ဖြေရှင်းရမယ့်ဟာဖြစ်ပါတယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။

စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲအပေါ် ရက္ခိုင့်တပ်တော်က မည်သည့်သဘောထားရှိသည်ကို မသိရှိရသေးသော်လည်း ရွေးကောက်ပွဲဝင်ပြိုင်လျှင် နိုင်ငံရေးပါတီများနှင့် ရက္ခိုင့်တပ်တော်ကြားတွင် အားပြိုင်မှု၊ ပွတ်တိုက်မှုများရှိလာနိုင်ကြောင်း ဦးဖေသန်းကသုံးသပ်သည်။

“ရခိုင်ပြည်မှာရှိတဲ့ ပါတီနိုင်ငံရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးအားပြိုင်မှုကတော့ ရှိလာတတ်တယ်။ လက်နက်ကိုင်တော်လှန်ရေးဘက်ကလည်း ဒီဟာတွေကို ကန့်သတ်မှုတွေ၊ ထိန်းချုပ်မှုတွေလည်းရှိလာနိုင်တယ်။  ပါတီနိုင်ငံရေးလမ်းကြောင်းကို ဆက်လျှောက်မလား။ ဒါမှမဟုတ် ရွေးကောက်ပွဲမဝင်ပဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲမဝင်ဘဲ ဖိအားပေးပြီး ငါတို့လိုချင်တဲ့ပုံစံရအောင် ULA/AA  နဲ့ ပူးပေါင်းဆောင်ရွက်သွားမလားဆိုတာတွေကို တိတိကျကျပြောလို့မရဘူး”ဟု ၎င်းကဆိုသည်။

အကယ်၍ ရခိုင်ပါတီများ ရွေးကောက်ပွဲမဝင်လျှင် ပြည်မပါတီများနိုင်သွားလျှင် ရခိုင်ပြည်အခြေအနေ မည်သို့ဖြစ်သွားမည်နည်းဟု မေးမြန်းရာတွင် “ရခိုင်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်က ပါတီထဲမှာမရှိဘူး။ ULA/AA လက်ထဲမှာပဲ ရှိတဲ့အတွက် ပြည်မကပါတီတွေနိုင်သွားရင်လည်း ရခိုင်ပြည်ထဲမှာ ULA/AA ရဲ့လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်၊ ULA/AA မကြိုက်တဲ့အလုပ်မျိုးကို ဘယ်ပါတီကမှ လုပ်လို့ရမှာမဟုတ်ဘူး”ဟု ဦးဖေသန်းက ပြောသည်။

နိုင်ငံရေးပါတီ လိုအပ်သေးသလား

မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားများလိုအပ်နေသော ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဆက်လက်ကြိုးစား လုပ်ဆောင်သွားမည်ဟု ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ”ဒေသတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များရှိသကဲ့သို့ မြေပေါ်တွင် လှုပ်ရှားရန်အတွက် နိုင်ငံရေးပါတီများလည်းရှိသည်ဟု ဒေါက်တာအေးမောင်ကဆိုသည်။ ရခိုင်တွင်လည်း ဆွေးနွေးတင်ပြနိုင်အောင်အတွက် မှတ်ပုံတင်ထားသည့် မြေပေါ်နိုင်ငံရေးပါတီများ လိုအပ်ဆဲဖြစ်ကြောင်း ပြောဆိုသည်။

“ရခိုင်ဒေသမှာလည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေဟာလည်း လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့အစိုးရနဲ့ဖြစ်ဖြစ်၊ တပ်နဲ့ဖြစ်ဖြစ် ညှိနှိုင်းမှုတစ်ခုဟာ လိုအပ်ကောင်းလိုအပ်နိုင်တယ်။ အဲဒီညှိနှိုင်းမှုမှာ အဖုအထစ်ရှိခဲ့လို့ ခုနားကလို လက်နက်ကိုလက်နက်ချင်းဖြစ်လာတဲ့အခါမှာ ဖြစ်ပျက်မှုတွေရှိလာတယ်။ ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍဟာ အဲဒီကာလမှာ ပန်ပေါ်လာတယ်။ ညှိနှိုင်းမှု၊ တွေ့ဆုံမှု၊ ဖြေရှင်းမှု စားပွဲဝိုင်းထဲကိုရောက်အောင်ပေါ့။ သူတို့အချင်းအချင်း ဖြေရှင်းလို့မရတဲ့ကိစ္စတွေမှာ လိုအပ်လာတယ်”ဟု ဒေါက်တာ‌အေးမောင်ကပြောသည်။

ပါတီနိုင်ငံရေးအခန်းကဏ္ဍမှ နုတ်ထွက်လိုက်သည့် ဦးဖေသန်းကတော့ ရွေးကောက်ပွဲမရှိတော့လျှင် ပါတီထဲတွင် အလုပ်မရှိတော့သောကြောင့် “ပါတီထဲမှာ အချိန်မဖြုန်းဘဲနဲ့ အဓိကအမျိုးသားရေးလမ်းကြောင်းဖြစ်တဲ့ ULA/ AA နဲ့ လုပ်ချင်ရင်ပူးပေါင်းလုပ်ဖို့ပဲရှိတယ်”ဟု ပြောဆိုလိုက်သည်။ ၎င်းသည် ပါတီနုတ်ထွက်ပြီးနောက် အမျိုးသားလုပ်ငန်းစဉ်များ ပါဝင်လှုပ်ရှားနေသည်ဟုပြောဆိုသော်လည်း မည်သည့်အဖွဲ့အစည်းတွင် အမျိုးသားရေးတာဝန် ထမ်းဆောင်နေသည်ကိုမပြောပြဘဲ “အချိန်တန်ရင် သိလာလိမ့်မယ်”ဟု ဆိုသည်။

နေမျိုးလင်း - ရေးသည်။

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...