ရေရှားပါးမှုဒဏ်ကို ပြင်းထန်စွာခံစားနေကြရတဲ့ စစ်ရှောင်များ

ရေရှားပါးမှုဒဏ်ကို ပြင်းထန်စွာခံစားနေကြရတဲ့ စစ်ရှောင်များ

မနက် ၄နာရီထိုးပြီဆိုရင် ပုလိုင်းတွေကိုယ်စီနဲ့ အမျိုးသမီးစုတွေ သွားလာလှုပ်ရှားနေကြပါတယ်။ ဒါကတော့ ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာဖြစ်ပြီး သောက်သုံးရေ ရရှိဖို့အတွက် သွားခပ်နေကြတာ ဖြစ်ပါတယ်။

ဖရူဆိုမြို့ပေါ်ကနေ စစ်ဘေးရှောင်ပြီး အဲ့ဒီကျေးရွာနဲ့ အနီးအနားဝန်းကျင်မှာ စစ်ရှောင်စခန်းအဖြစ် လာရောက်နေထိုင်သူတွေလည်း ရှိနေပါတယ်။ ဒီဇင်ဘာလကတည်းက တစ်နာရီလောက်ဝေးတဲ့နေရာမှာ ရေသွားခပ်နေရတာဖြစ်ပါတယ်။

“ အရင်ကဆိုရင် ရေက အိမ်အောက်အထိ လာတော့ ပေါပေါသီသီသုံးရတယ်ပေါ့နော။ အခုချိန်မှာတော့ စကေးနဲ့ ပန်ကန်ဆိုရင်လည်း တစ်ခါပဲဆေး။ ဆပ်ပြာမစိမ်ပဲနဲ့။ ပုံမှန်ပဲ သုံးသွားတယ်ပေါ့နော။ အဝတ်လျှော်မယ်ဆိုရင်လည်း ကလေးဟာပဲ ။ “ လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်က မြို့နဲ့ ဝေးလံတဲ့ ကျေးရွာတွေမှာ နှစ်စဉ်နွေရာသီရေရှားပါးမှုဒဏ်ခံနေရပါတယ်။ ကျေးရွာလူထုတွေက ရှိတဲ့ရေနဲ့ ချွေတာပြီး နွေရာသီကို နှစ်စဉ်ဖြတ်ကျော်ခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ စစ်ကောင်စီကို တော်လှန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီး မြို့ပေါ်လူထုတွေ ကျေးရွာဘက်ကို စစ်ဘေးရှောင်လာကြပါတယ်။ ဖရူဆိုအရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်လူဦးရေ ၃ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။

သူတို့ဟာ သောက်သုံးဖို့အတွက် တစ်ရက်ကို ပျှမ်းမျှရေ ၂ပုံးလိုအပ်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်သာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေချိုးကြရပါတယ်။ စစ်ရှောင်တွေဖြစ်တဲ့အတွက် မယ်မယ်ရရ ဝင်ငွေတွေမရှိပဲ စက်တွေ ဆိုင်ကယ်တွေနဲ့ သယ်ယူဖို့ဆိုရင်လည်း ခက်ခဲနေပါတယ်။

“ တအားခက်ခဲတယ်ပေါ့နော။ ရေနှောက်တယ်ဆိုရင်လည်း သယ်ပြန်ရတယ်။ သယ်ပြန်ပြီးတော့ ကြည်အောင်ပြန်ထားရတယ်။ တနေကုန်ပြောရမှာပေါ့နော။ ညနေပိုင်းမှ နည်းနည်းကြည်တယ်။ အဲ့လိုမျိုးတွေ အစောကြီးသွားခပ်တဲ့လူတွေကတော့ နည်းနည်းအကြည်ရတယ်။ နောက်ကျမှ သွားတဲ့ လူတွေကတော့ ရေနှောက်တယ်ပေါ့နော။” လို့ ဒေသခံ တစ်ဦးကပြောတယ်.။

သူတို့အတွက် တစ်လကို နှစ်ကြိမ် သုံးကြိမ် လာရောက်လှူဒါန်းတာတွေရှိနေပေမယ့် တစ်ကြိမ်လှူဒါန်းလျှင် တစ်အိမ်ကို ရေတစ်ပုံးပဲ ရရှိပါတယ်။ ဒါဟာ သူတို့ တစ်ရက်စာ သောက်သုံးရေအတွက် လုံလောက်မှုမရှိပါဘူး။

ယခင် အာဏာမသိမ်းခင်က ရေရှားတဲ့ကျေးရွာတွေကို မြို့ပေါ်ကနေတစ်ဆင့် လှူဒါန်းနေတဲ့လူတွေရှိခဲ့ပါတယ်။ လက်ရှိ ကရင်နီပြည်မှာတော့ မြို့ပေါ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေဟာ မြို့နဲ့ ဝေးလံတဲ့ ကျေးရွာနဲ့ တောတောင်တွေထဲ စစ်ရှောင်နေထိုင်ကြပါတယ်။

တိုက်ပွဲတွေဟာ နေ့စဉ်နဲ့အမျှပိုမိုပြင်းထန်းလာနေပြီး စစ်ရှောင်စခန်းတွေမှာ သွားရောက်နေထိုင်သူ ပိုများလာနေပါတယ်။ သောက်သုံးရေဟာမသန့်ရှင်းပေမယ့် ရှိတဲ့ရေနဲ့ သောက်သုံးဖို့အတွက် အသုံးပြုနေရတယ်လို့ ဖရူဆိုအရှေ့ဘက်ခြမ်းက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

‘’ နောက်တစ်ခုက နီးနီးလေးတစ်ကန်တော့ရှိတယ်။ ဒါပေမယ့် ရေနည်းနည်းလေးပဲထွက်တယ်လေ။ သစ်ပင်အောက်မှာခါကျတော့ သစ်ရွက်တွေ သစ်ပုတ်တွေ အဲ့လိုမျိုးပေါ့နော။ တချို့တွေတော့ ယားတယ်ပြောကြတယ်။ ဒါပေမယ့် ရေမရှိတဲ့အဆုံး အဲ့တာပဲသောက်ရတာပေါ့နော။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်မှု အခက်အခဲတွေရှိနေတာကြောင့် သောက်သုံးရေမသန့်ရှင်းတဲ့အပေါ် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက်လည်း စိုးရိမ်နေကြပါတယ်။

လက်ရှိကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပြီး စစ်ရှောင်အများစုဟာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

စစ်ရှောင်တွေဟာ စားနပ်ရိက္ခာလိုအပ်နေတာရှိသလို နွေရာသီမှာ နေ့စဉ်သောက်သုံးဖို့အတွက် သောက်သုံးရေလည်း လိုအပ်နေပါတယ်။

စစ်ရှောင်တွေဟာ တစ်ရက်တစ်ရက်သောက်သုံးဖို့အတွက် သွားခပ်နေတဲ့ ရေဟာလည်း တဖြည်းဖြည်းနဲ့ခမ်းလာပြီဖြစ်တဲ့ အတွက် ရေရှည် ဖြေရှင်းဖို့ နည်းလမ်းရှာဖွေနေကြဆဲဖြစ်ပါတယ်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့...
November 21, 2024
ထိုင်း- ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ...