ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ ပျက်စီးနေတဲ့ ရုပ်အလောင်းနှစ်ခုကို ယမန်နေ့ မတ်လ ၁၅ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ပရဟိတအသင်းထံက သိရပါတယ်။
ဒေါဥခူရပ်ကွက်နဲ့ အလှမ်းဝေးတဲ့ ဗုံးကျင်းတစ်ခုထဲမှာ ဒေသခံတွေရဲ့ ပြောပြချက်ကြောင့် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပြီး သင်္ဂြိုလ်ပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ ဗုံးကျင်းထဲမှာ အရိုးစုတွေပေါ့နော။ ဒါပေမယ့် တော်တော်လေးတော့ ဟိုစာဖြစ်သွားပြီပေါ့။ သေချာတော့ မသဲကွဲတော့ဘူး။ သူ့အရိုးစုတွေပဲ ကျန်တော့တယ်။ ဒါပေမယ့် အနံ့တွေတော့ ထွက်နေတယ်။ အနံ့တွေတော့ ထွက်တယ်။ အကုန်လုံးက ဘာရယ်လို့တော့ မသိတော့ဘူးပေါ့နော။ အရိုးစုတွေပဲတွေ့တယ်။ မြေကြီးတွေနဲ့ ဖုံးဖိနေတယ်ပေါ့နော။ ဗုံးကျင်းထဲမှာဆိုတော့ အဲ့မှာ အပေါ်ကနေပြီးတော့ မြေကြီးတွေက ပြန်ပြီး ဗုံးထားတဲ့ ပုံစံတွေ့ရတယ်ပေါ့နော။ “ လို့ ပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပန်ကန်းကျေးရွာအုပ်စုအနီးက လယ်တောထဲမှာလည်း သေဆုံးနေတဲ့ အသက် ၄၂နှစ်အရွယ် ဦးဆန်းဝင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ ပန်ကန်းထဲမှာပဲနေတာ။ သူ့အမျိုးသမီးလည်းတွေ့တယ်လေ။ သူကတော့ အိမ်ကို ပြန်ကြည့်တာလို့ ပြောတယ်။ သူ့အမျိုးသမီးကပေါ့နော။ အိမ်ကို ပြန်ကြည့်တဲ့အချိန်မှာ ပြန်လည်း မလာဘူးဆိုတော့။ အခုနည်းနည်းပြန်နေလို့ ရတဲ့အချိန်မှာ လာပြီးတော့ လိုက်ရှာတယ်ပေါ့နော။ အဲ့အချိန်မှာ လယ်တောထဲ သွားတဲ့လူကလည်း သွားပေါ့။ သွားပြီးတော့မှ လယ်တောထဲမှာတွေ့ခဲ့တာ။ လယ်တောထဲရဲ့ ဝေးသေးတယ်။ သူတို့က ပန်ကန်းအုပ်စုထဲပေါ့နော။ ပန်ကန်းကျေးရွာအုပ်စုထဲကို ဖြတ်ပြီးတော့မှ လယ်တောထဲကိုသွား အဲ့ဒီလယ်တောထဲရဲ့ တွင်းထဲမှာပေါ့နော။ ရေတွင်းထဲမှာ အဲ့ဒီလယ်တော တွင်းထဲမှာ တွေ့တာ။ “ လို့ ပရဟိတအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူတွေဟာ မည်သည့်အချိန်၊ မည်သည့်အကြောင်းကြောင့် သေဆုံးသွားတာကို တိတိကျကျ မသိရသေးပါဘူး။
လွိုင်ကော်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား စစ်ဘေးရှောင်ခဲ့ရပါတယ်။ ဖေဖော်ဝါရီလ အကုန်မှာတော့ နေရပ်ပြန်လည်နေထိုင်သူတွေရှိလာခဲ့ပါတယ်။
ကရင်နီပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ်အသုံးပြုတာတွေ၊ ဖမ်းဆီး သတ်ဖြတ်တာတွေ ပြုလုပ်နေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ အရပ်သား သေဆုံးမှု ၂၁၄ ဦးရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။