ဆလိုင်းကျဲအိုဘိခ်ထောင်
ယမန်နေ့တွင် ကျရောက်သော ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ မိန့်ခွန်းများ၊ ကြေညာချက်များနှင့် လူမှုကွန်ရက်များတွင် ဖတ်ရှုနားထောင်ရာတွင် တစ်ချို့အချက်များသည် ချင်းအမျိုးသားနေ့၏ အနှစ်သာရနှင့် ကိုက်ညီရဲ့လားဟု မေးခွန်းထုတ်စရာများရှိပါသည်။ နယ်ချဲ့အဂ်လိပ်တော်လှန်ရေးတို့၊ တိုက်သူကြီးစနစ်ရှုံ့ချရေးတို့၊ ဒီမိုကရေစီတို့အပြင် အခြားသော နိုင်ငံရေးအရ အနှစ်သာရ မရှိတော့ဘူးလား။
(က) ချင်းအမျိုးသားနေ့နှင့် အဂ်လိပ်လက်အောက်မှ လွတ်လပ်ရေး
နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော အဂ်လိပ်ကိုလိုနီများလက်ထက်မှ ပူပူနွေးနွေး လွတ်မြောက်ခါစမှာ ပေါ်ပေါက်လာသည့် ချင်းအမျိုးသားနေ့မို့ ခံစားချက်များ ပြောဆိုခဲ့ကြခြင်းသည် နားလည်နိုင်စရာ ရှိပါသည်။ အဂ်လိပ်နယ်ချဲ့များကို ရွတ်ရွတ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ကြသော ကျန်တော်တို့ ချင်းခေါင်းဆောင်ကြီးများ ကို ဤအမျိုးသားနေ့မှာ ပြန်ပြောင်းအောက်မေ့ခြင်းသည်လည်း သင့်တော်မှုရှိပါသည်။
သို့သော် သမိုင်းသည်အမှန်အတိုင်း ရှိဖို့လိုအပ်သည့်အတွက် ၁၉၄၈ ဖေဖော်ဝါရီလ ၂၀ရက်တွင် ကျင်းပခဲ့သော ဖလမ်းမြို့ ချင်းညီလာခံသည် အဂ်လိပ်လက်အောက်မှ လွတ်လပ်ရေးရယူပြီး ရက်ပေါင်း ၄၇ရက် ကြာပြီးမှ ဖြစ်ပြီး တစ်နည်းအားဖြင့် ချင်းအမျိုးသားနေ့နှင့် လွတ်လပ်ရေးသည် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိပေ။
တစ်ချို့က ၁၉၄၀ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကန်ပက်လက်မြို့မှာ ပြုလုပ်သော အဂ်လိပ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ဆက်စပ်၍ ရှင်းပြသည်များလည်း ရှိပါသည်။ ဟုတ်ပါသည်။ ဆက်စပ်မှုကား ရှိပါသည်။ သို့သော် ထိုလှုပ်ရှားမှုကို ဉီးဆောင်သည့် ဉီးဝမ်းသူးမောင်ကိုယ်တိုင်က ချင်းအမျိုးသားနေ့အတွက် ၁၉၅၀ အောက်တိုဘာ ၉ ရက်နေ့မှာ ချင်းရေးရာကောင်စီသို့ အဆိုတင်သွင်းရာတွင် ထိုအချက်များကို ဖော်ပြခြင်းမပြုဘဲ ဖလမ်းညီလာခံကိုသာ ထည့်သွင်းထားပါသည်။
ကြုံ၍ပြောရလျှင် မြန်မာအစိုးရအဆက်ဆက်က ရန်သူကို အာရုဏ်ပြောင်းဖို့ အဂ်လိပ်များကို သွေးခွဲသူဆိုဟူ၍ ခေတ်အဆက်ဆက် ဝါဒမှိုင်းတိုက် (scapegoat)ခဲ့ရသည်ကိုလည်း သတိထားသင့်သည်။ အမှန်စဉ်စစ် နှစ်ပေါင်း ၇၀ ကျော် သူတို့အုပ်ချုပ်နေသည်ထက် နှစ်ပေါင်း ၆၀ ခန့် အဂ်လိပ်အုပ်ချုပ်ခဲ့မှုက ချင်းလူမျိုးများအတွက် များစွာခံသာခဲ့သည်။ စာရေးသူအလိုအရသာဆိုလျှင် အဂ်လိပ်ခေတ်ကိုပြင် ပြန်သွားချင်မိသည်။
(ခ) ဒီမိုကရေစီစနစ်ကို ရွေးချယ်ခဲ့သည့်နေ့ဟုတ်ပါသလော
ဤအချက်သည် ယနေ့အထိ လူပြောအများဆုံးဖြစ်ပါသည်။ Yes or No ဖြင့် ဖြေရလျှင် ‘ဟုတ်ပါသည်၊ သို့သော(Yes But)’ဟု ဖြေကြားရလိမ့်မည်။ အကြောင်းမှာ အခြားထည့်သွင်းစဉ်းစားရမည့် အချက်များ ရှိသောကြောင့်ဖြစ်သည်။
ပထမဆုံးအနေဖြင့် ဖလမ်းလူထုအစည်းအဝေး အစီအစဉ်(agenda)ကို ကြည့်ကြပါစို့။ အမှန်မှာ ဒီမိုကရေစီနစ်ကျင့်သုံးရေးမူကို ပင်လုံစာချုပ် အပိုဒ် (၇)မှာကတည်းက အတိအလင်း သဘောတူပြီးသားဖြစ်ပါသည်။ ထို့ပြင် ချင်းခေါင်းဆောင်များက တောင်တန်းဒေသ စုံစမ်းရေးကော်မတီ(၁၉၄၇)မှာသော်လည်းကောင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်မှတဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေ(၁၉၄၇)မှာသော်လည်းကောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ရွေးချယ်ပြီးသား ဖြစ်ပါသည်။
ထို့ကြောင့် ဖလမ်းညီလာခံသည် ရွေးကောက်ပွဲစနစ်ဆိုင်ရာ အာဂျင်ဒါဟု ပြောရလျှင် ပိုမှန်ကန်လိမ့်မည်။ တိတိကျကျပြောရလျှင် မကြာခင် (၁၉၅၁ ခုနှစ်တွင်) ကျင်းပရန်ရှိသော ပထမဆုံး တိုင်းပြည်အထွေထွေ ရွေးကောက်ပွဲအတွက် အထက်လွှတ်တော်(လူမျိုးစုလွှတ်တော်ဟုခေါ်)ကို မည်ကဲ့သို့ရွေးမည်နည်းဆိုသည့် အကြောင်းအရာကို ဆွေးနွေးဖို့ဖြစ်ပါသည်။
အကြောင်းမှာ လွှတ်တော်နှစ်ရပ်ရှိရာမှာ ပြည်သူ့လွှတ်တော် ခေါ်အောက်လွှတ်တော်ကိုမူ ငြင်းခုန်စရာမရှိ၊ လူထုတိုက်ရိုက်မဲဖြင့် ရွေးချယ်ရမည်ဖြစ်သော်လည်း လူမျိုးစုလွှတ်တော်နှင့်ပတ်သက်လျှင် တစ်ချို့ပြည်နယ် (ရှမ်းနှင့် ကရင်နီ)စော်ဘွားများက လူထုမဲနှင့်မဟုတ်ဘဲ သူတို့(စော်ဘွား)က ခွဲတမ်းဖြင့် ယူချင်သည်။ ယူလည်းယူခဲ့ကြသည်(ရှမ်း -၂၅ နေရာ၊ ကရင်နီ ၃ နေရာ)။ ဤနေရာမှာ သတိချက်ဖို့က ပင်လုံလက်မှတ်ထိုးသည့် တိုင်းရင်းသားခေါင်းဆောင်အများစုက တိုက်သူကြီး/စော်ဘွားများဖြစ်ကြသည်။
အဲဒီမှာ ဇတ်လမ်းက စလာသည်။ ချင်းပြည်နယ်(ထိုစဉ် ချင်းဝိသေသတိုင်း)၏ လူမျိုးစုလွှတ်တော်ခွဲတမ်း ၈ နေရာကိုရော မည်ကဲ့သို့လုပ်မည်နည်း။ ရှမ်းနှင့် ကရင်နီတို့ကဲ့သို့ တိုက်သူကြီးများကို ခွဲတမ်းပေးမှာလား၊ လူထုမဲဖြင့် ရွေးချယ်မှာလားဆိုသည့် ငြင်းခုန်မှု။ (ပြည်သူ့လွှတ်တော် ခွဲတမ်း ၅ နေရာကိုမူ ချင်းပြည်နယ် လူထုက ဒီမိုကရေစီနည်းဖြင့် တိုက်ရိုက်ရွေးဖို့ မူရှိပြီးသားဖြစ်သည်)။
အလျှင်းသင့်လို့ ပြောရလျှင် အထက်လွှတ်တော်ကို ထိုကဲ့သို့ ရွေးကောက်ခံမဟုတ်သည့် ဆွဲခန့်(သို့)ခွဲတမ်းဖြင့် သတ်မှတ်ဖွဲ့စည်းသည့် စနစ်သည် ဒီမိုကရေစီနိုင်ငံများအတွက် အဆန်းမဟုတ်ပေ။ ဗြိထိန်(အဂ်လန်)တွင်လည်းအထက်လွှတ်တော်(House of Lord) အမတ်များကို လူထုကမရွေးဘဲ နန်းတော်(ဘုရင်)က တိုက်ရိုက်ခန့်ထားခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငနှင့် အိန္ဒိယ အထက်လွှတ်တော်အမတ်နေရာ တစ်ချို့တို့လည်း လူထုမဲပေးမှုဖြင့် မဟုတ်ပေ။ ဆိုလိုသည်မှာ အထက်လွှတ်တော်ကို ရှမ်းနှင့်ကရင်နီကဲ့သို့ တိုက်သူကြီးများ တိုက်ရိုက်နေရာယူခြင်းကြောင့် ဒီမိုကရေစီမဟုတ်ဟု ယတိပြတ်သတ်မှတ်လို့မရပေ။
ဤနေရာမှာ ဒီမိုကရေစီလား မြေရှင်ပဒေသရစ်စနစ်လား တစ်ခုခုကိုတော့ မဖြစ်မနေရွေးရမှာဘဲဟု တစ်ချို့က မေးခွန်းထုတ်နိုင်သည်။ အမှန်စဉ်စစ် ရှမ်းနှင့် ကရင်နီများကဲ့သို့ ယင်းစနစ်နှစ်ခုကို ပေါင်းစပ်(mixed)လို့လည်းရပါသည်။ ဗြိထိန်(အဂ်လန်)နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံတို့တွင်လည်း ဘုရင်စနစ်နှင့် ဒီမိုကရေစီစနစ်ကို ရောစပ်စနစ်ကျင့်သုံးပါသည်။ ၎င်းကို Constitutional Monarchy သို့မဟုတ် Democratic Monarchy ဟုခေါ်ပါသည်။
ခြုံငုံသုံးသပ်ရလျှင် ဖလမ်းညီလာခံမှာက လူမျိုးစုလွှတ်တော်တွင် တိုက်သူကြီးများအစား ပြည်သူက မဲပေးရွေးချယ်သည့် ကိုယ်စားလှယ်များကို စေလွှတ်ရန်ဆုံးဖြတ်ခြင်းဖြင့် ချင်းပြည်သူများက ဒီမိုကရေစီ လိုလားမြတ်နိုးသူများဖြစ်ကြောင်းကို ထပ်မံ(ထပ်လောင်း) ပြသလိုက်ခြင်းဖြစ်သည်။ ‘ထပ်လောင်း’ဟု ဆိုသည့်အကြောင်းရင်းမှာ ဆိုခဲ့ပြီးသည့်အတိုင်း ချင်းပြည်သူက ဒီမိုကရေစီလိုလားမှုကို ပင်လုံညီလာခံ၊ Committee of Inquiry နှင့် တိုင်းပြုပြည်ပြုလွှတ်တော်(ဖွဲ့စည်းပုံအခြေခံဉပဒေ)စသည်တို့ တွင် ပြသခဲ့ပြီးသားဖြစ်ပါသည်။ အမှန်စင်စစ် ဖလမ်းမြို့နယ်မှာဆိုလျှင် ဒီမိုကရေစီကို အဂ်လိပ်ကိုလိုနီမရောက်ခင်ကတည်းက ထာရွှန်းအုပ်ချုပ်မှုဒေသ(Tlaisun Democratic Council)တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင့်သုံးခဲ့ပြီးသားဖြစ်ပါသည်။
(ဂ) တိုက်သူကြီးစနစ်ကို စွန့်လွှတ်ခဲ့သည့်နေ့လော
ဟုတ်မှန်ပါသည်။ အထက်တွင်ဖော်ပြပြီးသည့်အတိုင်း ဖလမ်းညီလာခံကြောင့် တိုက်သူကြီးများ၏ အုပ်ချုပ်မှုအာဏာ အဆုံးသပ်သွားခြင်းဖြစ်သွားသည်။
သို့သော်ဤနေရာမှာလည်း ထည့်သွင်းစရာများရှိပါသည်။ ဖလမ်းညီလာခံမှာ တိုက်သူကြီးစနစ်ကို မဆုံးဖြတ်လျှင်လည်း ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေအရ တိုက်သူကြီး/ပဒေသရစ်အုပ်ချုပ်မှုသည် အရပ်သားအုပ်ချုပ်မှုစနစ်က အလိုအလျောက် အစားထိုးပြီးသားဖြစ်ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း ဖလမ်းညီလာခံသည် “တိုက်သူကြီးများကို လူမျိုးစုလွှတ်တော်တွင် ခွဲတမ်းပေး၏မပေး၏ကိုသာ ဆွေးနွေးရန်ဖြစ်ခဲ့ပါသည်။
ဉပမာအားဖြင့် တိုက်သူကြီးများလက်ထဲမှာရှိခဲ့သော အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ဖွဲ့စည်းပုံခြေခံဉပဒေ အခန်း(၇)(၈)(၉)အရ ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရ၊ တရားရုံးနှင့် ပြည်နယ်အစိုးရများ လက်ထဲမှာ အလိုလျောက် ရောက်ရှိသွားပြီးဖြစ်သည့်အပြင် မြေယာပိုင်ဆိုင်ခွင့်ကိုလည်း ခြေ-ဉပုဒ်မ (၃၀)(က)(ခ)(ဂ)မှာ စနစ်တကျ ပြဌာန်းကန့်သတ်ထားပြီးဖြစ်ပါသည်။ သာဓကအားဖြင့် ၁၉၅၀ ဝန်းကျင်တွင် ဆက်လက်တည်ရှိသေးသော ရှမ်းနှင့်ကယားစောဘွားများကို ကြည့်လျှင်သိသာပါသည်။
ကျန်တော့်အနေဖြင့် တိုက်သူကြီးများကို ကာကွယ်ခြင်းမဟုတ်ပေ။ ကျန်တော်ကိုယ်တိုင်လည်း တိုက်သူကြီးအမျိုးမဟုတ်ပေ။ တိုက်သူကြီးစနစ်ဖြစ်စေ၊ ဘုရင်စနစ်ဖြစ်စေ ဒီမိုကရေစီစနစ်လောက် လုံးဝမကောင်းသည်ကို လက်ခံပါသည်။
သို့သော် ဤနေရာမှာ ဖော်ပြလိုသည်မှာ ကမ္ဘာပေါ်မှာ မည်သည့်လူမျိုးနှင့်တိုင်းပြည်မဆို မြေရှင်ပဒေသရစ်စနစ်(Feudal System)ကို ဖြတ်သန်းခဲ့ကြပါသည်။ ထိုမှ တစ်ချို့က မင်းနိုင်ငံ၊ ဘုရင့်နိုင်ငံတို့ အင်ပါယာတို့ကို ထပ်ဆင့် တက်လှန်းနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံကိုကြည့်လျှင် မွန်၊ ရခိုင်၊ ဗမာတို့က ဘုရင်(မင်း)နိုင်ငံအဆင့်ကို တည်ထောင်နိုင်ခဲ့ကြပြီး ချင်း၊ ကချင်၊ ကရင် တို့သည် တိုက်သူကြီးစနစ်(ဒူးဝါး၊ ရမ်းအုပ်၊ စော်ကေး)အဆင့်ကို မကျော်နိုင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း လူမျိုးတစ်မျိုးဖြစ်လျက် ဘာသာစကား၊ စာပေ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု စသည်တို့တွင် တစ်ခုတည်း (Homogeneous) မရှိနိုင်ခြင်းဖြစ်သည်။ စိတ်မကောင်းစရာဖြစ်ခဲ့ရပါသည်။
ဆိုလိုသည်မှာ ခေတ်နှင့်မညီတော့သည့်အတွက် ယင်းစနစ်ဟောင်းကို မိမိတို့က ထားခဲ့ရမှာမှန်သော်လည်း မိမိတို့တိုင်းရင်းသားများသည် ဗမာနှင့်မပူးပေါင်းခင် ကိုယ့်အုပ်ချုပ်ရေးစနစ်အသီးသီးဖြင့် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ခဲ့သည့်သမိုင်းကို တန်ဖိုးထားရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဗြိတိသျှကိုလိုနီနှင့် မြန်မာနိုင်ငံ မတိုင်ခင် သီးခြားလွတ်လပ်သော ချင်းလူမျိုးများအနေဖြင့် နောက်ဆုံးကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်သည် တိုက်သူကြီးစနစ်(ပဒေသရစ်စနစ်)ဖြစ်ခဲ့ရာ ယင်းသည် ပျော့ကွက်အမြောက်အများရှိလင့်ကစား ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝဖြင့် အုပ်ချုပ်ခဲ့သည့်စနစ်ဖြစ်ခဲ့သည့်အတွက် တန်ဖိုးထားရမှာဖြစ်သည်။ ရှုံ့ချအပြစ်တင်ရမှာမဟုတ်ပေ။ ယင်းသည် နိုင်ငံရေးနှင့် အမျိုးသားရေးအရ အင်မတန်အရေးကြီးပါသည်။
ချင်းအမျိုးသားနေ့၏ အနှစ်သာရ (၂)ချက်
အမျိုးသားရေးအရ ချင်းအမျိုးသားနေ့၏ အနစ်သာရစစ်စစ်လို့ မိမိအနေဖြင့် ယူဆသည့် အချက်နှစ်ချက်ကို အောက်ပါအတိုင်း တင်ပြရလျှင်-
(က) ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ကျင့်သုံးခဲ့သည့်နေ့ဖြစ်ခြင်း
ဖလမ်းမြို့ညီလာခံကြီးက ချင်းလူမျိုးများ အနာကပ်တွင် ကျင့်သုံးမည့် နိုင်ငံရေးစနစ်(Political System)ကို လွတ်လပ်စွာ ရွေးချယ်ခဲ့သည့်အတွက် ယင်းသည် နိုင်ငံရေးအရက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခြင်း၊ ကိုယ့်လူမျိုးအရေးအရာတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လူမျိုးတစ်မျိုးအတွက် အရေးကြီးဆုံးနှင့် အမြင့်မားဆုံး ပန်းတိုင်ဖြစ်ပါသည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဖလမ်းညီလာခံနှင့် ချင်းခေါင်းဆောင် ဉီးဝမ်းသူးမောင်တို့က အဆိုပါ ကိုယ်ပိုင်ပြဌာန်းခွင့်(The Right to Self-Determination) ဆိုသည့် ဝေါဟာရကို တိတိကျကျ မသုံးစွဲခဲ့သနည်း။ Self-Determination ဝေါဟာရကိုက ကမ္ဘာ့နိုင်ငံရေးလောကမှာ အသစ်အဆန်းဖြစ်သည်။ ၁၉၁၈ခုနှစ်မှာ အမေရိကန်သမ္မတ ဝူးဒရိုဝီလ်ဆင်က သူ့မိန့်ခွန်းမှာ အတိအလင်းထည့်ပြောဆိုရာမှ နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြခြင်းဖြစ်သည်။ ထိုမှ အဂ်လိပ်ဝန်ကြီးချုပ် ချာချီလ်နှင့် အမေရိကန်သမ္မတ ဖရန့်ကလင်း ရူးစဗဲလ်စ့်တို့က အတလန်တစ်ချာတာမှာ လူမျိုး/တိုင်းပြည်တိုင်း “ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး” အချက်ကို သဘောတူညီခဲ့ကြသည့်။ ထိုမှ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂပေါ်ပေါက်လာသည့်အခါ ကုလချာတာထဲမှာ ထည့်သွင်းရာမှ နိုင်ငံတကာဉပဒေဘောင်ထဲ ဝင်ရောက်လာခြင်းဖြစ်သည်။
ဆိုလိုသည်မှာ နိုင်ငံတကာနိုင်ငံရေးလောကမှာ ထိုစဉ်က အသစ်ဆက်ဆက်ဖြစ်သည့်အတွက် ကျန်တော်တို့ ချင်းခေါင်းဆောင်များက အတိအကျ သုံးနှုန်းနိုင်ခဲ့ခြင်းမရှိသည်မှာ နားလည်ပေးရမှာဖြစ်သည်။ ပင်လုံစာချုပ် အပိုဒ် ၇ မှာပြင် “Full autonomy in internal administration” (နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ချုပ်ချုပ်ခွင့် အပြည့်အဝ)ဟုသာ သုံးနှုန်းခဲ့ကြသည်။ တကယ်တမ်း ဒီဘက်ခေတ် နိုင်ငံတကာဉပဒေအသုံးအနှုန်းအရ ကိုယ်ပိုင်ပြဌာန်းခွင့်(Self-Determination)ဟု အတိအလင်း သုံးနှုန်းခဲ့လျှင် ပိုမိုပြည့်စုံမှာဖြစ်သည်။ မည်သို့ပြင်ဆိုစေ ရည်ရွယ်ချက်နှင့် ဆိုလိုရင်း (Origin of intent)က အတူတူပြင်ဖြစ်ပါသည်။
သို့ဖြစ်၍ ဖလမ်းညီလာခံကို ကျင်းပပေးသော ဉီးဝမ်းသူးမောင်းနှင့် ချင်းခေါင်းဆောင်များ၏ အမျိုးသားရေး မျှော်ရည်ချက်ကို လေးစားလို့မဆုံးဖြစ်မိပါသည်။ တကယ်လည်း ချင်းလူမျိုးများအတွက် ယနေ့အထိ ဉီးထိပ်ထားရမှာက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးတို့ထက် ကိုယ်ပိုင်ပြဌာန်းခွင့်သာ ဖြစ်ပါသည်။ တစ်ချို့က ဖက်ဒရယ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတူတူမဟုတ်လောဟု မေးခွန်းထုတ်လိမ့်မည်။ ဖက်ဒရယ်စနစ်သည် ကိုယ်ပိုင်ပြဌာန်းခွင့်တစ်မျိုး ဖြစ်သော်လည်း ကိုယ်ပိုင်ပြဌာန်းမှုသည် ဖက်ဒရယ်စနစ်တစ်ခုတည်း မဟုတ်ပေ။ ထိုထက်ကျယ်ပြန့်သည်။
ဤနေရာမှာ အလျှင်းသင့်လို့ ပြောရလျှင် ကိုယ်ပိုင်ပြဌာန်းခွင့်ဟုဆိုရာမှာ အမျိုးအစား (၃)မျိုးရှိပါသည်။ အကျယ်ပြန့်ဆုံး အဓိပ္ပယ်ဖွင့်ဆိုရာတွင် ‘လွတ်လပ်သောနိုင်ငံထူထောင်ခွင့်(Independence)”အဆင့်အထိ ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် ထိုခံယူချက်ဖြင့် နိုင်ငံသစ်များ ရာဂဏန်းကျော် မှိုလိုပေါက်ဖွားပြီး ၁၉၉၀ခုနှစ် နောက်ပိုင်းမှာတင် နိုင်ငံပေါင်း ၃၄ ထက်မနည်း ပေါ်ပေါက်လာပါသည်။ ဒုတိယအမျိုးအစား သို့မဟုတ်အဆင့်မှာ Confederation ဖြစ်ပါသည်။ သီးခြားတိုင်းပြည်မဟုတ်သော်လည်း ဗဟိုချီနှောင်မှုအနည်းဆုံးဖြင့် အတူနေထိုင်ခြင်းဖြစ်ပါသည်။ ယနေ့ ဝပြည်(နယ်)ကို နမူနာ ပေးလို့လျှင် နီးစပ်မည်ထင်သည်။ ရခိုင်(အေအေ)က ၎င်းကို မျှော်မှန်းသည်ဟု ယူဆရသည်။ နောက်တစ်မျိုးမှာ Federation ပုံစံဖြစ်ပါသည်။ ဗဟိုနှင့် ပြည်နယ်(constituent units)အာဏာ မျှမျှတတ ခွဲဝေမှု သို့မဟုတ် ပြည်နယ်များ အတန်အသင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်သည် ကိုယ်ပိုင်ပြဌာန်းခွင့်၏ အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ယင်းသည်ပြင် အစိုးရ အဆက်ဆက်က ယနေ့ထိ(နှစ်ပေါင်း ၇၀ကျော်) လက်မခံဖြစ်နေရသည်။
(ခ) ချင်းအမျိုးသားစည်းလုံးညီညွတ်မှု အမြင့်ဆုံးပုံဖော်နိုင်ခဲ့ခြင်း
တရုတ်ပြည်မှ ဆင်းသက်လာသည့် ချင်းလူမျိုးများအနေဖြင့် ချင်းတွင်းမြစ်တစ်ဝှမ်း၌ အေဒီ ၆၀၀ မှ ၉၀၀ ဝန်းကျင်အထိ အတူတစ်ကွ နေထိုင်ခဲ့သည်မှာ နောက်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုနောက်ပိုင်းတွင် တစ်ချို့က ချင်းတွင်းမြစ်အနောက်ခြမ်း ကလေး-ကဘော်ဘက်သို့ လည်းကောင်း၊ အချို့က အောက်ပိုင်း ပြည်-ပုဂံညောင်းဘက်သို့လည်းကောင်း ပြန့်ကျဲ(ခွဲခွါ)ကြတော့သည်။ ထိုပြင် အေဒီ ၁၃၀၀ နောက်ပိုင်းမှာ ကလေးကဘော်ကိုစွန့်လွှတ်၍ တစ်ချို့က ချင်းတောင်ပေါ်သို့၊ တစ်ချို့က အောက်ပိုင်း ယော-ဆောဘက်သို့ ရခိုင်ပြည်နယ်အထိ၊ တစ်ချို့က အထက် မဏီပုရ်၊ နာဂအထိ အရပ်မျက်နှာစုံဖြင့် ခွဲခွါကြပြန်သည်။
ဆိုလိုသည်မှာ ချင်းတောင်တက်သွားသည့်ချင်းလူမျိုးများအကြား နှစ်ပေါင်း ၆၀၀ ကျော်အတွင်း လူစုံတက်စုံ ပြန်လည်တွေ့ဆုံ၍ ကိုယ့်ချင်းအမျိုးသားရေးရာကိစ္စ ညှိနှိုင်းဆွေးနွေးသည့် ပထမဆုံးအကြိမ်သည် ဖလမ်းမြို့ညီလာခံကြီးပြင်ဖြစ်သည်။ ထို့ကြောင့် ၎င်းဖလမ်းအစည်းအဝေးကိုပြင် ပထမအကြိမ် ချင်းအမျိုးသားညီလာခံ (The First Chin National Conference) ဟု သတ်မှတ်ကြခြင်းဖြစ်သည်။
အဂ်လိပ်ကိုလိုနီများကို တိုက်ခိုက်ရန် ယခင်ကဖလမ်း၊ ဟားခါး၊ တီးတိန်ဘက်က ခေါင်းဆောင်များ မျက်နှာစုံညီ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်များရှိခဲ့သော်လည်း တောင်ပိုင်းချင်းခေါင်းဆောင်များ ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် ဖလမ်းညီလာခံလောက် လူမစုံပေ။ ထိုမှ ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံကို နှစ်ပေါင်း ၆၆ နောက်ကျ၍ ၂၀၁၃ခုနှစ်တွင် ဟားခါးမြို့၌ ကျင်းပခဲ့သည်။
ခြုံငုံသုံးသပ်ခြင်း
ဤဆောင်းပါးသည် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပသော ဖလမ်းညီလာခံကြီး၏ အရေးပါမှုကို ပေါ့ပျက်သွားစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ ပို၍ အနှစ်သာရ ပြည့်ဝမှုကို ကြိုးစား၍ ဖော်ထုတ်ခြင်းသာဖြစ်ပါသည်။
တစ်နည်းအားဖြင့် ကျန်တော်တို့က ချင်းအမျိုးသားနေ့ဟု ဆိုရာတွင် နယ်ချဲ့အဂ်လပ်တို့ ကျူးကျော်မှုနှင့် တော်လှန်မှုသမိုင်းကြောင်း ပြန်လည်ဖော်ထုတ်ခြင်း၊ တိုက်သူကြီးစနစ်မကောင်းကြောင်း ထပ်မံဖောက်သည်ချခြင်းနှင့် ဒီမိုကရေစီစနစ်လိုလားသည့် လူမျိုးဖြစ်ကြောင်း ပြောဆိုခြင်းသက်သက်မဟုတ်ဘဲချင်းလူမျိုးများအတွက် ယခုနှင့် နောင်ကာလတွင် ပိုမိုအရေးကြီး၍ အနှစ်သာရရှိသည့် ချင်းအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ချင်းအမျိုးသား စည်းလုံးညီညွတ်မှုကို ပြန်လည်နှလုံးသွန်းပြီး ချင်းအမျိုးသားတည်ဆောက်ရေးတို့ အဓိကထည့်သွင်းသင့်ကြောင်း ထောက်ပြလိုခြင်း သက်သက်ဖြစ်ပါသည်။ ထိုအချက်မီးမောင်းထိုးဖို့ မေ့ပျောက်လေ့ရှိကြသည်ကို စိတ်မကောင်းဖြစ်သောကြောင့်လည်း ဖြစ်သည်။
Salai Ceu Bik Thawng