မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ရဲအရာရှိတစ်ဦးနှင့် စစ်ဗိုလ်တစ်ဦး သေဆုံးပြီး ထိခိုက်သူ ၃ ဦး ရှိခဲ့သည်ဟု သိရသည်။
ယနေ့နံနက် အစောပိုင်း ၄ နာရီဝန်းကျင်ခန့်တွင် KIA နှင့် PDF အဖွဲ့က မော်ဟန်ကျေးရွာဝင်တွင်ရှိသော ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ စုပေါင်းနေထိုင်သည့် တပ်စခန်းကို လက်နက်ကြီးများဖြင့် သွာရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းအရင်းမှ အတည်ပြု ပြောဆိုထား သည်။
“ရဲစခန်းကို သွားသိမ်းတာက မနက်ပိုင်း ၃နာရီလောက်မှာဟုတ်တယ်။ ထိခိုက်မှုက ရဲအရာရှိတစ်ယောက်နဲ့ စစ်ဗိုလ်တစ်ယောက် ၂ ယောက်က အဲ့မှာပွဲချင်းပြီးဆုံးသွားတယ်။ ဒဏ်ရာရတာက ၃ယောက်လောက်ရှိတယ်။ ကျနော်တို့ဘက်ကနေ အရှင်လတ်လတ်ဖမ်းဆီးသွားတာ တွေတော့ မရှိဘူး။ ၅နာရီလောက်မှာ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ပြီး ပြန်လှည့်သွားပြီ” ဟု ပြောဆိုသည်။
KIA နှင့် PDF အဖွဲ့က ရဲစခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စခန်းအတွင်းရှိ လက်နက်ပစ္စည်း အများအပြား သိမ်းယူနိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ၅နာရီဝန်းကျင်ခန့်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်ဟု သူကဆက်ဆိုထားသည်။
ရဲစခန်းတိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သောကြောင့် သေဆုံးသူများ၏ အလောင်းကို သယ်ထုတ်နိုင်ရန် အတွက် မော်ဟန်နာရေးကူညီမှုအသင်းကို ‘အမြန်လိုက်ရမည်။ မလိုက်ရင် နာရေးကားတွေ မီးရှို့ဖျက်ဆီးပေးလိုက်မယ်’ဟု လာရောက်ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း သိရသည်။
ထို့နောက် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် နံနက်ပိုင်း ၇နာရီဝန်းကျင်ခန့်တွင် မိုးညှင်းဘက်မှ တင့်ကားများအပါ စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်က မော်ဟန်ကျေးရွာဘက်သို့ ဆင်းလာခဲ့ပြီး လက်ရှိ ၁၁နာရီဝန်းကျင်ခန့်အထိ ကျေးရွာအတွင်း အပြင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။
ယမန်နေ့ည KIA နှင့် PDF ၏ တိုက်ခိုက်ခဲ့သည့် မော်ဟန် ရဲစခန်းတွင် ရဲနှင့်စစ်သားများ စုပေါင်းနေထိုင်သည့် စခန်းတစ်ခုဖြစ်ပြီး စခန်းအနီး ည ၆နာရီအထက် သွားလာဖြတ်သန်းသူများကို ရိုက်နက်သတ်ဖြတ်မှုများ ပြုလုပ်နေသောကြောင့် KIA နှင့် PDF အဖွဲ့က ယခုလို ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လာခြင်းဖြစ်နိုင်သည်ဟု မော်ဟန်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။
“အဲ့ရဲစခန်းမှာရှိတဲ့ ရဲနဲ့စစ်သားတွေက ညနေ ၆နာရီနောက်ပိုင်း စခန်းနားဖြတ်သွားတဲ့သူတိုင်းကို အချိန်မတော်သွားတယ်ဆိုပြီး တစ်ခါတစ်လေက စစ်တယ်။ တစ်ခါတစ်လေက သေနတ်ပစ်ခြိမ်းခြောက်တာတွေ လုပ်တယ်။ တလောတုန်းကဘဲ ဒီဖော်ဟန်က ဝက်တင်လာတဲ့ ကားတစ်စီးကို တစ်ယောက်ကိုတော့ ပစ်သတ်လိုက်တယ်။ တစ်ယောက် ထိခိုက်သွားတယ်” ဟု ပြောဆိုသည်။
အဆိုပါမော်ဟန်ရဲစခန်းတွင် သွားလာဖြတ်သန်းသည့် အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ပစ်သတ်မှု များရှိခဲ့သောကြောင့် KIA နှင့် PDF အဖွဲ့က မကျေမနပ်မှုကြောင့် စခန်းဝင်ရောက်တိုက်ခိုက်မှုရှိလာခြင်း ဖြစ်ကြောင်းသိရသည်။
ထိုနည်းတူ ဇန်နဝါရီလ ၃ရက်နေ့တွင် KIA နှင့် PDF အဖွဲ့က မော်ဟန်ကျေးရွာ၏ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင် ဖားကန့်မြို့နယ်အတွင်းရှိသော လုံးခင်းအုပ်စု ဂျာရာယန်ကျေးရွာတွင် တပ်ချနေထိုင်သည့် စစ်ကောင်စီတပ်စခန်းကိုလည်း KIA အဖွဲ့က ယနေ့နက်နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၁ရက်နေ့တွင်လည်း တစ်ရက်အတွင်း ပူတာအိုမြို့နယ်အတွင်းရှိ ဆွမ်ပီယန်နှင့် လုန်ရှာယန်ကျေးရွာ အတွင်းရှိသော စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA နှင့် PDF အဖွဲ့က ဝင်ရောက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စခန်းအတွင်းမီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပါသည်။