"ကျွန်တော်တို့အတွက် ပြည်တွင်းမှာရော၊ ပြည်ပအထိပါ အကုန် ဘာမှ မကျန်အောင် ဆုံးရှုံးသွားတယ်လို့ ကျွန်တော်ခံစားရတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းဆိုတာ ဘာမှကို မရှိတာ မကျန်တော့တာပါ"လို့ ကိုအောင်ကိုကိုလတ်က လက်ဖက်ရည်တစ်ငုံသောက်ရင်း ပြောပါတယ်။
အရင်ကဆိုရင် ပြည်တွင်းမှာ အလုပ်လုပ်ဖို့အတွက် သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားပေမယ့် ပညာရေးဆုံးခန်းမတိုင်တဲ့အတွက် ထိုင်းနိုင်ငံ မဟုတ်ရင်တောင် ဂျပန်နိုင်ငံကို သွားနိုင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန် သင်တန်းတက်ဖို့အတွက် ပြင်ဆင်နေရတဲ့အချိန်မှာပဲ နိုင်ငံရေးမတည်ငြိမ်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့အတွက် ရည်မှန်းချက်တွေ ပျောက်ဆုံးသွားခဲ့ရတယ်လို့ ပြောပါတယ်။
ကန့်သတ်ချက်တွေ၊ လူငယ်တွေကို အဓိကထားကာ စစ်ဆေးမေးမြန်းတာတွေ၊ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပိုက်ဆံစုမယ်ဆိုတဲ့ စိတ်ကူးလေး ပျက်စီးခဲ့ရတယ်လို့ လမ်းပေါ်က ဖြတ်သွားဖြတ်လာနေသူတွေကို ကြည့်ရင်း ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ဇန်နဝါရီလကုန်ပိုင်းအထိ ၁၁လကျော် ကာလအတွင်းမှာ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အရေးတွေက တစ်ဖြည်းဖြည်း ဆုံးရှုံးလာရတယ်လို့ မော်လမြိုင်မှ လူငယ်အရေးလှုပ်ရှားကူညီနေသူ တစ်ဦးက ပြောပါတယ်။
"လူငယ်တွေမှာ အခွင့်အရေးက ဘာမှ မရှိတော့ဘူး။ ပြည်တွင်းအလုပ်အကိုင်သာ မကဘူး။ ပြည်ပကို အလုပ်သွားလုပ်မယ်ဆိုရင်တောင် လူငယ်တွေကို အဓိကထား စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတော့ ကျွန်တော်တို့လို နယ်က လူငယ်တွေက အထုတ်အပိုးတွေနဲ့ သွားလာဖို့ဆိုတာ မဝံ့မရဲတွေ ဖြစ်လာတယ်"လို့ ပြောပါတယ်။
နောက်ပြီး မွန် ပြည်နယ်အတွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့အနေအထား မရှိနေဘူးလို့ ပြောပါတယ်။
ပြည်ပနိုင်ငံ ထိုင်းဘက်ကမ်းကို သွားရောက်လုပ်ကိုင်မယ်ဆိုပြန်တော့လည်း လုံခြုံမှု မရှိ၊ အာမခံချက်မရှိ ဖြစ်နေတဲ့အတွက် သွားလာရ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်းက လူငယ်တွေအနေနဲ့ ပြည်နယ်အတွင်းမှာသာမက ပြည်ပမှာလည်း လုံခြုံတဲ့ အနေအထားတစ်ခု မရှိနေတဲ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ပညာရေးပြီးဆုံးခဲ့တဲ့ လူငယ်တွေ၊ ပညာရေးဆုံခန်းမတိုင်တဲ့လူငယ်တွေအတွက်ပါ အလုပ်အကိုင်အခွင့်အရေး ရရှိနိုင်မှသာ လူငယ်တွေရဲ့ စားဝတ်နေရေး ရပ်တည်လာနိုင်မှာ ဖြစ်တယ်လို့ မွန်လူငယ်တစ်ဦးက ပြောပါတယ်။
"အခုက ဘွဲ့ရပြီးတဲ့ လူတွေရော မရေသေးတဲ့ လူတွေရော အလုပ်တစ်ခု ရဖို့က မလွယ်ဘူး။ တစ်ချို့ ပိုက်ဆံရှိတဲ့လူငယ်တွေကျတော့ ဆိုင်လေးတွေ ဖွင့်ကြတယ်။ စုပြီး ဖွင့်ကြတယ်။ အဲလိုမျိုး။ ဒါပေမယ့်လည်း နိုင်ငံရေးက တစ်မျိုး၊ ကိုဗစ်က တစ်မျိုးနဲ့ဆိုတော့ အဆင်ပြေလှတယ်လည်း မဟုတ်ပြန်ဘူးစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေတောင် အခုချိန်မှာ ခက်ခဲနေကြတာလေ"လို့ ပြောပါတယ်။
အခုမှ စတင်ကာ တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့လူငယ်တွေအတွက်လည်း ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေတာ ဖြစ်တယ်၊ လက်ရှိ ၁၁လတာ ကာလအတွင်းမှာတော့ လူငယ်တွေအတွက် စိန်ခေါ်မှုတွေ များတဲ့ အချိန်ကာလတစ်ခု ဖြစ်တယ်လို့ လူငယ်အရေးကူညီ လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။
လူငယ်တွေရဲ့ ဘဝရပ်တည်ရေးတွေ၊ အတွေးအခေါ်တွေ၊ အလုပ်အကိုင်အခွင့်အရေးတွေကို ဆက်လက် ဆုံးရှုံးနေမယ်ဆိုရင်တော့ နိုင်ငံရဲ့ အနာဂတ်အတွက်လည်း ဆုံးရှုံးမှုတွေ စိန်ခေါ်မှုတွေ များလာမှာ ဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။
"ကျွန်တော်တို့အတွက်က အလုပ်အကိုင်အခွင့်အရေးတွေ နိုင်ငံခြားထွက်မယ့် လူငယ်တွေအတွက်လည်း နှစ်နိုင်ငံအစိုးရ ချိတ်ဆက် ခေါ်ဆောင်တာတွေ အဲလိုမျိုးတွေ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ လူငယ်တွေ အနာဂတ်မဲ့တော့မှာတော့ မဟုတ်ဘူး။ လူငယ်တွေရဲ့ အမြင်၊ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ချိူးနှိမ်ထားမယ်။ လက်မခံဘူး။ နားမထောင်ဘူး။နေရာမပေးဘူးဆိုရင်တော့ နောက်ဆုံးကျွန်တော်တို့လုပ်နိုင်တာ လက်နက်ကိုင်တာပဲ ရှိတော့မှာပါ"လို့ သီရီမြိုင်ရပ်ကွက်မှ လူငယ်တစ်ဦးက ဆန်းစစ်ပါတယ်။
လူငယ်တွေရဲ့ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လူငယ်ကဏ္ဍကို သေချာကိုင်တွယ်ပြီး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်တယ်လို့ သူက ဆန္ဒပြုလိုက်ပါတယ်။