၂၀၂၁ ခုနှစ်အတွင်းမှာ ရှမ်းပြည်မှာ ဖြစ်ပွားနေတဲ့ RCSS/SSA နဲ့ SSPP/SSA , TNAL တပ်ပေါင်းစု တိုက်ပွဲတွေကြောင့် နယ်မြေအသီးသီးမှ စစ်ရှောင် စုစုပေါင်း တစ်သောင်းငါးထောင်ရှိနေကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းက ပြုစုထားတဲ့ အချက်အလက်အရ သိရပါတယ်။
ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် လေးထောင်နီးပါး ပြန်တိုးလာခဲ့တယ်လို့ဆိုပါတယ်။
မိုင်းကိုင်မြို့ က ဘုန်းတော်ကြီးကျောင်း (၉) ကျောင်းကို ကျေးရွာအုပ်စု (၅) အုပ်စုမှ ကျေးရွာ (၂၁)ရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
တိမ်းရှောင်နေရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေး စုစုပေါင်း သုံးထောင့်ငါးရာကျော်ရှိနေတာလည်းဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေကတော့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ဖို့အတွက် အနွေးထည် ၊ စောင်တွေ နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေကြောင်း သိရပါတယ်။
ဒါ့အပြင် ကျောက်မဲ -သီပေါမြို့တို့မှာလည်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေပါတယ်။