ဇန်နဝါရီလ ၁၂ရက်နေ့က စစ်ကောင်စီတပ်က တိုက်လေယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း ထိမှန်ကာ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာဆိုရင် ဗုံးကြောင့်တိုက်ခိုက်မှုဖြစ်စေ လက်နက်ကြီးကျည်ကြောင့်ဖြစ်စေ ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အအုံ ၇ လုံး အထိ ရှိနေပြီဖြစ်ပါတယ်။
လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်းမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှု နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သာသနာအအောက်အဦးဝန်း နဲ့ နေအိမ်အချို့ ပျက်စီးခဲ့တာပါ။
ဇန်နဝါရီလ ၆ ရက်နေ့မှစ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်သုံးပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု နဲ့ စစ်ကောင်စီတပ်ရဲ့ ဝင်ရောက် မွှေနှောက်ရှာဖွေမှုကြောင့် မိုင်းလုံးရပ်ကွက်ရှိ ကယားဖူးနှစ်ခြင်းအသင်းတော်များအဖွဲ့ သာသနာနယ်ရုံး နဲ့ မေတ္တာရိပ်မွန် မိဘမဲ့ဂေဟာ၊ နေအိမ်အချို့၊ လူမှုအသင်းအဖွဲ့ရုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေမှုရှိသလို မဿမာသူအချို့လည်း နေအိမ်တွေကို လိုက်လံခိုးယူနေတာရှိတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပြီး တစ်ဖက်မှာလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ပန်ကန်းရပ်ကွက်အပြင် မြို့ပေါ်နေထိုင်ကြတဲ့ ဒေသခံတွေလည်း နေအိမ်ကိုစွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ လက်ရှိကရင်နီပြည်နယ်မှာဆိုရင် မြို့နယ်အသီးသီးက စစ်ရှောင်ပြည်သူလူထုဦးရေဟာ ၁ သိန်း ၇ သောင်းရှိနေပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း လိုအပ်နေဆဲ ဖြစ်ပါတယ်။