ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၅) နယ်မြေ အတွင်းရှိ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးဖြင့် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဗုံးကြဲတိုက်ခဲ့ရာ ဒေသခံပြည်သူ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNLA တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က မဇ္ဈိမကို အတည်ပြုသည်။

ရွှေညောင်ပင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ဗုံးလေးလုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး လူနေအိမ် ငါးလုံး ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း ဆိုသည်။

ဒွယ်လိုးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တပ်မဟာ (၅) မှာ လေယာဉ်ပျံနဲ့ လာပစ်တာ စိပ်လာတယ်လို့ ပြောလို့ရတယ်။ သူတို့ပစ်တဲ့ နေရာတွေကလည်း လူထုနဲ့ ပတ်သက်တဲ့ နေရာတွေဘဲ ဖြစ်နေတယ်။ ညက သူတို့ ရွှေညောင်ပင်ဒေသကို လာပစ်သွားတာ၊ သေတာက တစ်ယောက်၊ ထိခိုက်ဒဏ်ရာရသွားတာ သုံးယောက်ရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ဗုံးထိမှန် ပျက်စီးသွားသည့် အဆောက်အအုံများသည် ကရင်အမျိုးသား အစည်းအရုံး (KNU ) နှင့် သက်ဆိုင်ခြင်း မရှိဘဲ အရပ်သားများ နေထိုင်သည့် လူနေအိမ်များသာဖြစ်ကြောင်း KNU က ပြောဆိုသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်နီးပါး အချိန်ထိ အုပ်ချုပ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပေါ်တွင် နယ်မြေစိုးမိုးမှု ယူထားသည့် KNLA တပ်များ နောက်ဆုတ်သွားစေရန် ရပ်ရွာများကို လေကြောင်းဖြင့် ခြိမ်းခြောက် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က သုံးသပ်သည်။

“သူတို့က လူထုတွေကို လာပစ်သွားတယ်။ သဘောကတော့ လူထုတွေက အမှတ် (၅) တပ်မဟာ တပ်ဖွဲ့တွေကို ဖိအားပေးဖို့ အနေနဲ့လည်း စဉ်းစားချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် သူတို့လာပစ်သွားပြီးပြီး ဆိုတော့ ဒီဘက်ကလည်း ကျေးလက်ဒေသကနေ ပြန်ပြီး နောက်ဆုတ်သွားမှာတော့ မဟုတ်ပါဘူး။ ကိုယ့်နယ် မြေ၊ ကိုယ့်ဒေသကို ထိန်းသိမ်းတဲ့ အနေနဲ့ သူတို့ရဲ့ စစ်အုပ်ချုပ်ရေး လုံးဝ မသက်ရောက်စေဖို့ကတော့ ဒီဘက်က တာဝန်ရှိတဲ့အပေါ်မှာ ပြန်လည် ခုခံတွန်းလှန်ဖို့ကတော့ တစ်စိုက်မတ်မတ် လုပ်သွားမှာပါ” ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်မျက်နှာ ဖွင့်ထားရချိန် မြေပြင်စစ်ကြောင်းများ အထိနာနေသည့်အတွက် လေကြောင်းအားကိုးပြီး ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

 ယင်းအပြင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုး၊ ဝါးခါဒဲနှင့် ထွီသီးအူကျေးရွာများ အနီးသို့ အာဏာသိမ်း စစ်တပ်က ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁ နာရီကျော်က လေယာဉ် သုံးစီးဖြင့် ဗုံးငါးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ လယ်ထူဖိုးတွင် နှစ်လုံးနှင့် ထွီသီးအူကျေးရွာတွင် ဗုံးသုံးလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၅) နှင့် တပ်မဟာ (၆) နယ်မြေအပြင် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နှင့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းဖြင့် အင်အားသုံး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖာပွန်ခရိုင်အောက်ဘက်တွင် စစ်ကြောင်းချီလာသော စစ်ကောင်စီတပ် ယာဉ်တန်းကို KNLA တပ်မဟာ (၅) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစစ်ကား သုံးစီး ထိမှန်ပျက်စီးခဲ့သည်ဟု KNU က ပြောဆိုသည်။

Most read this week

November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် အမ်းမြို့နယ် မဲတောင်ဗျုဟာကုန်းရှိ စစ်လက်နက်ခဲယမ်းများ  ဓါတ်ပုံ-AA Info Desk
November 12, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်...