ကျောက်မဲစျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်

ကျောက်မဲစျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့အတွင်းရှိ ဗဟိုစျေး၊ မင်္ဂလာစျေး၊ ညနေစျေးတို့အား ဒီဇင်ဘာ ၂၂ ရက်မှစပြီး ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။

ကျောက်မဲ ဗဟိုစျေးကို ယခင်က စျေးတောင်ဘက်နှင့် မြောက်ဘက်ကို အလှည့်ကျ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့မှ ပုံမှန်ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။

“စျေးတွေကို ပုံမှန် ပြန်ဖွင့်ပေးတော့ ကောင်းတာပေါ့၊ စျေးရောင်းတဲ့သူတွေအတွက် အားရှိလာတယ်၊ နေ့တိုင်းမဖွင့်ရတော့ စျေးရောင်းသူဘဝက ခက်ခဲတယ်၊ တစ်ရက်ရောင်းမှ တစ်ရက်စားရတဲ့သူတွေ များတယ်၊ ခုလို ပြန်ဖွင့်ပေးတော့ ပိုပြီးအဆင်ပြေတာပေါ့” ဟု ဗဟိုစျေးအတွင်းမှ စျေးရောင်းသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗဟိုစျေးအပြင် မင်္ဂလာစျေးနှင့် ညနေစျေးတို့ကိုလည်း ယခင်အတိုင်း ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစျေးများအတွင်း ဖွင့်လှစ်ရောင်းချသူများ၊‌ စျေးအကူများ၊ ဆိုင်ခန်းပိုင်ရှင်များသည် ကိုဗစ် – ၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံပြီးသူများကိုသာ စျေးရောင်းချခွင့်ပြုကြောင်း စျေးရောင်းသူများထံမှ သိရသည်။

အဆိုပါ စျေးများအားလုံး ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် ကိုဗစ်ကူးစက်မှုကိုလည်း ပိုပြီး သတိထားသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“တော်တော်များများက ကိုဗစ်ကာကွယ်ဆေးတွေ သွားထိုးကြပါတယ်၊ ၂ ကြိမ်ထိုးပြီးတဲ့သူကိုပဲ စျေးရောင်းခွင့်ပြုတာ၊ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီး ကိုဗစ် ကူးတာတွေ ရှိနေသေးတယ်၊ လုံးဝ မကူးတာမဟုတ်ဘူး၊ အဲ့တာကို သတိထားသင့်တယ်၊ မပေါ့ဆသင့်ဘူး” ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ဒီဇင်ဘာ ၂၁ ရက် အထိ ကိုဗစ်ကူးစက်လူနာ (၁၈၈၄) ဦး ရှိပြီး သေဆုံးလူနာ (၁၀၇)ဦးနှင့် လက်ရှိဆေးကုသဆဲ (၃)ဦး ရှိနေကြောင်း သိရသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...