မြန်မာစစ်ဘေးရှောင်များကို ဆက်လက်ကူညီသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

မြန်မာစစ်ဘေးရှောင်များကို ဆက်လက်ကူညီသွားမည်ဟု မီဇိုရမ်ဝန်ကြီးချုပ်ပြော

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံနေကြရသည့် မြန်မာစစ်ဘေးရှောင်ပြည်သူများကိုဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်း ထန်းငါကပြောသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါသည် ဒီဇင်ဘာ ၁၃ ရက်နေ့က သူ၏ရုံးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ် ဦးဆောင်သော မီဇိုရမ်ရောက် မြန်မာလွတ်တော်ကိုယ်စာလှယ်များနှင့် တွေ့ဆုံခဲ့ကြပြီး မြန်မာ့အရေး ပြောဆိုဆွေးနွေးရာတွင် မီဇိုရမ်ဝန်ကြီးချုပ်ကထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မီဇိုရမ်ရောက် စစ်ဘေးရှောင်ပြည်သူတွေကို မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးတယ်။ ဆက်လက်ပြီး ကူညီဆောင်ရွက်ဦးမှာဖြစ်တယ်။ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရကိုလည်း အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီဖြစ်တယ်။ မီဇိုရမ်ရောက် စစ်ဘေးရှောင်တွေ ကူညီထောက်ပံ့မှုလိုအပ်နေတယ်ဆိုတာ အိန္ဒိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးကိုလည်း မကြာသေးခင်ကဘဲ တွေ့ဆုံခဲ့စဉ် ထပ်မှန်တင်ပြခဲ့တယ်” ဟု အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပူးဇိုးရမ်းထန်းငါက ပြောဆိုခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်း ရှိနေစဉ် အခက်အခဲများရှိပါကလည်း အစိုးရအနေ ဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း၊ ကျစ်လစ်ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ကာ အတူတကွလက်တွဲသွားကြရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “တွေ့ဆုံဆွေးနွေးပွဲက အောင်မြင်ပါတယ်။ မီဇိုရမ်အစိုးရဘက်ကလည်း အသင်းအဖွဲ့တခုဖွဲ့စည်းမယ်၊ လွတ်တော်ကိုယ်စားလှယ်ဘက်ကလည်း အသင်းအဖွဲ့ တခုဖွဲ့ စည်းမယ်၊ အဲဒီအသင်းအဖွဲ့နှစ်ခုက မြန်မာနိုင်ငံအရေး သော်လည်းကောင်း မီဇိုရမ်ရောက် စစ်ဘေးရှောင်များအရေး သော်လည်းကောင်း အဓိက လုပ်ဆောင်သွားမယ်” ဟု ပြောသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများ အများစုထွက်ပြေးခိုလုံနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။

ယခုလက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ခန့်ခိုလုံလျှက်ရှိကြပြီး မီဇိုရမ်အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်အဖွဲ့အစည်းများက ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြသည်။

Most read this week

October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...
October 29, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်...