မွန်ပြည်နယ်ရဲ့ ကျောက်သင်ပုန်းဈေးကွက်

မွန်ပြည်နယ်ရဲ့ ကျောက်သင်ပုန်းဈေးကွက်

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသွားတွေ ဝင်ရောက်မှု မရှိတဲ့အတွက် ကျောက်သင်ပုန်းလုပ်ငန်းတွေလည်း တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားခဲ့ရပါတယ်။

ကျောက်သင်ပုန်းလုပ်ငန်းကို မွန်ပြည်နယ် ဘီလူးကျွန်းဒေသ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ အဓိက လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ မုဒွန်းကျေးရွာရဲ့ အဝင်ဆိုင်းဘုတ်ကိုလည်း ကျောက်သင်ပုန်း ပုံစံ ထုလုပ်ထားပြီး မွန်၊ ဗမာ ဘာသာစကား နှစ်မျိုးစလုံးနဲ့ ရေးသားထားပါတယ်။

 ကျောက်တံတွေကိုလည်း အချိုးကျ ချိန်ကိုက်လို့ အကြီးစား ပြုလုပ်ပြီး ကျောက်သင်ပုန်း ဝဲယာကနေ ဒွန်တွဲပြသထားပါတယ်။ ဘီလူးကျွန်းကို တခြားနယ်ကနေ လာရောက်လည်ပတ်နေသူတွေက ဒီ အထိမ်းအမှတ်ပြယုဂ်ကို တလေးတစား တန်ဖိုးထားပြီး မှတ်တမ်းတင်ဓာတ်ပုံတွေနဲ့ ဂုဏ်ယူပြန်ပြကြလေ့ ရှိပါတယ်။

"သံလွင်တံတားကို ကျော်ပြီး ဟင်္သာအဝိုင်းကို ကွေ့ဝိုက်လိုက်တာနဲ့ အဲဒီ အထိမ်းအမှတ် သင်္ကေတကြီးကို တွေ့ရမြင်ရတာ စိတ်ထဲမှာ ကြည်နူးတင့်မောကြရပါတယ်"လို့ ရန်ကုန် မင်္ဂလာဒုံမြို့နယ်ကနေ မကြာခဏ လာရောက်လည်ပတ်ဖူးသူ အငှားယာဉ်မောင်း ကိုလှမြင့်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ကမ္ဘာ့နိုင်ငံ အတော်များများကို လာဘ်တိတ်သွားစေခဲ့တဲ့ အဲဒီ ကိုဗစ် ကပ်ရောဂါရဲ့ ဒဏ်ကို ဘီလူးကျွန်း ချောင်းဆုံမြို့နယ်ဟာလည်း ရင်စည်းခံရပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားတွေကိုသာ အားကိုးနေရတဲ့ မုဒွန်းကျေးရွာအတွက်တော့ ကိုဗစ်ကာလ ကန့်သတ်ချက်တွေက ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။

"ရပ်ထားတာ တစ်နှစ်ကျော်သွားပြီ။ ပြီးခဲ့တဲ့နှစ်က စာသင်ကျောင်းတွေလည်း ပိတ်တယ်။ ခရီးသွား ဝင်ရောက်မှုလည်း မရှိတော့ ကျောက်သင်ပုန်းတွေက မရောင်းရဘူး။ မူလတန်းကျောင်းတွေကို အားကိုး ရောင်းနေရတာပေါ့။ ဒါပေမယ့် အခုက စာသင် ကျောက်သင်ပုန်းတွေက မရောင်းရတော့ဘူး။ အဲဒါက ကျွန်တော်တို့အတွက် အခက်အခဲပဲ"ဟု မုဒွန်းကျေးရွာနေ ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မိုးခိုင်က လက်ရှိအခြေအနေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်မှာလည်း အခြေခံပညာအထက်တန်းအဆင့်ကိုသာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တဲ့အတွက် ကျောက်သင်ပုန်းတွေ အရောင်းမသွက်ခဲ့ အရောင်းထိုင်းခဲ့ပါတယ်။

မုဒွန်းကျေးရွာထုတ် ကျောက်သင်ပုန်း၊ အလှဆင်ကျောက်သင်ပုန်း၊ လက်ဆောင် ကျောက်သင်ပုန်း၊ ပန်းချီပုံ ရေးဆွဲထားတဲ့ ပန်းချီချပ် ကျောက်သင်ပုန်းတွေ၊ ပန်းပု ကျောက်သင်ပုန်းတွေကို ပြည်တွင်း ခရီးသွားတွေသာမက ပြည်ပ ခရီးသွားတွေကပါ နှစ်သက်သဘောကျကြတာ ဖြစ်ပါတယ်။ တမြတ်တနိုး သဘောတကျ လေးစားတန်ဖိုးထားနှစ်ခြိုက်ကြပါတယ်။

‌‌ကိုဗစ် ပထမလှိုင်းစတင်ကတည်းက တစ်နှစ်ကျော်ကြာ ရပ်နားထားရတဲ့အတွက် လုပ်ငန်း ထိခိုက်မှုကတော့ ရာနှုန်းပြည့် ရှိနေတယ်လို့ လုပ်ငန်းရှင် ဦးအောင်မိုးခိုင်က ပြောပါတယ်။

"ထိခိုက်မှုကတော့ အများကြီးပဲ။ ၁၀၀ရာခိုင်နှုန်းလို့ ပြောလို့ရတယ်။ ဈေးကွက်လည်း ပျက်သွားတယ်လေ။ အခြေအနေတွေ အရင်လို တည်ငြိမ်လာရင် ကျွန်တော်တို့ ပြည်နယ်ကို ခရီးသွားလာမှုတွေ ရှိလာမယ်။

ကျွန်တော်တို့တွေလည်း လက်ဆောင်ပစ္စည်းတွေ ရောင်းရမယ်"လို့ ဆိုပါတယ်။

ပွင့်လင်းရာသီ ရောက်လာပြီဖြစ်တဲ့အတွက် ခရီးသွားလာမှု လုပ်ငန်းတွေ စတင်လာနိုင်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည်သည်တွေ ဝင်ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။

ကျောက်သင်ပုန်း ဘောင်ခတ်တဲ့နေရာမှာ လုပ်ကိုင်နေသူ တစ်ဦးကတော့ "အလုပ်တွေက နားထားတာ မဟုတ်ဘဲ ကျွန်တော်တို့ ကျောက်သင်ပုန်း ဈေးကွက်တစ်ခုလုံးက ရပ်သွားတာပါ။ လုံးဝကို ရပ်နားသွားရတဲ့ အခြေအနေဖြစ်သွားတာပါ။ ကျောက်သင်ပုန်းတောင်ကို မှီခိုနေသူတွေ၊ ကျောက်သင်ပုန်းလုပ်ငန်းခွင်က လုပ်သားတွေအားလုံး တော်တော်ခက်ခဲရပါတယ်။ ဒီ ကိုဗစ်ကာလကြီးကြားမှာပေါ့"လို့ ပြောပါတယ်။

ကျောက်သင်ပုန်းလုပ်ငန်းတွေ ရပ်နားထားရတဲ့အတွက် ထိခိုက်နစ်နာသွားတဲ့ မိသားစုဝင်တွေ အများကြီး ရှိလာတယ်လို့ ဆိုပါတယ်။ လုပ်ငန်းခွင် ပြန်မဝင်ရသေးတဲ့အတွက် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ကြုံရာအလုပ်ကို အဆင်ပြေသလို လုပ်ကိုင်နေကြရပါတယ်။

မကြာသေးမီ အောက်တိုဘာလနောက်ပိုင်းမှာတော့ ကျောက်သင်ပုန်းလုပ်ငန်းသူတွေအတွက် ရန်ကုန်အပြင် ထိုင်းနယ်စပ်မြို့ မြဝတီက ဟိုတယ်မှာ အလှဆင်ဖို့ အလှဆင်ကျောက်သင်ပုန်းတွေ မှာယူမှု ရှိလာခဲ့ပါတယ်။ လက်ရှိမှာ ပြည်တွင်းက ဟိုတယ်နဲ့ ဆိုင်တစ်ချို့ကနေ အလှဆင် ကျောက်သင်ပုန်းတွေကို မှာယူမှု အနည်းငယ် ရှိလာတယ်လို့ သိရပါတယ်။

ဈေးကွက်တစ်ခုလုံး ပုံမှန်စည်းချက်အတိုင်း လည်ပတ်နိုင်တဲ့ အနေအထား မရှိသေးပေမဲ့လို့လည်း လုပ်ငန်း ပြန်လည် အစပျိုးဖို့ လမ်းစ တစ်ခု ရှိလာတာ ဖြစ်တယ်လို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

"အခုတော့ ရန်ကုန်က အော်ဒါ နည်းနည်းရထားတယ်။ ဟိုတယ်မှာ အလှဆင်ဖို့ပေါ့။ မင်္ဂလာဆိုတဲ့ စာလုံးအလှဆင် ကျောက်သင်ပုန်းတွေရယ်၊ နောက် ပန်းချီဆွဲထားတဲ့ ကျောက်သင်ပုန်းတွေရယ်ပေါ့။ ဒါလည်း ကျွန်တော်တို့အတွက် ဝမ်းသာစရာပါပဲ"ဆိုပြီး ပြောပါတယ်။

လုံးဝ ရပ်နားထားရတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် စိတ်ကူးအသစ်အသစ်တွေနဲ့ ကျောက်သင်ပုန်းဈေးကွက် ပြန်လည်ထိုးဖောက်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဈေးကွက်အနေအထား ပြန်လည် ဦးမော့လာချိန်မှာ သူတို့အတွက် ပုံမှန်အခြေအနေဟာ မလွဲမသွေ ဆိုက်ရောက်လာမှာလည်း ဖြစ်ပါတယ်။

ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေပေမယ့် ကျောက်သင်ပုန်းပေါ်ကနေ လူတွေကို ဆွဲဆောင်နိုင်တဲ့ စိတ်ကူးအသစ်တွေနဲ့ မွန်ပြည်နယ်၊ မုဒွန်းကျေးရွာ ကျောက်သင်ပုန်းတွေ ပြန်လည် ဈေးကွက်ဝင်လာဖို့ ဆောင်ရွက်နေကြပါတယ်။

မုဒွန်းက ကျောက်သင်ပုန်းဈေးကွက်ကို ပြန်လည် ဦးမော့လာဖို့ မျှော်လင့်ထားတဲ့အပြင် ဘီလူးကျွန်း တစ်ကျွန်းတည်းစံ ရွာလွတ်က ဆေးတံတွေလည်း အလားတူ သက်ဝင်လာဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

ကိုဗစ်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားတစ်ခု၊ ကိုဗစ်လျော့ကျသွားတဲ့ အနေအထား တစ်ခု ရောက်လာခဲ့ရင် ကျောက်သင်ပုန်းဈေးကွက် ပြည်တွင်း ပြည်ပကို ပြန်လည် ထိုးဖောက်နိုင်ဖို့မျှော်လင့်နေတယ်လို့ ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

"သဘာဝသယံဇာတရဲ့ လက်ဆောင်မွန်ဖြစ်တဲ့ မွန်ပြည်နယ်ရဲ့ ကျောက်သင်ပုန်းလုပ်ငန်း အရင်လို ပြန်လည်ပတ်နိုင်ဖို့ စိတ်အားတင်းထားတယ်"ဟူ၍။

လှိုင်ထိုက်ထိုက် ရေးသားသည်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...