ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစတင်ခဲ့သော မြန်မာ့အရေးအကြပ်အတည်းများအောက် လူအသေ အပျောက်များခဲ့ပြီး ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာကြခြင်းမရှိသေးပေ။ မြန်မာစစ်တပ်က အရပ်သားပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြမှုများကို လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲတခုဖြစ်တိုင်း မျက်ခုံးအလှုပ်ရဆုံးက အိမ်နီးချင်းတရုတ်နိုင်ငံဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံတွင်းမှာ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများရှိနေပြီး အဓိကရင်းနှီးမြှုပ်နှံသူဖြစ်သောကြောင့် ဖြစ်လေ သည်။
မြန်မာ့အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အစပိုင်းတွင်တရုတ်က တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဖာသိဖာသာနေခဲ့သော် လည်း ယခုတော့ဗြောင်ကျကျပင် စစ်တပ်နှင့်ဆက်ဆံလာသည်။ တရုတ်တို့အတွက်အရေးကြီးသည်က ကိုယ် ကျိုးစီးပွားသာဖြစ်သည်။ အရင်အချိန်ကလည်း မြန်မာစစ်အာဏာရှင်များနှင့် ဆက်ဆံလာခဲ့ဖူးပြီးသား ဖြစ်သဖြင့် နောက်ထပ်ပြန်ဆက်ဆံဖို့ တရုတ်အတွက်အခက်အခဲရှိလိမ့်မည်မဟုတ်။ ထို့ကြောင့်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း BRI စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လာသည်ကို တွေ့ရမည်။ တရုတ် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်နေသော်လည်း ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို နှောင့်ယှက်ခြင်း မှ ကာကွယ်နိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့သော မတ်လ ၁၄ ရက်က လှိုင်သာယာရှိတရုတ်အထည်ချုပ်စက်ရုံ တိုက်ခိုက်ခံခဲ့ရလေသည်။ ထို့ကြောင့် လည်း မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကိုကာကွယ်ပေးရန် မြန်မာစစ်တပ်အား ဘေကျင်းမှ ဖိအားပေး လျက်ရှိသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများရင်ဆိုင်နေရသောအန္တရာယ်များနှင့်ပတ်သက်၍ စစ်အာဏာ သိမ်းမှုကို တရုတ်ကစိတ်ပျက်နေပုံပေါပြီး တရုတ် – မြန်မာ ဆက်ဆံရေးအတွက် အဓိကစမ်းသပ်မှုတခုဖြစ်လာ ကြောင်း အချက်အလက်များကညွှန်ပြနေသည်။
တရုတ်–မြန်မာ ဆက်ဆံရေးအတွက် အဓိကကျသော တရုတ်ရင်းနှီးမြှုပ်နှံမှုများ
သံတမန်ဆက်ဆံရေးအတိတ်သမိုင်းကိုပြန်ကြည့်မည်ဆိုပါက တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်၏အရပ်ဘက် အစိုးရ နှင့် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးကာလ နှစ်မျိုးစလုံးတွင် ရင်းနှီးသောဆက်ဆံရေးရှိခဲ့သည်ကိုတွေ့ရမည်။ ရိုဟင်ဂျာပဋိပက္ခကာလအတွင်း နိုင်ငံတကာဖိအားများ မြန်မာနိုင်ငံပေါ်စုပြုံကျရောက်ခဲ့သည်။ ထိုကာလများတုန်း ကတော့ ကုလသမဂ္ဂတွင်ဗီတိုအာဏာပိုင်ဆိုင်ထားသောတရုတ်နိုင်ငံက မြန်မာဘက်မှကာကွယ်ပေးခဲ့ပြီး နိုင်ငံ တကာပိတ်ဆို့အရေးယူမှုများမှ မြန်မာနိုင်ငံကိုကယ်တင်ခဲ့ဖူးလေသည်။ ထို့အတွက်ကြောင့် နိုင်ငံတကာဖိအားများ တရုတ်ပေါ်ကျရောက်ခဲ့သည်။
တရုတ်နိုင်ငံ၏ခြေလှမ်းကိုချဲ့ထွင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင်းမှ BRI စီမံကိန်းများကအရေးကြီးပြီး တရုတ်က ရည်မှန်းချက်ကြီးကြီးထားနေသည်။ ၂၀၁၇ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သော တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC)အတွက် တရုတ်ကပုံအောထားခဲ့ပြီးဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှေးကွေးနေသော်လည်း တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ၏ အခြေခံအဆောက်အဦ ဆိုင်ရာ စီမံကိန်း များစွာကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသည်။ ၎င်းစီမံကိန်းများသည် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်သို့ အိန္ဒိ ယသမုဒ္ဒရာကိုဖြတ်ပြီး သဘာဝဓာတ်ငွေ့သယ်ယူရန်အတွက် မဟာဗျူဟာကျကျ ဆက်သွယ် ပေးထားသော အခြေခံ အဆောက်အဦဆိုင်ရာစီမံကိန်းများ ဖြစ်ကြသည်။
၂၀၂၀ ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည်။ အဆိုပါခရီးစဥ် အတွင်း တရုတ် – မြန်မာ သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် နှစ်ဘက်စလုံးမှ တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး နောက်ထပ် သဘောတူညီချက် ၃၃ ချက်ကို နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ကိုဗစ်အကြပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲများရှိခဲ့သော်လည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန် နှင့် ရန်ကုန်မြို့သစ်စီမံကိန်းအပါအဝင် တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် တရုတ်နိုင်ငံကမြန်မာနိုင်ငံကို ဆက်လက်ဖိအားပေးလျက်ရှိနေသည်။ အမှန်စင်စစ်တော့ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူမှာ စင်ကာပူ ပြီးလျှင် တရုတ်နိုင်ငံဖြစ်သည်။
( ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထိပ်ဆုံးနိုင်ငံများကို အောက်တွင်ဖော်ပြ ထားသောဇယားတွင်လေ့လာနိုင်ပါသည်)
ယေဘူယျအားဖြင့် ဘေကျင်းသည်မြန်မာနိုင်ငံတွင်းက ၎င်းတို့၏စွမ်းအင်လုံခြုံရေး ၊ ကုန်သွယ်ရေး နှင့် တည်ငြိမ် ရေးများအတွက် ထောက်ပံ့ရန်မျှော်လင့်ထားသည်။ အိမ်နီးချင်းနိုင်ငံ၏ လူမှုရေးမတည်ငြိမ်မှု နှင့် လုံခြုံရေးခြိမ်း ခြောက်မှုများက စီးပွားရေးနှောင့်နှေးမှုများဖြစ်ပေါ်စေနိုင်ကြောင်း နှင့် ယူနန်ကဲ့သို့သော နယ်စပ်တရုတ်ပြည်နယ် များ၏ နိုင်ငံရေးတည်ငြိမ်မှုကိုခြိမ်းခြောက်လာနိုင်သည်ဟု တရုတ်တို့သဘောပေါက်ထားသည်။
အာဏာသိမ်းပြီးနောက် တရုတ် – မြန်မာဆက်ဆံရေးတွင် စောင့်ကြည့်ရမည့်အချက် ၄ ချက်
မြန်မာနိုင်ငံအာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မီးစင်ကြည့်ကမည့်ပေါ်လစီကိုင်စွဲထားပြီး ပြည်တွင်း တည်ငြိမ်ရေးကိုဦးစားပေးကြောင်း နှင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးကိစ္စဖြစ်ကြောင်း အလေးပေးပြောကြားထား သည်။ ဘေကျင်းအတွက်ကတော့ မြန်မာနိုင်ငံမှာမည်သူအုပ်ချုပ်အုပ်ချုပ်အရေးမကြီး။ မြန်မာနိုင်ငံတွင် အာဏာရ ရှိထားသူက တရုတ်ဩဇာကိုမဆန့်ကျင်သရွေ့ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မည်မဟုတ်။ မတ်လ ကဖြစ်ပွားခဲ့သော စက်ရုံတိုက်ခိုက်မှုအပြီးမှာတော့ ဘေကျင်းကစစ်အာဏာရှင်များကိုလက်ခံကြောင်း ဖော်ပြခဲ့ သည်။ ၎င်းက တရုတ်တို့၏အမြင်အာရုံကိုကွယ်နေသော နိုင်ငံရေး ဖုန်မှုန့်များကင်းရှင်းပြီ ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်မာ နိုင်ငံမှ ယုံကြည်စိတ်ချရသောလက်တွဲဖော်ပါတနာကိုရှာဖွေတွေ့ရှိဖို့ ဘေကျင်းက မျှော်လင့်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ လာမည့် တနှစ် နှစ်နှစ်အတွင်း တရုတ် – မြန်မာ ဆက်ဆံရေးကို ခန့်မှန်းနိုင်ရန်အတွက် ရင်းနှီး မြှုပ်နှံသူများအလေးအနက်ထားသင့်သော အချက် ၄ ချက် ရှိနေသည်။
(၁) ဘေကျင်း၏အကျိုးစီးပွား
မြန်မာစစ်အာဏာရှင်များကိုထောက်ခံကြောင်း တရုတ်၏သဘောထားက ဖုံးကွယ်ထား၍မရ။ ထို့ပြင် ပြည်တွင်း တည်ငြိမ်ရေးကို အခြားအရာများထက်ပိုပြီးဦးစားပေးလုပ်ဆောင်ရမည်မှန်း တရုတ်တို့သဘောပေါက်ထားကြ သည့်အပြင် စစ်အာဏာသိမ်းမှုက တရုတ်စီမံကိန်းများကိုတိုက်ရိုက်အန္တရာယ်ဖြစ်စေနိုင်ပြီး ဘေကျင်း၏ နိုင်ငံ တွင်း အကျိုးစီးပွားများကို ခြိမ်းခြောက်လျက်ကြောင်းလည်း သဘောပေါက်ထားကြပါသည်။
မြန်မာနိုင်ငံတွင်းမှတရုတ်ကုမ္ပဏီများက မရှိမဖြစ်လိုအပ်သောဝန်ထမ်းများမှလွဲပြီး ကျန်ဝန်ထမ်းများကို လုပ်ငန်း ခွင်မှထုတ်ပယ်လျက်ရှိကြောင်း သတင်းများလည်းထွက်ပေါ်လျက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်ကအတည်ပြုထားသော တရုတ်စီမံကိန်းများနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များက ယခင် ခေါင်းဆောင်များ၏ဂုဏ်သိက္ခာကိုထိန်းသိမ်းမည်လား သို့မဟုတ် ပြန်လည်ညှိနှိုင်းမည်လား ဆိုသည်ကို တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။
(၂) တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးမားလာခြင်း
မြန်မာနိုင်ငံတွင်းမှသယံဇာတများကို မတရားထုတ်ယူခြင်းမှစပြီး တိုင်းရင်းသားလူနည်းစုပြဿနာများနှင့် ထောက်လှမ်းရေးနည်းပညာများတင်သွင်းခြင်းအထိ အငြင်းပွားဖွယ်တရုတ်တို့၏အပြုအမူနှင့်ပတ်သက်ပြီး မြန်မာ လူထုကသတိထားနေခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ပြည်တွင်းမငြိမ်သက်မှုများအပေါ် ဆိုရှယ်မီဒီယာများ၏ မီးထိုးခံရမှုကြောင့်လည်း တရုတ်ဆန့်ကျင်မှုကပိုပြီးမြှင့်လာခဲ့သည်။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ကြီးထွား လာခြင်းကို တရုတ် – မြန်မာဆက်ဆံရေးတွင် အကျိုးဆက်အနေဖြင့်မီးမောင်းထိုးပြစရာပွိုင့် ဖြစ်လာနိုင်စရာ ရှိပါသည်။
ဥပမာအားဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများပိုမိုများပြားလာချိန်တွင် မကြာသေးခင်ကဖြစ်ပွားခဲ့သော စက်ရုံ တိုက်ခိုက်ခံရမှုများက ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများက ဗဟိုချက်ဖြစ်လာ ကြောင်း ဖော်ပြနေပြီး ဘေကျင်း နှင့် စစ်တပ်အကြားဆက်ဆံရေး ပိုမိုတင်းမာလာစေသည်။
(၃) တရုတ်ဩဇာလွှမ်းမိုးမှုလျှော့ချရန် မြန်မာတို့၏ကြိုးပမ်းမှု
နိုင်ငံတော်အာဏာကိုမတရားသိမ်းယူထားသောစစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင်းမှ တရုတ်တို့ဩဇာလွှမ်းမိုးမှုကို သတိပြုမိပါသည်။ ထို့ကြောင့်လည်း တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကင်းကွာစေရန်နည်းလမ်းအဖြစ် အနောက်နိုင်ငံ များနှင့် ဆက်ဆံရေးပြန်လည်ပြုပြင်ရန် နိုင်ငံခြားလော်ဘီတယောက်ငှားရမ်းစေလွှတ်ခဲ့ကြောင်း အစီရင်ခံစာများ တွင်ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေဖြင့် တရုတ်အပေါ်အလွန်အမင်းမှီခိုမှုကိုသတိထားနေ ခဲ့ပြီး မဟာဗျူဟာမြောက်ပူးပေါင်းမှုအဖြစ် အိန္ဒိယနှင့်ဆက်သွယ်ကာ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည် စိစစ်ခြင်းဖြင့် တရုတ်ဩဇာလွှမ်းမိုးမှုပျက်ပြားစေရန် ကြိုးပမ်းခဲ့လေသည်။ တရုတ်နိုင်ငံ၏ ကြီးမား သော ရင်းနှီးမြှုပ်နှံမှုများကိုသတိကြီးစွာထားပြီး ငွေကြေးဆိုင်ရာအလွန်အမင်းအားကိုးမှုကို ရှောင်ရှားနိုင်ရန် လည်း ကြိုးပမ်းခဲ့ဖူးသည်။
(၄) ပထဝီနိုင်ငံရေးအပြောင်းအလဲ
မြန်မာ့အာဏာသိမ်းမှုကိုတုန့်ပြန်သောအားဖြင့် စီးပွားရေးအရေးယူပိတ်ဆို့မှုများဆောင်ရွက်ခဲ့သော အနောက် နည်းလမ်းက မြန်မာကိုတရုတ်နှင့်ပိုမိုနီးကပ်စေနိုင်ပါသည်။ မြန်မာနိုင်ငံကို လက်နက်အများဆုံး တင်ပို့သော ရုရှား နိုင်ငံက စစ်ခေါင်းဆောင်များကိုထောက်ခံကြောင်း ပြသခဲ့သည်။ မြန်မာကိုအရေးယူပိတ်ဆို့မှုများပြုလုပ်တိုင်း တရုတ်နှင့် ရုရှားတို့ကဆက်လက်ကာကွယ်ထားသော်လည်း မြန်မာစစ်တပ်က၎င်းတို့အပေါ် အလွန်အမင်းမှီခို နေရမှုနှင့် ပတ်သက်ပြီး မြန်မာစစ်တပ်ကလည်း သတိကြီးစွာထားနေပါသည်။ အရှေ့တောင်အာရှဒေသကို ထရမ့်လက်ထက်က ထက်ပို၍ ဘိုင်ဒန်အစိုးရကအလေးထားလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းက တရုတ် နှင့် ရုရှားထံမှရှောင်ရှားနိုင်ရန် မြန်မာအတွက် အနည်းငယ်သောအခွင့် အလမ်းဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေးမှာ အဓိကအန္တရာယ်က ဘာလဲ. . . ?
နိုင်ငံရေးမတည်ငြိမ်မှုက နှစ်နိုင်ငံဆက်ဆံရေးတွင် အဓိကအန္တရာယ်အဖြစ်ရှိနေပါသေးသည်။ နိုင်ငံရေးမတည်ငြိမ် မှုက စီးပွားရေးတွင်အနှောင့်အယှက်ဖြစ်စေသော်လည်း မြန်မာနိုင်ငံ၏စွမ်းအင် ၊ သတ္တုတွင်း နှင့် အခြေခံ အဆောက်အဦကဏ္ဍများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရေရှည်တည်မြဲနေမည်လည်း ဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုများ ပြေလျော့သွားသောအခါမှာတော့ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ၎င်းတို့၏ စီးပွားရေး ပတ်လမ်းတွင် ပေါင်းစည်းဖို့ကြိုးပမ်းမှုများ ပြန်လည်စတင်မည်ဟုမျှော်လင့်ရသည်။
သို့သော်လည်း မြန်မာနိုင်ငံမှာဖြစ်ပွားနေသော လက်နက်ကိုင်တော်လှန်ရေးများက တရုတ် – မြန်မာဆက်ဆံရေး တွင် မသေချာမရေရာမှုများ နှင့် အငြင်းပွားမှုများကို ဆက်လက်လောင်ကျွမ်းစေလိမ့်မည်။ မြန်မာစစ်တပ်က ဖိနှိပ် မှုများတိုးချဲ့လာနေသည့်အတွက် ပြည်တွင်းငြိမ်းချမ်းမှုအဆုံးသတ်ကို မမြင်ရနိုင်သေးပေ။
အာဏာမသိမ်းမီခန့်မှန်းချက်များအရ မြန်မာနိုင်ငံသည် လာမည့် ၂ နှစ်အတွင်း ကြီးမားလွန်ကဲသောအန္တရာယ် အမျိုးအစားတွင် ကျရောက်မည့်အခြေအနေမှာရှိနေသည် ဟု သတ်မှတ်ခံထားရပြီး အာဏာသိမ်းပြီးနောက်မှာ တော့ ထပ်မံမြှင့်တက်လာဖို့သာရှိတော့သည်ဟု မျှော်လင့်ထားရပေတော့မည်။
ကြည်ဖြူစံ
Kaho Yu ရေးသားသော “China’s pragmatic Myanmar policy under fire” ကို ဆီလျော်အောင်ရေးသားသည်။